Thitsar

 
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
Other things
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.
သစ္စာတော်လှန်ရေးစာပေမဂ္ဂဇင်း၏ ခရီးလမ်း
Monday, August 6, 2007
သစ္စာ၏သမိုင်းကို ဘာကြောင့်ခြေရာကောက်ရပြန်တာလဲ။ အကြောင်းရင်း ၂ ချက်ကြောင့်ဖြစ်သည်။ ပထမ အချက်က သစ္စာအင်အားစု၊ သစ္စာထုတ်ဝေသူလူသစ်များသည် သစ္စာ၏ခရီးအစကို မျက်ခြေပြတ် နေခဲ့သောကြောင့်ဖြစ်သည်။ သူတို့သိရှိနားလည်ဖို့လိုသည်။ သစ္စာခရီးတ၀က်က လိုက်လာခဲ့ကြသည့် စာဖတ်ပရိတ်သတ်နှင့် တော်လှန်ရေးအင်အားစုကိုလည်း သစ္စာ၏သမိုင်းကို သိရှိစေလိုသည်။ ဒါမှ သစ္စာဘာလဲ၊ ဘယ်လဲဆိုသည်ကို ရှင်းရှင်းလင်းလင်းသိမြင်မှာဖြစ်သည်။ ဒုတိယအချက်က သစ္စာတော်လှန်ရေးမဂ္ဂဇင်းအမှတ် ၁ သည် ရှားပါးမဂ္ဂဇင်းဖြစ်နေပြီ။ ထုတ်လုပ်မှုကော၊ ဖြန့်ဖြူးရေးအပိုင်းကိုပါ အခက်အခဲကြီးမားမှုက အဟန့်အတားများဖြစ်စေခဲ့သည်။ ထို့ကြောင့် သစ္စာတော်လှန်ရေးအမှတ် ၁ သည် ပျံ့နှံ့သင့်သလောက် မပျံ့နှံ့ခဲ့။ အရေအတွက်နည်းနည်းနှင့်ရောက်လာခဲ့သည့်အတွက် ယ္ခုအခါ ရှာ၍ပင်မရတော့။ ထို့ကြောင့် သစ္စာတော်လှန်ရေး စာပေမဂ္ဂဇင်းအမှတ် ၁ တွင် ဖော်ပြခဲ့သည့် သစ္စာ၏သမိုင်းအစ “ နှုတ်ခွန်းဆက်နိဒါန်း” တစိတ်တပိုင်းကို ပြန်ဖော်ရခြင်းဖြစ်သည်။

နှူတ်ခွန်းဆက်နိဒါန်း

(၁)

သစ္စာစတင်ထုတ်ဝေခဲ့စဉ်က ၁၉၉၁ သြဂုတ်၊ စက်တင်ဘာလ ယ္ခုသစ္စာကိုပြန်ထုတ်ဝေ သည်မှာ ၂၀၀၄ မေလ။ ၁၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း ကျန်ရစ်ခဲ့ပြီဖြစ်သည့် ၉၁ ကို ပို၍ပင် ပြန်လည်တမ်းတ သတိရစေခဲ့သည်။ သစ္စာကိုဘာကြောင့်ပြန်လည် ထုတ်ဝေရသလဲ။ တော် လှန်ရေးရဲဘော်များနှင့်စာဖတ်သူတို့အား ၉၁ သို့ အမှတ်အရ ရေးသားတင်ပြလိုက်ပါသည်။

လွတ်မြောက်ဒေသ တော်လှန်ရေးဗဟိုချက်မမာနယ်ပလောတွင် “စာပေနှင့်အနုပညာ ရှင်များကလပ်” ကို ၁၉၉၁၊ ဖေဖေါ်ဝါရီ၊ ၂၈ တွင် ဖွဲ့စည်းခဲ့ကြသည်။ လွတ်မြောက်နယ်မြေသို့ ရောက်လာခဲ့ကြသည့် အနုပညာရှင်များ၏ စုစည်းမှု၊ တော်လှန်သည့် နိုင်ငံရေးအတွေးအခေါ်စု စည်းမှု၊ တော်လှန်ရေးအနုပညာစုစည်းမှုလည်း ဖြစ်သည်။ အမျိုးသားညွန့်ပေါင်းအစိုးရ ဖွဲ့စည်း ထူထောင်ပြီးစကာလ မရှေးမနှောင်းမှာပင် “စာပေနှင့်အနုပညာရှင်များကလပ်” ကို အမျိုးသား ညွန့်ပေါင်းအစိုးရ ပြန်ကြားရေးဋ္ဌာန ၀န်ကြီးဦးလှဖေ(ကွယ်လွန်)နှင့်လွတ်မြောက်နယ်မြေဒေသ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD_LA တို့ ကမကထပြုပြီး ဦးဆောင်ကာ ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။ထိုနေ့က KNU အစည်းအဝေးခန်းမကြီးတွင် ဖွဲ့စည်းထူထောင်လိုက်ကြစဉ် အမျိုး သားညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ်ဒေါက်တာ စိန်ဝင်း၊ ပြန်ကြားရေး ၀န်ကြီးဦးလှဖေ၊ NLD_LA ဥက္ကဋ္ဌ ဦးဝင်းခက်၊ KNU ဒုတိယ ဥက္ကဋ္ဌ ဖဒိုစောသန်းအောင်တို့က အမှာစကားပြောကြသည်။ အပြန်အလှန်ဆွေးနွေးနှီးနှောကြ၊ လွတ်လပ်စွာတွေးတော၊ လွတ်လပ်စွာရေးသားထုတ်ဝေ၊ လွတ်လပ်စွာ အနုပညာ ဖန်တီးဆန်းသစ် လွတ်လပ်ရေးအသံသည် အစည်းအဝေးခန်းမထဲ တွင် ဂယက်ထ ဟိန်းစည်နေလေတော့သည်။ ပြီးတော့ ပြည်တွင်း၌ ဒီမိုကရေစီလုံးဝ ဆိတ် သုဉ်းနေစဉ် လှုပ်ရှားရုန်းကန်နေကြသည့် ကဗျာဆရာ၊ စာရေးဆရာ၊ အနုပညာရှင်တို့အတွက် လူထုလွတ်မြောက်ရေးအတွက် အဆပေါင်းများစွာ အလုပ်လုပ်ကြရန်၊ ထိုကြွေးကြော်သံက လည်း ရိုက်ခတ်ပဲ့တင်ထပ်နေခဲ့လေသည်။ သဘင်အနုပညာရှင်ကော်မတီ၊ ဂီတအနုပညာရှင် ကော်မတီ၊ ပန်းချီပန်းပုအနုပညာရှင်ကော်မတီ၊ စာပေအနုပညာရှင်ကော်မတီ၊ သတင်းနှင့်မှတ် တမ်းအနုပညာရှင်ကော်မတီ။ ထိုကော်မတီ ငါးခုကိုအခြေခံကာ “စာပေနှင့်အနုပညာရှင်များ ကလပ်”ကို ဖွဲ့စည်းခဲ့သည်။ နာယကအဖွဲ့၊ အမှုဆောင်အဖွဲ့နှစ်ဖွဲ့ထားရှိသည်။ အကျိုးဆောင် ကော်မတီတွင် ဥက္ကဋ္ဌ ဦးဝင်းခက်၊ ဒု- ဥက္ကဋ္ဌ နိုင်ဝင်းဆွေ၊ အထွေထွေ အတွင်းရေးမှူးချုပ် မောင်စိုးချိန်။ ဆရာမောင်စင်ကြယ် မာနယ်ပလောသို့ရောက်လာသောအခါ ဒု-ဥက္ကဋ္ဌ ၁ မှာ မောင်စင်ကြယ်၊ ဒု-ဥက္ကဋ္ဌ ၂ က နိုင်ဝင်းဆွေ။

“စာပေနှင့်အနုပညာရှင်များကလပ်”ကို ဖွဲ့စည်းပြီးသည်နှင့် စာပေအနုပညာရှင်ကော်မ တီ ‘သစ္စာရီဗျူး’ ကို ထုတ်ဝေရန် ကြိုးပမ်းခဲ့ကြသည်။ ကော်မတီအသီးသီးတွင် တိုင်းရင်းသား အနုပညာရှင်များပါဝင်ခဲ့ကြသည်။ စာပေကလပ် (စာပေအနုပညာရှင်များ ကော်မတီ) နှင့်သစ္စာ ရီဗျူးမဂ္ဂဇင်းတွင် KNU မှ ကရင်အမျိုးသားကဗျာဆရာများ ပါဝင်ဆုဆောင်းမိခဲ့ကြသည်။ ဖားလီး ကလိုး၊ ပန်းခက်၊ ဆူးနှင်းဆီတို့သည် ကရင်အမျိုးသားကဗျာဆရာ စာရေးဆရာများဖြစ်ကြ သည်။

(၂)

စာပေကလပ်က ထုတ်ဝေသည့် သစ္စာရီဗျူး၏ အဓိကဦးတည်ချက်မှာ ဖက်ဆစ်အာ ဏာရှင်စနစ်ကို ချေမှုန်းသုတ်သင်မည့် အမျိုးသားပြည်သူတရပ်လုံး ဖက်ဆစ်အောက်မှ ရုန်း ထွက်လွတ်မြောက်စေမည့်တော်လှန်ရေးကို အားဖြည့်ထောက်ကူရန်ဖြစ်သည်။ ရဲရဲကြည့်၊ ရဲရဲ မြင်၊ ရဲရဲတွေး၊ ရဲရဲရေးကာ တော်လှန်ရေးစာပေကိုသာ ရွေးချယ်ရန်ဖြစ်သည်။ အချောင်သမား ၀ါဒ စာပေကိုရွေးချယ်ရန်မဟုတ်။ တော်လှန်ရေးနယ်ပယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့အ စည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများအချင်းချင်းကြားတွင် သွေးစည်းညီညွတ်မှု ပျက်ပြားနိုင် သည့်အမှုကို မရွေးချယ်ရန်။ ထို့ပြင် သစ္စာရီဗျူးကိုထုတ်ဝေသည့် စာပေကလပ်သည် လူထု လမ်းစဉ်ကိုကျင့်သုံးမည်။

စာပေကလပ်နှင့် သစ္စာရီဗျူး၏ မူဝါဒသဘောထားတစုံလုံးကို ခြုံငုံဖော်ပြရလျှင် ထိုအချက်များကို တွေ့ရမှာဖြစ်သည်။ သစ္စာရီဗျူးမဂ္ဂဇင်းတွင် “သုံးသပ်အမြင်ကဏ္ဌ”ကို ဖွင့် လှစ်ထားပေရာ တော်လှန်ရေးအဖွဲ့အစည်းများကြားတွင် ညီညွတ်မှုကို အဟန့်အတားမပြု နိုင်ရန် စည်းမျဉ်းဆန်ဆန်ကန့်သတ်ထားရသည်။ သုံးသပ်အမြင်ကို မည်သူမဆိုရေးသားတင်ပြ နိုင်သည်။ တော်လှန်ရေးကို ရှေးရှုရမည်။ ဓမ္မဓိဠာန်ကျရလိမ့်မည်ဟု အယ်ဒီတာအဖွဲ့က ဖွင့်ဆိုထားသည်။

(၃)

စာပေကလပ်အစည်းအဝေးမှ တင်မြှောက်ခန့်အပ်သည့် အယ်ဒီတာအဖွဲ့ကို သစ္စာရီ ဗျူး မဂ္ဂဇင်းထုတ်ဝေရန် တာဝန်ပေးအပ်လိုက်သည်။ တာဝန်ခံအယ်ဒီတာက မောင်စိုးချိန်။ အဖွဲ့ဝင်အယ်ဒီတာများမှာ နိုင်ဝင်းဆွေ၊ ပန်းခက်၊ စွမ်းမြိုင်၊ ဆူးနှင်းဆီ၊ တိုက်အောင်တို့ဖြစ် သည်။ မဂ္ဂဇင်းအမှတ် ၁ တွင် ထိုစာရင်းအတိုင်းဖော်ပြထားသည်။ မဂ္ဂဇင်းအမှတ် ၂ မှ စ၍ တာဝန်ခံအယ်ဒီတာမထားတော့ပဲ အယ်ဒီတာအဖွဲ့ကိုသာ ထားရှိသည်။ အယ်ဒီတာအဖွဲ့တွင် နိုင်ဝင်းဆွေ၊ မောင်စိုးချိန်၊ စွမ်းမြိုင်၊ ဒေါင်းနီ၊ ဆူးနှင်းဆီ၊ ပန်းခက်၊ တိုက်အောင်တို့ ဖြစ်သည်။

ပထမဆုံးအကြိမ်မဂ္ဂဇင်းထုတ်ဝေစဉ်က တာဝန်ခံအယ်ဒီတာနှင့် အဖွဲ့ဝင်အယ်ဒီတာ များကိုသာ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့၍ မောင်စိုးချိန်နှင့်နိုင်ဝင်းဆွေတို့ စာအုပ်ပုံနှိပ်ထုတ်ဝေရန် မဲဆောက်သို့တက်လာခဲ့ကြသော်လည်း လက်ထဲတွင် စာမူတွေပဲ ပါလာသည်။ ငွေကြေးပါမ လာ။ ကွန်ပျူတာမရှိ။ လက်နှိပ်စက်လည်းမရှိ။ မဲဆောက်ရောက်မှ လက်နှိပ်စက်ရှာရ၊ ငွေရှာရ သည်။ ရှာရင်း ဖွေရင်း စုဆောင်းရင်းကပင် လက်နှိပ်စက်အိုကလေးတလုံး ရလာခဲ့သည်။ ငွေကို အလှူခံပြီးစုဆောင်းရသည်။ ဗမာကုန်သည်ထံမှ အလှူခံသဖြင့် ငွေကြေးအသင့်အတင့် ရလာခဲ့သည်။ တကယ့်တော်လှန်ရေးပဲ။ ဘာမှမရှိရာက ရှိလာခဲ့သည်။ စာမူအဆင့်မှ တဆင့် ဝေဆာသော၊ လန်းဆတ်သော မဂ္ဂဇင်းပန်းပွင့်တပွင့်သည် ခက်ခဲစွာပွင့်လာခဲ့သည်။ တော်လှန် ရေးရနံ့တို့ဖြင့် ထုံမြနေလေတော့သည်။ သစ္စာရီဗျူးက တော်လှန်ရေးနယ်ပယ်တွင် ပဲ့တင်ထပ် ရိုက်ခတ်လိုက်လေသည်။

(၄)

မဂ္ဂဇင်းအမှတ် ၂ နှင့် ၃ အတွက် KNU က ငွေကြေးထုတ်ပေးလေသည်။ စာရေးသူများ မှာလည်း အင်အားကောင်းလာသည်။ ပြည်တွင်းမှထွက်လာခဲ့ကြသည့် တော်လှန်ရေးအင်အား စုများသည် မာနယ်ပလောသို့ တဖွဲဖွဲရောက်လာခဲ့ကြသည်။ လူ့ဘောင်သစ်ပါတီဝင်များ၊ NLD ပါတီဝင်များ၊ စသည့်အဖွဲ့အစည်းအသီးသီးမှ တော်လှန်ရေးအင်အားစုများ ဖြစ်ကြသည်။ ထိုအင်အားစုတွေထဲမှ စာပေသမားများ ကဗျာဆရာ စာရေးဆရာများ ပါလာကြသည်။ သစ္စာရီဗျူးတွင် သူတို့အင်အားစုနှင့် ရောက်လာစုစည်းကြသဖြင့် သစ္စာသည် ပို၍ဝေစည်လာ လေသည်။ ထိုစဉ်က မာနယ်ပလောတွင် သစ္စာရီဗျူးနှင့် ခေတ်ပြိုင်စာစောင်များမှာ KNU က ထုတ်ဝေသော “သနူးထူး” ဂျာနယ်၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု မဒတ ဂျာနယ်၊ KNU က ပင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော “KAREN NATIONAL UNION (K - N - U) BULLETIN” နှင့် ကျောင်းတပ်ဦး (မကဒတ) က ထုတ်ဝေသော ဒေါင်းအိုးဝေတို့ဖြစ်သည်။

သစ္စာရီဗျူးအမှတ် ၄ ကိုမူ ဆက်လက်မထုတ်ဝေနိုင်တော့။ တော်လှန်ရေးအင်အားစု များ၏ အချက်အချာ ဗဟိုဠာနချုပ်ဖြစ်သည့် မာနယ်ပလောသည် စစ်ရိပ်သန်းလာပြီဆိုက တည်းက မတည်ငြိမ်တော့။ ထိုမတည်ငြိမ်မှုက သစ္စာမဂ္ဂဇင်းကို ဟန့်တားခဲ့လေသည်။ ထို့ပြင် အယ်ဒီတာအဖွဲ့ထဲမှာ ဗုဒ္ဓဘာသာဝင် ကရင်အမျိုးသားများပါဝင်ခဲ့ရာ KNU အဖွဲ့အစည်းအတွင်း ပဋိပက္ခက ထိုအယ်ဒီတာအဖွဲ့ဝင်များကိုပါ ထပ်မံရိုက်ခတ်လေသည်။ နောက်တချက် အယ်ဒီ တာအဖွဲ့ဝင် ဆရာနိုင်ဝင်းဆွေသည် ထိုစဉ်က ဘာသာရေးထဲတွင် နစ်နေကာ သစ္စာရီဗျူးကို လှည့်မကြည့်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ တကယ်လည်း စစ်ပူကာလ ဖြစ်နေ၍ မာနယ်ပလောခုခံ စစ်အတွက် အာရုံစိုက်ခဲ့ကြရသည်။ သစ္စာထုတ်ဝေရေးကို ရပ်ဆိုင်းထားလိုက်ရတော့သည်။

(၅)

သစ္စာရီဗျူးစာစောင်အမှတ် ၁ မှ ရေတွက်လျှင် ၁၂ နှစ်မြောက်ကာလ၌သစ္စာတော်လှန် ရေး စာပေမဂ္ဂဇင်း (သစ္စာမဂ္ဂဇင်း) အမှတ် ၁ ကိုထုတ်ဝေဖြစ်ခဲ့သည်။ သစ္စာတော်လှန်ရေးစာ ပေ မဂ္ဂဇင်းကိုမွေးဖွားသောအခါ သစ္စာရီဗျူးထုတ်ဝေစဉ်ကနှင့်မတူတော့။ အခြေနေချင်း ကွာ ခြားသွားပြီ။ ထုတ်ဝေသည့်နေရာက မာနယ်ပလောနှင့် မဲဆောက်မဟုတ်တော့။ သစ္စာမဂ္ဂဇင်း အမှတ် ၁ ကိုထုတ်ဝေစဉ် အမေရိကန်၊ ဂျပန်နှင့်တောင်ကိုးရီးယားအင်အားစုက ထုတ်ဝေ သည်။ တောင်ကိုးရီးယားမှ ၀င်းပေါ်မောင်ကို အားကိုးအားထားဖြင့် အယ်ဒီတာအဖြစ်ထားရှိ ကာ ပုံနှိပ်၊ ထုတ်ဝေ၊ ဖြန့်ချိစေခဲ့သည်။ တကယ်က ဧရာမထိုတာဝန်များကို သူ့ခေါင်းပေါ်သို့ ထိုးတင်ပေးခဲ့မိခြင်းဖြစ်သည်။ ထို့ကြောင့်အခက်အခဲပေါင်းများစွာက ထပ်ချပ်မကွာ မွေးဖွား လာသည်။ ၀င်းပေါ်မောင်တယောက်တည်း ပုံနှိပ်၊ ထုတ်ဝေ ဖြန့်ချိအားလုံးကို မရုန်းနိုင်တော့။ ထို့ကြောင့်သစ္စာမဂ္ဂဇင်း ၂ ကို ထုတ်ဝေရန် ပြင်ဆင်ရသောအခါ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိရေးကို ထိုင်း မဲဆောက်ရှိတော်လှန်ရေးအင်အားစုထံ လွှဲအပ်ခဲ့ရသည်။ တော်လှန်ရေးစာပေ မဂ္ဂဇင်းကို တော်လှန်ရေးအင်အားစုက ထုတ်ဝေသဖြင့် အားနာစရာမလိုတော့။ ကျောင်းသားတပ်မတော် မှ ရဲဘော်တချို့နှင့် စွမ်းမြိုင်၊ ကိုခင်လွန်း၊ သစ်ကောင်းအိမ်၊ ဆရာဦးမြင့်အောင်သန့်တို့ ပြည်ပ သို့ထွက်ခွါကြမည့်အတွက် သစ္စာထုတ်ဝေရေးကို မိတ်ဆွေတို့မှာ ကျောခိုင်းထားခဲ့ကြရသည်။ မတတ်သာလွန်း၍ ကျောခိုင်းခဲ့ကြခြင်းဖြစ်သည်။

(၆)

သစ္စာစာပေမဂ္ဂဇင်းအမှတ် ၂ မှ စ၍ အယ်ဒီတာအဖွဲ့၊ တာဝန်ခံအယ်ဒီတာအဖွဲ့ဝင် ၂ ဦးသာ ထားရှိသည်။ မောင်စိုးချိန်နှင့် မဇင်ဇင်တို့ဖြစ်သည်။ သဘာပတိ သို့မဟုတ်၊ နာယက သို့မဟုတ်၊ အကြံပေးအဖြစ် ဘယ်သူ့ကိုမှ မခန့်အပ်ခဲ့။ နည်းနည်းကလေးတောင် မစဉ်းစာခဲ့။ သရိုးသရီမဖြစ်ခဲ့။ မိမိယုံကြည်ချက်နှင့် မိမိစိတ်ခြေထောက်ပေါ် ပိုင်ပိုင်နိုင်နိုင်ရပ်တည်ချက် လောက် ခိုင်မာခြင်းသည် အဘယ်မှာ ရှိနိုင်ပါအံ့နည်း ဟူ၍ စွဲမြဲခဲ့၍ဖြစ်သည်။ ထို့အတူ သစ္စာ အယ်ဒီတာကို အခြားစာစောင်မှ အယ်ဒီတာလာလုပ်ပါဟူ၍ အယ်ဒီတာအဖြစ်ခန့်အပ်သော် လည်း တွင်တွင်သာငြင်းပယ်ခဲ့သည်။ အဘယ်ကြောင့်ပါနည်း။ မိမိကိုယ်တိုင် လွတ်လပ်မှုကို မြတ်နိုးတွယ်မက်သကဲ့သို့ အယ်ဒီတာအဖြစ် ခန့်အပ်ဖိတ်ခေါ်သူတို့ကိုလည်း လွတ်လပ်မှုကို ချစ်မြတ်နိုးစေလို၍ ဖြစ်သည်။ ထိုသဘောထားများကြောင့် သစ္စာမဂ္ဂဇင်းအတွက် တာဝန်ခံ အယ်ဒီတာအဖွဲ့ဝင် ၂ ဦးဖြင့် အခိုင်အမာ ရည်တည်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် သို့သော် သစ္စာတော်လှန်ရေးစာပေအင်အားစုဖြစ်သည့် သစ္စာထုတ်ဝေသူများနှင့် ဂျပန်- တိုကျိုရှိသစ္စာ တာဝန်ခံများမှာ အပြောင်းအလဲများရှိလာခဲ့သည်။ ပထမအချက်အနေဖြင့် တာဝန်ခံများခန့် အပ်ခြင်းကို မှတ်တမ်းတင်ရပေလိမ့်မည်။ သစ္စာအင်အားစုသည်

(၁) သစ္စာတော်လှန်ရေးစာပေမဂ္ဂဇင်းကို ပုံမှန်ထုတ်ဝေနေခြင်း

(၂) အခြားသော တော်လှန်ရေးစာပေဆိုင်ရာ ၀တ္ထုတို၊ ကဗျာ၊ ဆောင်းပါးပေါင်းချုပ်၊ သမိုင်း မှတ်တမ်းများကို တဖက်က ထုတ်ဝေ

(၃) နိုင်ငံရေးစာပေနှင့် အနုပညာလှုပ်ရှားမှုများအတွက် မိတ်ဆွေရဲဘော် စာစောင် မဂ္ဂဇင်း အင်အားစုများနှင့်အတူ ပါဝင်လှုပ်ရှားရေး

(၄) ကျောင်းသားတပ်မတော်အား တိုက်ရိုက်ထောက်ပံ့အားဖြည့်ပေးခြင်း၊ (ဗမာပြည် စစ်အာ ဏာရှင်စနစ်ဖျက်သိမ်းပစ်ရန် လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲပေါင်းစပ်ရေးအ တွက် ရုန်းကန်နေကြသည့် ရဲဘော်များကို တိုက်ရိုက်ထောက်ကူခြင်း) အထူးသဖြင့် တပ်ရင်း ၂ ရင်းကို ပုံမှန်ထောက်ပံ့ခြင်း

(၅) တပ်ရင်း ၈ က ဖွင့်လှစ်ထူထောင်ထားသည့် ယမုံနာမူကြိုကျောင်းကို ထောက်ပံ့ရေး (က လေး ၁၂၀ ဆရာမ ၁၀ ဦးနှင့် ကျောင်းစရိတ်တို့ကို လစဉ်လတိုင်းပုံမှန် ထောက်ပံ့ကူပံ့နိုင် ရေး) စသည့် လုပ်ငန်း ၅ ရပ်ကို ပြည့်မှီစေရန် ရုန်းကန်လှုပ်ရှားနေကြရခြင်းဖြစ်သည်။ တာဝန်ခံဆို သူများသည် သာမန်အဖွဲ့ဝင်အင်အားစုထက် ၂ ဆ ၃ ဆ၊ ၄- ၅ ဆ ထမ်းရွက်ရမည့်သူများ ဖြစ်ရပေလိမ့်မည်။ ကိုယ်ကျိုးကိုနဲနဲမဟုတ် များများစွန့်ရလိမ့်မည်။ တန်ဘိုးကြီးမားလှသည့် ကိုယ်ပိုင်အချိန်ကို သစ္စာလုပ်ငန်းများအတွက် ပေးအပ်ရပေလိမ့်မည်။ နဲနဲမက များများအနစ် နာခံရလိမ့်မည်။ အထူးသဖြင့် တော်လှန်ရေးစိတ်ဓာတ်နှင့်အတူ တော်လှန်ရေးအပေါ် ထားရှိ သည့်စေတနာနှင့် စိတ်ဆန္ဒသည် ထက်သန်ခိုင်ကျည်နေရလိမ့်မည်။ ဆိုခဲ့ပြီးဖြစ်သဖြင့် လုပ် ငန်း ၅ ရပ်ကို အကောင်အထည်ဖေါ်ဖို့အမြဲထိုးထွင်း တီထွင်ကြံဆနေသူ ဖြစ်ရပေလိမ့်ဦးမည်။ ထိုနှုန်းစံများ တန်ဘိုးများ ပြည့်မှီရလိမ့်မည်။ ရာနှုန်းပြည့်မဟုတ်သည့်တိုင် ရာနှုန်းပြည့်နီးပါး ပြည့်ဝရပေလိမ့်မည်။ ထိုသို့ပြည့်မှီလျှင် ဦးဆောင်နိုင်သည့် တာဝန်ခံဖြစ်ပြီ။ ဤသို့ဖြင့် အသင့် တော်ဆုံးတာဝန်ခံများကို အယ်ဒီတာအဖွဲ့ခန့်အပ်ရွေးချယ်ခန့်အပ် ခဲ့ကြခြင်းဖြစ်သည်။ သစ္စာ အင်အားစု၊ သစ္စာ၏ လုပ်ငန်း ၅ ရပ်အတွက် ဆရာမကြီးစောမာန် (ခ) ဒေါ်ညွန့်ညွန့်စန်း၊ ကိုကျော်ကျော်နိုင်နှင့် မသင်းသင်းလတ်တို့သည် တာဝန်ခံများဖြစ်လာခဲ့သည်။ သစ္စာ ၂ မှ ၈ အထိ သူတို့သုံးဦးမှာ သံမဏိတာဝန်ခံသုံးဦး။ တဦးချင်း၏ စွမ်းဆောင်နိုင်သည့် စွမ်းရည်များမှာ လေးစားဂုဏ်ယူဖွယ်ဖြစ်သည်။ (သစ္စာက မှတ်တမ်းတင်ထားပြီးဖြစ်ပါသည်။) သစ္စာတာဝန်ခံ (ဂျပန်) ကဗျာဆရာမစောမာန် (ခေါ်) ဒေါ်ညွန့်ညွန့်စန်း ၂၀၀၆ ဖေဖေါ်ဝါရီလ ၈ ရက်တွင် ဆုံး ပါးကွယ်လွန်သောအခါ သစ္စာမဂ္ဂဇင်းအမှတ် ၁ ကတည်းက အမာခံအဖြစ်ပါဝင်လာခဲ့သည့် မယုယုခိုင် (မယု) ကို ဂျပန်တာဝန်ခံအဖြစ် ခန့်အပ်ခဲ့သည်။ မယုယုခိုင်သည် သစ္စာ ၉ (၂၀၀၆ မေလ ထုတ်) မှစ၍ တာဝန်ခံဖြစ်လာခဲ့သည်။ သစ္စာအင်အားစု၏ လုပ်ငန်းများမှာ လေးနက် ကျယ်ပြောလာသည်နှင့် အမျှ တာဝန်ခံဆိုသူများမှာ ကိုယ်ကျိုးစွန့်လွှတ်မှု၊ အနစ်နာခံမှုတွေ ပိုပြီးကြီးမားလာခဲ့ရသည်။ လေးစားဂုဏ်ယူမိပါသည်။

သစ္စာ ၁၂ ကို ထုတ်ဝေအပြီး သစ္စာ ၁၃ ကိုပြင်ဆင်စအချိန်တွင် တာဝန်ခံမသင်းသင်း လတ်က နှုတ်ထွက်လိုက်လေသည်။ သစ္စာအင်အားစုထဲ သို့မဟုတ် ထုတ်ဝေထဲ ပါဝင်ရန်အ လွန် လွယ်ကူသလို၊ ထွက်သွားဘို့အတွက်လည်း အလွန်လွယ်ကူပါသည်။ မည်သို့ပင်ဖြစ်စေ သစ္စာ ၁ မှ ၁၂ အထိ (၂၀၀၄ မှ ၂၀၀၇ အထိ) အထက်သန်ဆုံး၊ အထောက်ကူနိုင်ဆုံး တာဝန် ခံမသင်းသင်းလတ်နှုတ်ထွက်ခဲ့သဖြင့် အားလုံးဝမ်းနည်းပက်လက်ဖြစ်ခဲ့ကြရသည်။ ရန်သူကို ဒူးထောက်အညံ့ခံသည့်သူကို လက်လွှတ်လိုက်ရခြင်းမဟုတ် စစ်အာဏာရှင်စနစ်ဖျက်သိမ်းလို သူကို လက်လွှတ်လိုက်ရခြင်းဖြစ်သဖြင့် ဒါဟာသစ္စာအတွက် တကယ်ဆုံးရှုံးမှုပါပဲ။ လက်လျှော့ လိုက်ရခြင်းသည်ပင်လျှင် မတတ်သာ၍ လက်လျှော့လိုက်ရခြင်းဖြစ်သည်။ တာဝန်ခံ ၃ ဦးနှင့်မ လုံလောက်ပါက လိုအပ်ချက်တောင်းဆိုမှုအရ ထပ်မံဖြည့်ဆည်းခန့်အပ်ရပေလိမ့်ဦးမည်။

(၇)

သစ္စာအယ်ဒီတာ၊ တာဝန်ခံ၊ ခြယ်သပြင်ဆင် ပုံနှိပ်ဖြန့်ချိသူတို့ အပြောင်းအလဲများရှိ လာခဲ့သကဲ့သို့ ထုတ်ဝေသူအင်အားစုမှာလဲ အပြောင်းအလဲများရှိလာခဲ့သည်။ ၀င်လာခဲ့သည့် လူသစ်များသည် အတန်ကြာလာသည့်အခါ ထွက်ခွါသွားကြပြန်သည်။ သူ့အကြောင်းနှင့်သူပါ ပဲ။ သစ္စာမဂ္ဂဇင်း ၁ နှင့် ၂ မှ စတင်ကာ သစ္စာမဂ္ဂဇင်း ၁၃ အထိ (၂၀၀၄ မျ ၂၀၀၇ တိုင်အောင်) ဗမာပြည်စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး မိုးထဲလေထဲ မုန်တိုင်းကာလထဲမှာ၊ လူ့ဘ၀အခက် အခဲ ဆူးတောထဲမှာ သစ္စာမဂ္ဂဇင်းကို ခိုင်ခိုင်မတ်မတ်ရည်တည်ကာ သစ္စာအင်အားစု၏ ဆိုခဲ့ပြီး သည့် လုပ်ငန်း (၅) ရပ်ကို ထမ်းရွက်သယ်ပိုးခဲ့ကြသူများမှာ ၁။ ကိုကျော်ကျော်နိုင်(ယ္ခု သူ့ဇနီး အညိုလည်းပါလာပြီး)။ ၂။ ကိုသက်နိုင်ထွန်း၊ နော်ပရီဆယ်လာ ၃။ ကိုအောင်မျိုးကျော်၊ မယုယုခိုင်၊ ၄။ ကိုသက်လင်း၊ မကြူကြူစိန် (အာဟာရဂျာနယ် အယ်ဒီတာ)။ ၅။ ကိုမြင့်နိုင် (ခ) ကိုထိန်လင်းအောင်(အာဟာရဂျာနယ် အယ်ဒီတာ)။ ၆။ ကိုဖုန်းမြင့်သိန်း၊ မတင်နွယ်ဝင်း။ ၇။ ကိုဆန်နီ၊ မမိုးဦး။ ၈။ မောင်စိုးချိန်၊ မဇင်ဇင်တို့ဖြစ်သည်။ (မသင်းသင်းလတ်က သစ္စာ ၁၂ အ ထိ ထုတ်ဝေခဲ့သူ၊ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သဖြင့် တလေးတစား တမြတ်တနိုး ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ပြီးဖြစ်ပါသည်။)

ထိုသို့အမာခံသစ္စာအင်အားစုများ ရပ်ခံရပ်တည်ခဲ့သကဲ့သို့ အမာခံအင်အားစုအသစ် များလည်း ထပ်မံတိုးပွားလာခဲ့သည်။ သူတို့၏ တက်ကြွနိုးကြားမှု၊ တော်လှန်ရေးစိတ်ဓာတ် ယုံ ကြည်ချက်ခိုင်မာလာမှု၊ ခေတ်က ပေးအပ်လာသည့် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတာဝန် များကို အတက်ကြွဆုံးထမ်းရွက်သယ်ပိုးလိုမှုတို့ကြောင့် သစ္စာကိုထုတ်ဝေ၊ သစ္စာလုပ်ငန်းများ အတွက် ရုန်းကန်လာခဲ့ကြသည်။ ဒဏ်ခံနိုင်ဖို့ဆို တော်ရုံတန်ရုံဇွဲနှင့်မရ။ အခက်အခဲတောင်စဉ် တောင်တန်းများကို ကျော်လွှားနိုင်မှာမဟုတ်၊ အမာခံအင်အားစုများမှာ နုရာမှ ရင့်ကျက်လာခဲ့ ကြပြီး။ ထိုမုန်တိုင်းတောင်တန်းများကို တလပြီးတလ ကျော်တက်ဖြတ်သန်းလာနိုင်ခဲ့သည့် သတ္တိ၊ ဇွဲမှာ်အားထားလေးစားစရာဖြစ်လာသည်။ ဗမာပြည်လူမှုတော်လှန်ရေးအတွ့တောက်ပ လာမည့် ကြယ်ပွင့်များပင် ဖြစ်ချိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ပဂ္ဂိုလ်ရေးကိုယ်ကျိုးစီးပွားဘ ၀မှာ မြှုပ်နှံထားရာကနေ တစထက်တစ လမ်းခွဲကာ တော်လှန်ရေးတွင် ပါဝင်ချီတက်လာသော ကြောင့် ဖြစ်သည်။

(၈)

သစ္စာတော်လှန်ရေးစာပေမဂ္ဂဇင်း၏ စာပေမူဝါဒကဘာလဲ။ ။ ထုတ်ဝေဖြန့်ချိခဲ့သည့် သစ္စာမ ဂ္ဂဇင်းတိုင်းတွင် အလေးအနက်ဖော်ပြထားခဲ့ပြီးဖြစ်သည်။ သစ္စာအင်အားစုအဖွဲ့ဝင်များအနေဖြင့် မိမိတို့ထုတ်ဝေနေကြသည့် သစ္စာမဂ္ဂဇင်းစာအုပ်၏ ရည်ရွယ်ချက်နှင့်မူဝါဒကို သိရှိထားရပေ လိမ့်မည်။ မိမိစီးသည့်မြင်းသည် ဘာမြင်းလဲ။ အထီးအမ ခွဲခြမ်းစိတ်ဖြာသိမြင်ရလိမ့်မည်။ မရှင်း လင်းပါကသို့မဟုတ် မိမိကိုယ်တိုင်က နိုင်ငံရေးရေချိန်နိမ့်၍ မသိမြင်ပါက တာဝန်ခံအယ်ဒီတာ အဖွဲ့ကို မေးရလိမ့်မည်။ရှက်ဖွယ်ရာကိစ္စမဟုတ်ပေ။ အထီးအမ မသိခြင်းကသာ ရှက်ဖွယ် ရာ ဖြစ်ပါလိမ့်မည်။ ယ္ခုလည်း ထပ်၍ဖော်ပြလိုက်ပါရစေ။ သစ္စာတော်လှန်ရေးစာပေမဂ္ဂဇင်း၏ အဓိ ကပန်းတိုင်သည် အဘယ်မှာနည်း။ ဗမာပြည်စစ်အာဏာရှင်စနစ်ကို တစမကျန် ဖျက်သိမ်းရေး၊ ဒီမိုကရေစီလူမှုစနစ်(ပြည်သူ့ဒီမိုကရေစီစနစ်) ထွန်းသစ်ရေးဖြစ်သည်။ ဒါပါပဲ စစ်အာဏာရှင်စ နစ်ကို ဘယ်သူတွေက အဘယ်သို့ဖျက်သိမ်းပစ်မည်နည်း။ ဗမာပြည်တွင်ရှိ အဖိနှိပ်ခံ အညှဉ်း ပန်းခံနေရသော လူမျိုးစုံအမျိုးသားပြည်သူလူထုကြီးကသာ လူထုတိုက်ပွဲနည်း၊ လက်နက်ကိုင် တော်လှန်ရေးနည်းဖြင့် ဖျက်သိမ်းပစ်နိုင်မှာဖြစ်သည်။ ကမ္ဘာ့သမိုင်းမှာပဲကြည့်ကြည့်၊ ဗမာ့သ မိုင်းမှာပဲကြည့်ကြည့် ထိုတိုက်ပွဲနည်းနာ ၂ ရပ်ကိုသာ တွေ့ရသည်။ တွေ့ဆုံဆွေးနွေး၊ အညံ့ခံ ဒူးထောက်ခြင်းဖြင့် လွတ်လပ်ရေးမရနိုင်၊ ဒီမိုကရေစီရေးစနစ်သို့ ကူးပြောင်းမသွားနိုင်ပါ။ ယင်း တို့သည် ဖိနှိပ်သူအကြိုက် ဖိနှိပ်သူ၏ အာဏာမြဲရေးအတွက်သာဖြစ်သည်။ ထို့ကြောင့် စစ်အာ ဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဖက်ဆစ်စစ်အုပ်စုဆန့်ကျင်ရေးအတွက် တနေ့ပြီးတနေ့တိုက်ပွဲဝင် နေကြသည့် ပြည်သူလူထုအတွက် သစ္စာက ထောက်ကူဖေးမသွားရန်ဖြစ်သည်။ အမှောင်ထု ကို ဖြိုခွင်းရန် သစ္စာအလင်းဖြင့် လမ်းပြပို့ဆောင်ပေးရန်သာဖြစ်သည်။ ချုပ်လိုက်လျှင်လက်နက် ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲအတွက်တော်လှန်ရေးစာပေဖြင့် ထောက်ကူအားပေးရန် ဖြစ်သည်။

(၉)

တော်လှန်ရေးစာပေဆိုတာဘာလဲ

တော်လှန်ရေးဆိုသည့် အဓိပ္ပာယ်ကို ပထမဆုံးဖွင့်ဆိုရလိမ့်မည်။ လူမှုစနစ်ဟောင်းစ နစ်ဆွေးကို ဖျက်သိမ်းပြီးလူမှုစနစ်သစ်နှင့် အစားထိုးတည်ဆောက်ခြင်းသည် တော်လှန်ရေး ဖြစ်သည်။ တဖြေးဖြေးတသိတ်သိတ်ပြောင်းလဲခြင်းမှ အရှိန်အဟုတ်ဖြင့်ပြောင်းလဲခြင်းဖြစ် သည်။ အရေအတွက်မှ အရည်အချင်းသို့ ပြောင်းလဲခြင်းဖြစ်သည်။ ထိုတော်လှန်ရေးကို ထင် ဟပ်သည့်စာပေ၊ နိုင်ငံရေးကိုထင်ဟပ်သည့်စာပေ၊ ပို့ဆောင်ပေးသည့် စာပေသည် တော်လှန် ရေးစာပေဖြစ်သည်။ အပျော်ဖတ်စာပေ၊ အညှစ်အသတ် အပစ်အခတ်စာပေနှင့် မိုးနဲ့မြေပမာ ကွာခြားသည်။ ဗေဒင်၊ လက္ခဏာစာပေ၊ အရင်းရှင်စနစ်လက်ဖြစ် အညှီအဟောက်စာပေ၊ ကာ မရာဂ စိတ်ကြွစာပေနှင့် ကွာခြားသည်။ ဖိနှိပ်အုပ်စိုးသူကို ကျားကန်ထောက်ကူပေးသော ဖောက်ပြန်သည့်စာပေနှင့် လုံးဝခြားနားသည်။

တော်လှန်ရေးစာပေသည် ကမ္ဘာ့လူ့အဖွဲ့စည်းအသီးသီးရှိ တော်လှန်ရေးသမိုင်းလှေခါး ထစ်တိုင်းတွင် တော်လှန်စာပေသည် ပြည်သူတို့အတွက် ဖူးပွင့်ခဲ့ပြီးဖြစ်သည်။ ဗမာပြည်လူ့အဖွဲ့ အစည်းတွင်လည်း ထိုနည်းတူတော်လှန်ရေးစာပေသည် ဖူးသစ်ခဲ့ပြီးဖြစ်သည်။ အတိတ်ကိုပြန် ကြည့်ပါ။ တွေ့ပါလိမ့်မည်။ မကြာသေးမီ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး ခေတ်နှင့် လွတ်လပ်ရေးခေတ်တွင် တော်လှန်ရေးစာပေများသည် အမျိုးသားစာပေအဖြစ်နှင့် ပင် နေရာယူခဲ့ပြီးဖြစ်သည်။ နဂါးနီ၊ တာရာ၊ လင်းယုန်၊ လူထုဂျာနယ်၊ သတင်းစာ၊ ပြည်သူ့အာ ဏာဂျာနယ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေများ စသဖြင့်။

အဖိနှိပ်ခံ၊ သွေးစုပ်အခြယ်လှယ်ခံ၊ အနိုင်ကျင့်ခံရသော ပြည်သူလူထုတို့လွတ်မြောက် ရေးအတွက် လမ်းပြသောစာပေသည် လင်္ကျာအယူအဆနှင့် စာပေတွင်မတွေ့ရ။ တနည်းအား ဖြင့် ပဒေသရာဇ်စာပေနှင့် အရင်းရှင်နယ်ချဲ့စာပေတွင် မတွေ့ရ။ အဖိနှိပ်ခံလူထုကို ကိုယ်စား ပြု သော ပြည်သူ့စာရေးဆရာတို့၏ ပြည်သူ့စာပေသည်သာ တော်လှန်ရေးစာပေကို တွေ့ရမှာ ဖြစ်သည်။ ထို့ကြောင့်သစ္စာသည် ခေတ်လှေခါးထစ်ထိပ်များတွင် ထွန်းပခဲ့သည့် တော်လှန်ရေး စာပေအားလုံး၏ အမွေအနှစ်ဖြစ်သော စာပေသဘောတရားကို ခံယူထားသည်။ ရယူသိမ်းပွေ့ ထားသည်။

ချွင်းချက်တော့ရှိသည်။ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဒီမိုကရေစီစနစ်ထွန်းသစ် ရေး အတွက် တိုက်ပွဲဝင်နေကြသော တော်လှန်ရေးအင်အားစုများ၊ အဖိနှိပ်ခံအမျိုးသားပြည်သူ လူထုများကို ကိုယ်စားပြုပါက လက်ဝဲမှမဟုတ် အဘယ်ကဲ့သို့သော လင်္ကျာသမား၏ စာပေ ဖြစ်စေကာမူ ထိုမှတ်ကျောက်ဖြင့် လက္ခံကာသစ္စာမဂ္ဂဇင်းတွင် အလေးအနက် တလေးတစား ဖော်ပြပေးမှာဖြစ်သည်။

Labels:

posted by thitsarforce @ 9:31 PM  
0 Comments:
Post a Comment
<< Home
 
About Me

Name: thitsarforce
Home:
About Me:
See my complete profile
Previous Post
Archives
Links
Powered by

Free Blogger Templates

BLOGGER

© 2005 Thitsar Template by Isnaini Dot Com