တာဝန်ခံအယ်ဒီတာအဖွဲ့ မေး။ ။ လူထုသတင်းစာ၊ လူထုဂျာနယ်တိုက်မှာ ဆရာ့လူငယ်ဘ၀ ဖြတ်သန်းခဲ့ရတယ်လို့ ကျနော်တို့ နားလည်မိတယ်။ တချို့မေးခွန်းတွေဟာ အလွဲလွဲချော်ချော်ဖြစ်နေရင်လဲ ပြောပါဆရာ။ ကျနော်တို့က အဲဒီလို နားလည်ထားတဲ့အတွက် လူထုသတင်းစာနဲ့ဂျာနယ်တိုက် မှာ ထိတွေ့ဖြတ်သန်းရင်း စပေအတွေ့အကြုံတွေ ရလာခဲ့တာမဟုတ်လားဆရာ။ ဖြေ။ ။ မှန်ပါတယ်။ ကျနော့်ခေါင်းထဲ၊ ရင်ထဲမှာ စာပေသန္ဓေပါလာတာ အဲဒီကပါလာတာပါ။ ဒါပေမယ့် လူထုသတင်းစာမှာ ကျနော်အလုပ် လုပ်ခဲ့တယ်ဆိုတာကတော့ ကာလအား ဖြင့် မကြာလှပါဘူး။ ကျနော် ၁၉၆၃ ခုနှစ်အကုန်လောက်မှာ တက္ကသိုလ်က အထုတ်ခံရတော့ အမေက (အဖေနဲ့တိုင်ပင်ပြီးဖြစ်မှာပါ) ဒီကောင်လိုယား လိုက်ယား ဖြစ်နေမယ်၊ အလုပ်ထဲဝင် သင်ဆိုပြီး နယ်သတင်းတွေကိုင်တဲ့ အယ်ဒီတာ နတ်မောက် (ဦး)ထွန်းရှိန်လက်အောက် တွန်း ပို့လိုက်တာပါ။ ကိုထွန်းရှိန်ဟာ ကျနော့်ဆရာဆိုရင် မှားပါဘူး။ ကျနော်က မနက်ပိုင်းမှာ နယ်သ တင်းတွေကို တည်းဖြတ်တာလုပ်ပြီး နေ့ပိုင်းမှာကျတော့ အမေက ကျနော့်ကို နိုင်ငံခြား သတင်းတွေဘာသာပြန်တာ လုပ်ခိုင်းပါတယ်။ သင်ပေးတယ်လို့ပြောရင် ပိုမှန်ပါတယ်။ ဒါပေ မယ့် အချိန်က အားလုံးပေါင်းမှ ၂ နှစ်ကျော်ပဲရှိတာပါ။ ၁၉၆၆ ဇူလိုင် ၄ ရက်နေ့မှာ ကျနော့်ကို လာဖမ်းတော့ ကျနော့်သတင်းစာသမားဘ၀လည်း သက်တမ်းကုန်သွားတာပါပဲ။ ဒါပေမယ့် မြောက်များလှတဲ့ သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ နှုတ်ထွက်စကားတွေ၊ သူ တို့ရဲ့ရှုမြင်နည်းတွေ၊ အပြန်အလှန်ဝေဖန်ဆွေးနွေးတာတွေကိုတော့ ငယ်ကတည်းက နားယဉ် နေတယ်ဆိုရင် မမှားပါဘူး။ ဒါကြောင့်လည်း ကျနော်ငယ်ငယ်ကတည်းက ငါကြီးရင်သတင်းစာ သမားလုပ်မယ်လို့ပဲ ခေါင်းထဲမှာ စွဲနေတာပါ။ ကျနော်ထောင်ကလွတ်တော့ အိမ်ကစာအုပ်တိုက်နဲ့ စာပုံနှိပ်စက်မှာ ဦးစီးသူသဘော မျိုး ၀င်လုပ်ပါသေးတယ်။ ၄ နှစ်လောက်ပေါ့။ အဲဒီတုန်းက ပရုဖတ်တာ၊ စာအုပ်အဖုံးနဲ့ အတွင်း သရုပ်ဖေါ်ပုံ ဆွဲတာလောက်ပဲ လုပ်ဖြစ်ပါတယ်။ မေး။ ။ ဆရာအခုအခါ ဆောင်းပါးတွေ၊ ကဗျာတွေရေးနေလေတော့ ကဗျာဆောင်းပါးကို ဘယ်အချိန်လောက်ထဲ စတင်ရေးခဲ့တာလဲဆရာ။ ၀တ္ထုကောရေးခဲ့သလား။ ဖြေ။ ။ ကျနော်လူထုသတင်းစာမှာ ဆောင်းပါး ၂ ပုဒ်လောက်နဲ့ကဗျာ ၂ ပုဒ်လောက်ရေးဖူးပါ တယ်။ တခြားဘယ်မှာမှမရေးဖူးပါဘူး။ ကျနော်ကဗျာတွေအများဆုံးရေးမိတာဟာ ထောင်ထဲမှာပါ။ ရာနဲ့ချီရေးခဲ့ပါတယ်။ ထောင်ကထွက်လာတော့ အိမ်မှာကိုယ့်ဟာကိုယ် ကဗျာ နည်းနည်းပါး ရေးပါသေးတယ်။ တခြားဟာတော့ မရေးဖြစ်ပါဘူး။ ဘယ်မှလဲမပို့ဖြစ်ပါဘူး။ အ မေက ကျနော့်အတွေ့အကြုံကို မမေ့ခင်ရေးထားလို့ တိုက်တွန်းပါတယ်။ ဒါပေမယ့် ကျနော်က စယုံပဲ စဖြစ်ပါတယ်။ မရေးဖြစ်ပါဘူး။ မြေအောက်လုပ်ငန်းရဲဘော်တွေ ဖတ်ဖို့အတွက် ဘာသာ ပြန်တာလောက်ပဲ လုပ်ပါတယ်။ အဲဒီတုန်းက ထုတ်တဲ့စာစောင်တွေ၊ ဂျာနယ်တွေနဲ့ ပြည်သူ့အ သံ အသံလွှင့်ချက်တွေမှာ ကျနော်အများကြီးရေးဖြစ်ပါတယ်။ ကိုကိုးကျွှန်းပေါ်မှာလည်း နည်း နည်းပါးပါးရေးခဲ့ပါတယ်။ မများပါဘူး။ မြေပေါ်မှာတုန်းက ကျနော့်မှာ စာပေဖြတ်သန်းမှုရယ်လို့ ပြောပလောက်အောင်မရှိပါဘူး။ မေး။ ။ ဆရာက ကာတွန်းတွေလဲဆွဲတယ်လို့သိခဲ့ရတယ်။ ဘယ်တုန်းက စတင်ရေးဆွဲတာ လဲ၊ ဘယ်ဂျာနယ် စာစောင်တွေမှာဖေါ်ပြခဲ့တယ်၊ စသဖြင့်ပေါ့။ ရှေ့ဖြစ်နောက်ဟောင်း တွေပေါ့ဆရာရယ်၊ ကျနော်တို့ကိုပြောပြပေး နိုင်မလား။ ဖြေ။ ။ ကျနော်လူထုသတင်းစာမှာ ကာတွန်းနည်းနည်းဆွဲခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက လူထုမှာ ပေါ်ဦးသက်နဲ့ ၀င်းဖေဆိုပြီး လျှမ်းလျှမ်းတောက်ကာတွန်းဆရာ ၂ ဦးရှိနေ တော့ ကျနော်ဘယ်ဆွဲရဲမလဲ။ သူတို့နဲ့လူချင်း အင်မတန်ရင်းနှီးပေမယ့် ကျနော်ဆွဲမိတာလေး တွေ သူတို့ကိုမပြ၀ံ့ဘူး။ ထောင်ကလွတ်လာတော့ ဟံသာဝတီသတင်းစာမှာလည်း ဆွဲပါတယ်။ ထောင်ကလွတ်မှပါ။ ကာတွန်းဆွဲခကို စုပြီးထုတ်ရင် ကျနော်တို့အိမ်က ပုံနှိပ်စက်အလုပ်သမား တွေကို လက်ဖက်ရည်တိုက်ရတာပဲ မှတ်မိပါတယ်။ အဲဒီတုန်းက ကာတွန်းရေးပို့တာ ကျနော်မှန်း ဦးဝင်းတင်ကအစ ဟံသာဝတီအယ်ဒီတာတွေမသိအောင် လုပ်ရတာလည်း မှတ်မိ နေပါတယ်။ ဘယ်သူမှန်းသိနေရင် သူတို့ရွေးချယ်ရာမှာ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ။ ဒါကြောင့်ကာတွန်းသွားပို့ရင် များသောအားဖြင့် ကျနော့်ညီ၊ ဒါမှမဟုတ်သူ့သူငယ်ချင်းတွေက သွားပို့တာ များပါတယ်။ ညီအကိုတွေ အပျော်သဘောပါ။ ကျနော့်ကာတွန်းပညာက ပြောပ လောက်အောင်ထွန်းပေါက်ပါဘူး။ မေး။ ။ ဘယ်အချိန်က နိုင်ငံရေးနယ်ပယ်ထဲရောက်ရှိခဲ့ပါသလဲ။ ဒီနယ်ထဲ စတင်ဝင်ရောက် လာခဲ့တဲ့ နိုင်ငံရေးအခြေအနေ၊ နိုင်ငံရေးအင်အားတွေကို အကျဉ်းချုပ်ပြီး ထင်ဟပ်ပေး ပါလားဆရာ။ ဖြေ။ ။ ကျနော်တို့ လူထုသတင်းစာတိုက်ဟာ ကျနော်သိမီတဲ့အချိန်ကစပြီး မန္တလေးနဲ့အ ထက်ဗမာနိုင်ငံက နိုင်ငံရေးသမားတွေ၊ ကျောင်းသားခေါင်းဆောင်တွေ ၀င်ထွက်နေ တဲ့ နေရာပါ။ အတိုက်အခံတွေပါ။ အာဏာရတွေထဲက အင်မတန်နည်းပါတယ်။ ရန်ကုန်ဘက် အောက်ဘက်ကလာတယ်ဆိုရင်လည်း အလားတူပုဂ္ဂိုလ်တွေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လုံးပန်းသူတွေဖြစ်ပါတယ်။ ဒါ့အပြင် လူပျိုမဖြစ်ခင်ကတည်းကပဲ မိဘ များနဲ့ဖြစ်စေ၊ သတင်းထောက်များနဲ့ဖြစ်စေ၊ ငြိမ်းချမ်းရေးလှုပ်ရှားမှု၊ နိုင်ငံရေးဟောပြောပွဲ၊ တက္ကသိုလ်က သမဂ္ဂရွေးကောက်ကပွဲစတာတွေကို ရောက်ဖူးနေတာပါ။ သတင်းစာမောင်နှံဆို တော့ ထမင်းစားလည်း နိုင်ငံရေးအကြောင်းပြောဖြစ်ကြ၊ လမ်းထွက်လည်းနိုင်ငံရေးစကား ပြောဖြစ်ကြတာမို့ ကျနော်ဟာငယ်ငယ်ကတည်းကပဲ နိုင်ငံရေးနားရည်ဝနေတယ်လို့ ဆိုနေနိုင် ပါတယ်။ နောက်ပြီးကျနော့်အဖေကို ဖဆပလအစိုးရဖမ်းတာ၊ သတင်းစာတိုက်ကို ချိတ်ပိတ် တာ၊ ကျနော်လေးစားတဲ့ ဗန်းမော်တင်အောင်လိုပုဂ္ဂိုလ်တွေကို အကြိမ်ကြိမ်ဖမ်းတာ၊ စတာ တွေဟာလည်း အစိုးရကို ပိုမုန်းတီးစေခဲ့ပါတယ်။ ဒီလိုပတ်ဝန်းကျင်မှာ လူဖြစ်လာသူမို့ ကျနော့် ခေါင်းထဲမှာ နိုင်ငံရေးလုပ်သင့်တယ်။ အတိုက်အခံတွေမှန်တယ်၊ ကျောင်းသားခေါင်းဆောင် တွေ ကောင်းတယ်လို့စွဲနေပါတယ်။ ဒီလိုနဲ့ကိုယ်ကိုယ်တိုင် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ကျောင်း သားလှုပ်ရှားမှုထဲမှာ စပါတာကတော့ ကျနော် ၉ တန်းကျောင်းသားဘ၀၊ မန္တလေးက အိမ် တော်ရာ ၁၄ ခန်းဇရပ်ကြီးထဲမှာကျင်းပတဲ့ ကျောင်းသားဆန္ဒပြပွဲကြီးပဲဖြစ်ပါတယ်။ အဲဒါရဲ့ နောက်တနှစ်ကျတော့ မန္တလေးတက္ကသိုလ်ကိုရောက်ပြီး ကျောင်းသားလှုပ်ရှားမှုထဲကို ခြေစုံပစ် ၀င်တော့တာပဲလို့ ဆိုနိုင်ပါတယ်။ ၁၄-၅ နှစ်သားပါ။ မေး။ ။ “ကျောင်းသား၊ ထောင်၊ တော်လှန်ရေးသမား”ဆိုတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ကိုကိုးကျွန်းတိုက်ပွဲသမိုင်းပေါ်မှာ တယောက်စ၊ နှစ်ယောက်စက ဝေဖန်လာတာတွေရှိ တယ်။ ဝေဖန်တဲ့လူတွေဟာ တခြားဂြိုဟ်က ဂြိုဟ်သားတွေလားလို့တောင် ထင်မိစရာပဲ။ ထား တော့။ ဝေဖန်သူရဲ့ရပ်တည်မှု၊ ပကတိအရှိတရားအပေါ် သိမြင်မှုနဲ့ဆိုင်ပါလိမ့်မယ်။ ဒါနဲ့ပတ် သက်လို့ တိုက်ပွဲဝင်သူရဲကောင်းတွေရဲ့ကိုယ်စား ဆရာ့အနေနဲ့ ဘာများပြောချင်ပါသလဲ။ ပြော ဘို့လဲလိုမယ်ထင်ပါတယ်။ ဖြေ။ ။ ကိုကိုးကျွန်းအကျဉ်းစခန်းက “ကိုယ်ထူကိုယ်ထစနစ်ဖျက်သိမ်းရေးတိုက်ပွဲ”မှာ ကျဆုံး သွားသူတွေဟာ အစာငတ်ခံပြီး ကျဆုံးသွားသူတွေဆိုတော့ ဂမူးရူးထိုးသမားတွေ မ ဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ အခုလိုသူတို့အကြောင်း မဟုတ်တန်းတရားတွေပြောတာတွေ ကြုံတွေ့ရင်လည်း သူတို့ဟာ ဒေါသနဲ့တုံ့ပြန်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ကျနော်သူတို့ တယောက်ချင်းအကြောင်းကို ကောင်းကောင်းသိပါတယ်။ သူရဲကောင်းမို့ ဇွတ်မှိတ်ကာကွယ် ပြောနေတာမဟုတ်ပါဘူး။ သူတို့ကိုယ်စားပြောရမယ်ဆိုရင်တော့ ကျနော်တို့တော့ “တာဝန် ကျေပြီထင်ပါတယ်” လို့ပဲ ထခွန်းတည်းပြောချင်ပါတယ်။ ကျန်တာအားလုံးကတော့ ကျနော်တို့ တတွေ အလုပ်နဲ့ပြသကြဖို့ပါပဲ။ မေး။ ။ မိဘဆိုတာ သားသမီးတိုင်းရဲ့ဥယျာဉ်မှူးပဲ။ ပတ်ဝန်းကျင်ပဲ။ ဆရာ့ရဲ့မိဘနှစ်ပါးက ဘယ်လိုများ ဆရာ့ကိုပျိုးထောင်ပေးခဲ့သလဲ။ အထူးသဖြင့် အမှန်တရားကိုချစ်တတ်ဖို့၊ မြတ်နိုးဖို့ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံပြည်သူလူထုအကြားမှာ လူထုဘက်ကဘယ်လို ရပ်တည်ရမယ်၊ ရပ်တည်သင့်တယ်ဆိုတာမျိုးတွေကို မိဘတွေကိုယ်တိုင်က ပြောပြသွန်သင်ခဲ့တာလား။ မိဘ နှစ်ပါးရဲ့စာပေကတဆင့်၊ ကူးယူသိမြင်ခဲ့လေသလား။ ခေတ်တိုင်းမှာရှိတဲ့ မိဘတွေကော သား သမီးတွေပါ ခေတ်တာဝန်ကို မသေခင်ဘယ်လိုထမ်းကြမလဲဆိုတာ အရေးကြီးပါတယ်။ ဒါ ကြောင့် ဒီမေးခွန်းကိုမေးတာပါ။ ဆရာတို့မိသားစုဟာ ခေတ်ရဲ့စံပြမိသားစုပါ။ ဒါကလည်းဒီမေး ခွန်းဖြစ်ပေါ်လာဖို့ အချက်အလက်လို့ပြောရင်ရပါတယ်။ ဖြေ။ ။ ကျနော်တို့မိသားစုဟာ အင်မတန်စံကျတဲ့ ဗမာဗုဒ္ဓဘာသာမိသားစုပါ။ မိဘကို အနန္တောအနန္တငါးပါးဂိုဏ်းဝင်လို့ သဘောထားပြီး အင်မတန်ရိုသေလေးစားကြတာပါ။ ဒါကြောင့်အမိနဲ့အဖကိစ္စမရှိရင် ခပ်ကွာကွာခပ်လှမ်းလှမ်းနေလေ့ရှိပြီး ခေါ်မှသာကပ်လေ့ရှိပါ တယ်။ အမေနဲ့အဖေကလည်း သူတို့အလုပ်နဲ့သူတို့ ပိနေတော့ သားသမီးတွေကိုသိပ်ပြီးနီးနီး ကပ်ကပ်သွန်သင်လေ့မရှိပါဘူး။ အထူးသဖြင့် အရွယ်ရောက်လာတဲ့အခါမှာ ကလေးတွေကို သွန်သင်နေသလို မပြောတော့ပါဘူး။ ဒါပေမယ့် အထက်မှာကျနော်ပြောခဲ့သလိုပဲ ကျနော်တို့ ပတ်ဝန်းကျင်မှာ နိုင်ငံရေးလိုက်စားတဲ့၊ အမှန်တရားကိုချစ်မြတ်နိုးတဲ့၊ အနစ်နာခံတာ မြင့်မြတ် တယ်လို့ နားလည်ယုံကြည်တဲ့ လေထုတခုကို ဖန်တီးထားပေးသလို ဖြစ်နေပါတယ်။ ကျနော် တို့နားထဲမှာ နေ့စဉ်နဲ့အမျှလည်းဒါမျိုးတွေ၊ ဒီစံတွေပဲကြားနေရတာပါ။ တခါတလေ ကိုယ့်ခေါင်း ထဲမှာ မရှင်းတာရှိရင်တော့ အမေ့ကိုမေး၊ အမေကရှင်းပြတာလုပ်ပါတယ်။ ကျနော်တခါက အင်တာဗျူးတခုမှာပြောခဲ့သလိုပဲ သူတို့က ပါးစပ်နဲ့ပြောပြီးသင်တာနဲ့ သူတို့ကိုယ်တိုင် အပြုအ မူနဲ့ပြောပြီးသင်တာက ပိုများတယ်ထင်ပါတယ်။ မေး။ ။ ကြုံတုန်း ကြိုက်တုန်းပေါ့ ဆရာရယ်။ ဆရာစွဲလန်းခဲ့တဲ့ စာရေးဆရာတွေ၊ ဆရာနှစ် သက်ခဲ့တဲ့ စာပေတွေ ရှိမှာပဲ။ ဒီမေးခွန်းကတော့ သိပ်ပြီး ကျယ်ဝန်းမှာပဲ။ ကျနော်တို့ ဘက်က စာမျက်နှာအကန့်အသတ်မရှိပါဘူး။ ဆရာ့ဘက်ကသာ ပြောနိုင်သလောက် ပြောပြ ပေးပါ။ ဖြေ။ ။ ကျနော်စွဲလန်းခဲ့တာတွေဆိုရင်တော့ အစောပိုင်းပဲပြောပါရစေ။ နောက်ပိုင်းတော့ သိတ်များသွားပြီး ဘယ်သူလို့ပြောရခက်လို့ပါ။ ကျနော်ပထမဆုံးစွဲလမ်းခဲ့တာဟာ ရွှေဥဒေါင်းပ။ (သူက ကျနော့်အဖိုးသူငယ်ချင်းပါ။ ကျနော့်အမေကဆို သူ့ကိုဦးလေးသိန်းလို့ ခေါ်ပါတယ်။ ကလောင်နာမည်တွေရှေ့မှာ “ဦး” - “ဒေါ်” စတာတွေမတပ်တာ လိုရင်းရောက် အောင်လို့ပါ။ မလေးစားလို့ မဟုတ်ပါဘူး။) တဆက်တည်းမှာပဲ ဒဂုန်ရွှေမျှာပါ။ ကလေးပီပီစွန့် စားခန်းနဲ့ လျှို့ဝှက်နက်နဲတယ် ထင်တာတွေကို သိတ်သဘောကျပါတယ်။ ကဗျာဘက်ကဆို ရင်တော့ မင်းသုဝဏ်ပါ။ နှစ်ယောက်မရှိပါဘူး။ ဇော်ဂျီရဲ့ကဗျာတွေကို မခံစားတတ်သေးပါဘူး။ အဲဒီနောက်မှာကြိုက်လာတာက ဇ၀န၊ နောက်တော့ ဗန်းမော်တင်အောင်၊ ဒဂုန်တာရာ၊ ကြည် အေး၊ သော်တာဆွေ စသဖြင့် ဖြစ်ပါတယ်။ ကဗျာမှာလည်း သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ တင်မိုး၊ မောင်စွမ်းရည်၊ မောင်သိင်္ဂါ၊ ကြည်အောင် စသဖြင့်ဖြစ်ပါတယ်။ အင်္ဂလိပ်လိုဖတ်ရတဲ့အ ထဲမှာတော့ ဂေါ်ကီနဲ့ အီမလီဘရွန်တေနဲ့ စတယ်လို့ပြောရမလားပဲ။ အဲဒီနောက်မှ တော်လ်စ တွိုင်းဝတ္ထုတွေ ဖတ်ဖူးပါတယ်။ တပြိုင်တည်းမှာ ဂျက်လန်ဒန်၊ အိုဟင်နရီတို့၊ မောပေါဆင့်တို့ရဲ့ ၀တ္ထုတွေကိုလည်း စွဲလန်းခဲ့ပါတယ်။ ကဗျာမှတော့ တဂိုးနဲ့ ခါလစ်လ်ဂျီဘရန်းပေါ့။ ကျနော် ထောင်ထဲရောက်တော့ စာတွေပိုဖတ်ဖြစ်ပါတယ်။ အထူးသဖြင့် အင်္ဂလိပ်လိုရေးတဲ့ စာအုပ်တွေ ပါ။ ကျနော့်ကို အင်္ဂလိပ်ကဗျာတွေ ခံစားတတ်အောင် (ဒီလိုပြောလို့ ကျနော်အကုန်ခံစားတတ် တယ်လို့ မဆိုလိုပါဘူး) သင်ပေးတာက ကွယ်လွန်သွားတဲ့ စစ်ကိုင်းက ဒေါက်တာလှရွှေပါ။ အဲဒီမျာ ရှယ်လီ၊ ကိတ်စ၊ ဘိုင်ရွန်တို့ကို အရမ်းစွဲတော့တာပါ။ ရုရှားက ပုရှကင်တို့၊ မာယာ ကော့ဗ်စကီးတို့၊ ပြင်သစ်က ရင်ဘိုးတို့ မာလမ်းမ်တို့လိုဟာတွေကိုလည်း နောက်မှာ (အင်္ဂလိပ် လို) ဖတ်ရ၊ နှစ်သက်ခဲ့ပါတယ်။ မေး။ ။ ဘယ်အသက်အရွယ်၊ ဘယ်နှစ်ခုနှစ်မှာ စရေးခဲ့ပါသလဲ။ ဖြေ။ ။ စ ရေးဖြစ်တာကတော့ တက္ကသိုလ်စရောက်တဲ့ ၁၉၆၁၊ အသက် ၁၅-၆ နှစ်အရွယ်မှာ ပါ။ ဒါပေမယ့် ကျနော်ဘယ်ကိုမှ မပို့ခဲ့ပါဘူး။ အဲဒီတုန်းက ကျနော့်ကို စာရေးဖို့အခါခါ တိုက်တွန်းတဲ့ ကဗျာဆရာကြည်အောင် (ကျနော်တို့အခေါ် ကိုကြည်လင်) ကိုပဲပြမိတယ် ထင်ပါတယ်။ အဲဒီနောက် ဖေါ်ပြခံရတာကတော့ ကျနော်ထင်တာ ၁၉၆၅ လို့ထင်ပါတယ်။ ကုလသမဂ္ဂက စာအုပ်နှစ်အုပ်ဆိုပြီး ( Books Of All ) လို့ကြွေးကြော်သံထုတ်ပြီး လှုံ့ဆော်တော့ ကျနော်တို့မန္တလေးဘက်ကလည်း “စာအုပ်စာပေလူ့မိတ်ဆွေ” ဆိုပြီး ဗမာဆံဆံကြွေးကြော်သံ ထုတ်ပြီး လှုပ်လရှားကြတဲ့အချိန်က ဖြစ်ပါတယ်။ကျနော်လူထုသတင်းစာထဲမှာ ဆောင်းပါး ၂ ပုဒ်လား ရေးခဲ့ပါတယ်။ မေး။ ။ ဗမာပြည်ကွန်မြူနစ်ပါတီထဲ ရောက်လာစဉ် လက်နက်ကိုင်တော်လှန်ရေးထဲမှာ စာ တွေရေးနိုင်ရဲ့လား။ နောက်ပြီးတော့ စာတွေကိုဖတ်ဖြစ်ရဲ့လား။ ဖြေ။ ။ ကျနော် ဗမာပြည်ကွန်မြူနစ်ပါတီကို လာတော့ ပျောက်ကျားဒေသတခုကို အရင် ရောက်ပါတယ်။ အဲဒီမှာ စခန်းထဲမှာ နေတော့တခြားရဲဘော်တွေရဲ့ ကျောပိုးအိတ်ထဲ ကမှတ်စုတွေ၊ မော်စီတုန်းလက်ရွေးစင်ကျမ်းတွေ ဖတ်ရပါတယ်။ စာဖတ်စရာ ပြတ်တယ်မရှိပါ ဘူး။ အဲဒီနောက် အခြေခံဒေသကို ရောက်လာတော့ဖတ်စရာတွေ တော်တော်များများ တွေ့ရပါတယ်။ အင်္ဂလိပ်လိုဖတ်စရာတွေလဲ အများကြီးပဲရှိပါတယ်။ အခြေခံဒေသမှာ ပုံနှိပ်စက် ရှိနေတော့ ဗဟိုဝါဒဖြန့်ချိရေးဌာနပုံနှိပ်စက်ကထုတ်တဲ့ စာအုပ်တချို့လည်းဖတ်ရပါတယ်။ ပြည် မက ထုတ်တဲ့သတင်းစာတွေနဲ့ မဂ္ဂဇင်းကိုတော့ အချိန်နောက်ကျပြီးဖတ်ရပါတယ်။ မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်ကျမ်းတွေလည်း ဖတ်မယ်ဆိုရင်တပုံကြီးပါ။ ဒါပေမယ့် အင်္ဂလိပ်လိုဖတ်နိုင်ဖို့တော့ လိုတာပေါ့။ ဗဟိုစာကြည့်တိုက်မှာ စာအုပ်ကောင်းတွေ တော်တော် များများရှိပါတယ်။ ဒါ့အပြင် အခြေခံဒေသမှာ အခါအားလျော်စွာထုတ်တဲ့ ဂျာနယ် မဂ္ဂဇင်းတွေလည်း ရှိပါ တယ်။ အခါကြီးရက်ကြီးတွေမှာ ဗဟို၊ မြောက်ပိုင်းဗျူရို၊ အရှေ့မြောက်ပိုင်းစစ်ဒေသ စတာတွေ က ဂျာနယ်မဂ္ဂဇင်းတွေထုတ်ရင် ကျနော်တို့ ၀ိုင်းရေးကြတာပါပဲ။ နောက်ပြီး ၁၉၈၅ခုနှစ် ပါတီရဲ့ တတိအကြိမ်မြောက်ကွန်ဂရက်အပြီးမှာတော့ ပြည်သူ့အာဏာဂျာနယ်ကို ပြန်ထုတ်ပါတယ်။ အဲဒီမှာလည်း ကျနော်ပါဝင်လှုပ်ရှားခဲ့ပါတယ်။ အများဆုံးကတော့ ပြည်သူ့အသံ အသံလွှင့်ဌာန မှာ ဆောင်းပါးတွေရေးတာပဲဖြစ်ပါတယ်။ မေး။ ။ ဒီနေ့မျက်မှောက်ကာလ ဗမာပြည်စစ်အာဏာရှင်စနစ်၊ စစ်အုပ်စုခေတ်မှာ စာပေတွေ အပေါ် ဘယ်လိုသုံးသပ်ချင်ပါသလဲ။ ဖြေ။ ။ ဒီနေ့ဗမာပြည်မှာထွက်တဲ့ စာပေတွေအပေါ် ဘယ်လိုမြင်သလဲဆိုတဲ့ မေးခွန်းကိုဖြေဖို့ ဆိုတာ ကျနော့်အတွက် အတော်တော့ခက်ပါတယ်။ အကြောင်းက ကျနော်ဖတ်ရတဲ့ စာအုပ်၊ ဂျာနယ်၊ မဂ္ဂဇင်းအရေအတွက်က သိပ်နည်းနေလို့ပါ။ ကျနော်ဖတ်မိတာလောက်နဲ့ အားလုံးခြုံငုံမိပါ့မလားလို့ တွေးနေမိတယ်။ အရမ်းမှန်းပြောတာမျိုးဖြစ်နေရင် မကောင်းဘူးလား လို့။ သေချာတာတခုကတော့ နအဖဟာ စာပေနယ်ပယ်ကို အင်မတန်သတိကြီးစွာနဲ့ အစီအ စဉ်တွေချမှတ်လုပ်ကိုင်နေတယ်ဆိုတာပဲ။ သူတို့ဟာ တခုလုံးနဲ့ဆိုင်တဲ့ ရေရှည်စီမံကိန်း၊ တခု ချင်းနဲ့ပတ်သက်တဲ့ အသေးစိတ်စီမံကိန်း စသဖြင့် လုပ်နေတာသေချာတယ်လို့ ပြောချင်ပါ တယ်။ သူတို့ရဲ့စာပေါ်လစီကို သူတို့အာဏာတည်မြဲရေးဆိုတဲ့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တိုက် ရိုက်ဆက်ထားပါတယ်။ စာပေနယ်ဟာ စစ်အုပ်စုကို ဆန့်ကျင်သူတွေဖြစ်ပေါ်စေတယ်ဆိုတာ သူတို့သိကြပါတယ်။ ဒါဟာ ဖဆပလထဲက ဆိုရှယ်လစ်ပါတီခေါင်းဆောင်တွေနဲ့ ဗိုလ်နေ၀င်း စစ်အုပ်စုတို့ လက်ချင်းတွဲနေကတည်းက ရရှိထားတဲ့ အသိပါ။ ဒါကြောင့် စာပေနယ်ဟာ သူတို့ ရဲ့အဓိကပစ်မှတ်ကြီးတခုလို ရန်ရှာခြင်းခံနေရတာဖြစ်ပါတယ်။ ဒါ ဒီနေ့အထိပါပဲ။ စာပေလောကတခုလုံးမှာ နိုင်ငံရေးအရ တိုက်ရိုက်ပဲဖြစ်စေ၊ သွယ်ဝိုက်၍ပဲဖြစ်စေ၊ သူတို့ကိုဆန့်ကျင်တာတွေ လုံးဝပပျောက်သွားရေးဟာ သူတို့ရဲ့အဓိကရည်မှန်းချက်ပါ။ ဒီရည် မှန်းချက်ကို အဓိကအကောင်အထည်ဖေါ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ဆိုပေမယ့် သူတို့အ တတ်နိုင်ဆုံးမပြတ်လုံးပမ်းနေမှာပါ။ ဘယ်တော့မှ လက်လျှော့မှာမဟုတ်ပါဘူး။ ခေတ်အရကိုပဲ စာပေဆိုတာ အတိုင်းအတာတခုနဲ့ ရှိကိုရှိနေရမှာဖြစ်လေတော့ သူတို့ဟာ သူတို့မရှိနေရမှာဖြစ် လေတော့ သူတို့ဟာ သူတို့မကြိုက်တာတွေကို ပပျောက်အောင်လုပ်ရင်းတဖက်မှာ အစားထိုး တာတွေလုပ်ရပါတယ်။ အဲဒီလိုလုပ်တာဟာ ကာလတာရှည်လာတော့ တစုံတရာထိရောက်နေ သလိုလိုဖြစ်နေပါတယ်။ အဲဒါကတော့ စာနယ်ဇင်းတွေမှာ အတွေးအခေါ်အရ၊ အတတ်ပညာ အရ၊ အရည်အသွေးရှိတဲ့လက်ရာတွေ နည်းသထက်နည်းလာပြီး၊ အပျော်ဖတ်၊ အပေါစားစာ တွေထွန်းကားနေတာကို စိတ်မကောင်းစွာတွေ့နေရတာပါပဲ။ တလောကတော့ မဂ္ဂဇင်းတ စောင်မှာ စာရေးဆရာတဦးရဲ့ပြောကြားချက်အဖြစ် “ရသစာပေမပျောက်ပြယ်နိုင်” ဆိုတာကို ဖတ်လိုက်ရတယ်။ ရသစာပေ ပျောက်မပျောက်ဆိုတာတောင် ငြင်းခုန်နေရတဲ့ အခြေအနေ ရောက်နေတဲ့သဘောမို့ စိုးရိမ်ပူပန်မိတယ်။ စာဖတ်သူတွေမှာ ရသစာပေ ခံစားနိုင်စွမ်းကျဆင်း လာတာဟာ ယဉ်ကျေးမှုရေချိန်ယုတ်လျော့လာတာ ဖြစ်ပါတယ်။ မကောင်းတဲ့လက္ခဏာပါ။ တ ချိန်တည်းမှာ နအဖဟာ သူတို့နန်းသက်ရှည်လာတာနဲ့အတူ စာရေးဆရာထဲက သူတို့ဝယ်ယူ မွေးမြူလိုက်နိုင်သူတွေတိုးလာတာလည်း တွေ့နေရပါတယ်။ ဖောက်ပြန်တဲ့ အုပ်စိုးသူတွေအဖို့ ပြည်သူလူထုကို ဆန့်ကျင်ရာမှာ မီဒီယာရဲ့အရေးပါမှုကိုကောင်းကောင်းသိနေကြလေတော့ သူ တို့ရဲ့ကလောင်တပ်ဖွဲ့ကို မပြတ်မွေးမြူနေရပါတယ်။ အဓိကအကြောင်းက ပြည်သူ့ဘက်က ရပ်တည်တဲ့စာပေသမားတွေဟာ အချိန်ကြာလေ ဂုဏ်သိက္ခာတက်လေ၊ စာဖတ်သူတွေအ ကြားမှာသြဇာတက်လေဖြစ်ပြီး ဖိနှိပ်သူအစိုးရတွေဘက်က ရပ်တဲ့ကလောင်တွေ၊ ခြံကူးတွေကျ တော့ ကြာလေ သိက္ခာကျလေ၊ ပွဲထုတ်လို့မရလေဖြစ်ပါတယ်။ ဒါပေမယ့် အကောင်းဘက်က ကြည့်နိုင်တာလည်း ရှိပါတယ်။ အဲဒါကတော့ စာပေသ မားတွေဟာ ပုံစံမျိုးစုံ၊ အသုံးအစွဲမျိုးစုံနဲ့ လူထုတွေကို မက်ဆေ့ဂ်ျပေးနေတာပဲ။ Labels: တွေ့ဆုံဆွေးနွေးခန်း |