နံရံမှာ ကောင်းကင်ကို မော့ကြည့်နေသည့် လူမည်းလက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင် မယ်ကွန်အိတ်(က်စ်)နှင့် မာတင်လူသာကင်း၏ “ငါ့မှာအိပ်မက်တွေရှိတယ်”ဆိုသည့် လူထုဟောပြော ပွဲ၊ ပိုစတာကြီးတွေ၊ လက်တင်အမေရိက က လူထုလှုပ်ရှားမှုပုံတွေကို စုတ်ချက်ကြမ်းကြမ်း ဆွဲထား သည့် ပန်းချီကားတွေရှိသည်။ လူနည်းစုအခွင့်အရေးတွေအတွက် တက်တက်ကြွကြွတိုက်ပွဲဝင်နေသည့် ပေါ်တူရီကန်တွေ၊ အာဖရိကန်တွေနှင့် အမေရိကန်ကျောင်းသူကျောင်းသားတွေ ဦီးဆောင်ဖွင့်လှစ်ထားသည့် စာကြည့် တိုက်ထဲမှာ ကျနော်တို့ ဗမာပြည်ရေးလှုပ်ရှားသူတွေ၊ ခြောက်ပေပတ်လည် ခန့်ရှိသည့် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ သင်္ကေတဖြစ်သော အနီနှင့် အပြာရောင် ပေါင်းစပ်ထားသည့် ကမ္ဘာလုံး၊ စာပေနှင့် မီးတုတ်၊ ----လက်ဝဲဘက်မှာတော့ တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်နှင့် လက်ယာဘက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ပိုစတာကြီးကြီးတခု၊ ၀ိညည်တွေ—အရိုးတွန်သံတွေ--- မန္တလေးဆောင်ရှေ့၊ အဓိပတိလမ်းမဆီက ယမ်းနံ့တွေ၊ ဂျူလိုင် (၇)ရက်လို့ သွေးနှင့်ရေးထားတဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦ ကျနော်တို့အားလုံးကို လှုပ်နိုးရိုက်ခပ်နေ သည်။ ရဟန်းပျို သမဂ္ဂ ဥက္ကဌ ဆရာတော် ဦးခေမာစာရ ဗိုလ်အောင်ကျော်ကျဆုံးတော့၊ မန္တလေးဘုန်းကြီးတွေက ရန်ကုန်က ကျောင်းသားတွေဆီ စာပို့ ခဲ့တယ်။ “မင်းတို့ကျောင်းသားတွေ အသေခံပြီးတိုက်ပွဲဝင်သလို ဦးဇင်းတို့လည်း တိုင်းပြည်အတွက် စွန့်လွတ်တိုက်ပွဲဝင်ဖို့ အသင့်ပဲ”လို့၊ ဂျူလိုင် (၇)ရက်အရေးတော်ပုံဆိုတာ အင်မတန် အရေးကြီး ပါတယ်။ အဲဒါကြောင့်လည်း ဒီကနေ့အထိ ကျောင်းသားတိုက်ပွဲ တိုင်းမှာ ဦးဇင်းတို့အတူပါခဲ့တာပဲ၊ ဒီမိုကရေစီရေးအောင်မြင်လိမ့်လို့လည်း ယုံကြည်တယ်။ ဆရာမောင်စွမ်းရည် (နယူးယောက်) ၁၉၅၉-၆၀ ရန်ကုန်တက္ကသိုလ်နဲ့ တကသ တို့ ထုတ်တဲ့နှစ်ပတ်လည်မဂ္ဂဇင်းက စစ်အာဏာရှင် တွေကို ပြောင်ပြောင်တင်းတင်းရှုံ့ချ စိန်ခေါ်ခဲ့တယ်။ ၁၉၆၂ အရေးတော်ပုံဖြစ်တော့ ရန်ကုန်မှာ ကိုစိုးဝင်း (ရဲဘော် ဖိုးသံချောင်း၏ အကို)တို့ သမဂ္ဂနဲ့အတူ မိုင်းခွဲခံရတဲ့အထဲ ပါသွားတယ်ဆိုတဲ့ သတင်းက ပြန့်နေတယ်။ (နောက်မှသိရတာ၊ သူတို့အုပ်စု တောခိုသွားကြပြီဆိုတာ) မန္တလေး တက္ကသိုလ်မှာက ကျောင်းအုပ်ကြီး ဦးကိုလေးလက်ထက်ကတည်းက စစ်တပ်တွေ၊ ရဲတွေကို ကျောင်းထဲဝင်ခွင့်ပေးတာ မဟုတ်ဘူး၊ ဂျူလိုင်အရေးတော်ပုံဖြစ်တော့၊ မန္တလေးတက္ကသိုလ်မှာ စစ်တပ်က ၀င်ဖို့ကြိုးစားတဲ့အခါ ကျောင်းသားတွေက သစ်ပင်တွေလှဲပြီး ပိတ်ဆို့ထားကြတယ်။ ရဲဘော်ဖိုးသံချောင်း၊ ကိုစိုးဝင်းမောင်၊ ကိုအောင်သူတို့ ပါတာပေါ့၊ ပါမောက္ခချုပ် ဒေါ်စီစီဝင်းက စစ်တပ်က တကယ်ပစ်တော့မယ်ဆိုတာသိတော့ ငိုယိုတောင်းပန်ပြီး ဖယ်ခိုင်းတာကြောင့် ကျောင်းသားတွေက ဆုတ်ပေးခဲ့ကြတယ်။ မန္တလေး တက္ကသိုလ်က ကျောင်းသားအဆောက်အဦ တဲတန်းကြီးကို စစ်တပ်က ၀င်ရောက်ပြီး ဖျက်ဆီးပစ်ခဲ့ကြတယ်။ ၁၉၆၃ မှာ ကိုယ်တို့ ခွပ်ဒေါင်းစာစောင်ကို ကိုသာနိုး၊ ကိုလေးမောင်၊(မြင်းခြံ)၊ (ကိုကိုးကျွန်း တိုက်ပွဲကျဆုံး)၊ ကိုတင်မိုး၊ ကြည်အောင်၊ ကိုလေး နဲ့အတူဦးဆောင်ပြီး ထုတ်ခဲ့ကြတယ်။ “စစ်ဝါဒ ကို မြေမြှုပ်ပစ်ကြ”တို့ ဘာတို့ပါတာပေါ့၊ ဗကသ၊ တကသတွေ ပေါင်းပြီး ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေလုပ်ခဲ့ကြတယ်။ အိမ်တော်ရာ လေးခန်းဇရပ်ထဲမှာ၊ မင်းသားကြီး ဦးထွန်းဝေက ဥက္ကဌ၊ သိတ်မကြာဘူး၊ စစ်အာဏာရှင်တွေက သူတို့အတွက် အန္တရာယ်ကောင်တွေဆိုပြီး၊ ဖမ်းဆီး၊ ကိုကိုးကျွန်းကို ပို့ခဲ့တယ်။ တချို့တောခို သွားရတယ်၊ ကျောင်းသားတွေတောထဲရောက်သွားတော့ စစ်အုပ်စုက တရားဝင် လူသတ်လို့ရသွား တော့တာပေါ့၊ မဇင်ဇင် ( သစ္စာ တော်လှန်စာပေမဂ္ဂဇင်းအယ်ဒီတာ) ကျမ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်တုံးက ဂျုလိုင် လထဲရောက်ပြီဆိုရင်၊ ကျောပေါက် တစ္ဆေကြီးတွေကို တွေ့ရတယ်ဆိုပြီး ကောလဟလ အကြောင်းအရာတွေ ကြားရတယ်။ နောက်မှ ကျောင်းက ဆရာမတွေက ရှင်းပြတာ၊ ဒီရက်မှာ ကျောင်းသားတွေ ဘယ်လို ရက်ရက်စက်စက် သတ်ခံရတယ်ဆိုတာပေါ့၊ တချို့ ဆရာတွေက “တပည့်တို့ ဘာဖြစ်လို့ နံပါတ်ခွန်နှစ်ကို တုတ်ချောင်း လေး ထည့်တာလည်း”လို့ပေါ့၊ ဆဲဗင်းဂျူလိုင်ကို မမေ့ကြဖို့အတွက် နံပတ် ခွန်နှစ်ကို ဘာကြောင့် တုတ်ချောင်းလေးခပ်လိုက်တယ်ဆိုတာ သတိပေးလိုက်တာလို့ ရှင်းပြခဲ့ကြတယ်။ အောင်မိုးဝင်း (ဗကသ၊ အထက်ဗမာပြည်) အေးဗျာ၊ မြေအောက်လှုပ်ရှားမှု့လုပ်တဲ့သူတွေက ပုံစံမျိုးစုံနဲ့၊ ပုံတိုပတ်စတွေပြောပြီး၊ သမိုင်း တွေကို မမေ့အောင်လှုံ့ဆော်ခဲ့ကြတာ၊ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်အဆောင်တွေမှာ ဆိုရင် အဲ့ဒီနေ့ရောက်ရင် ဆဲဗင်းဆိုတဲ့ ဏန်းလေး နေရာအနံ့မှာ ရောက်လာပြီး၊ ကျောင်းဝင်းတခုလုံး တိတ်ဆိတ်ကြေကွဲနေတာ၊ ကျနော် စဉ်းစား ကြည့်မိတယ်။ သမဂ္ဂကိုသာ ဖြိုဖျက်လို့ ရပေမဲ့ မျိုးဆက်တွေကို ဖြတ်တောက်ပစ်လို့မရဘူး၊ ဥပမာ—ကျနော့သူငယ်ချင်းတယောက်ရှိတယ်။ သူက ၆၂ တုံးက နာမည်ကြီး တကသ ကျောင်းသားခေါင်းဆောင် ကိုဗဆွေလေးရဲ့သားပေါ့၊ ကျနော်တို့ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုထိ လက်တွဲပြီးအတူတူတိုက်ခဲ့ကြတယ်။ ကျနော်တခါတလေ၊ မုံရွာ အမြဲစိမ်းက ကျနော်တို့ မန္တလေးတိုက်ပွဲတွေဆီ လာလေ့ရှိတဲ့ မုံရွာ အမြဲစိမ်းက ကိုကျော်ဝင်း စကား ကို သွားသတိရမိတယ်။ “ခင်ဗျားတို့ခေတ်က ကံကောင်းတယ်ဗျာ၊ မျိုးဆက်တွေအားလုံးကို တပြိုင် တည်းဖတ်လိုက်ရတာ။ အတွေ့အကြုံတွေအကုန်လုံးကိုသာယူပြီး အသစ်တွေလည်း ဖန်တီးဗျာ” တဲ့၊ တကယ်တမ်းကျ ၈၈ အရေးတော်ပုံဆိုတာက ကျနော်တို့ကျောင်းသားတွေ ရဲ့ကြိုးစားမှုနဲ့ ခေတ် အဆက်ဆက်က မြေအောက်လှုပ်ရှားမှုလုပ်တဲ့သူတွေ ပေါင်းစပ်လိုက်လို့ဖြစ်ပေါ်ခဲ့တာလို့ ယုံတယ်။ ဦးစိုးချိန် ( သစ္စာ မဂ္ဂဇင်းအယ်ဒီတာ) ဦးကျော်ငြိမ်းက ဗကသ၊ တကသတွေကို တသက်လုံးကြည့်မရခဲ့တာ၊ဖဆပလ ထဲက လက်ယာ ဆိုရှယ်လစ်တွေဖြစ်တဲ့ ကျော်ငြိမ်းနဲ့ ဘဆွေတို့ရဲ့ အမြင်မတူတဲ့ နိုင်ငံရေးသမားတွေကို ချေမှုန်းပစ် ရမယ်ဆိုတဲ့အယူအဆကို ဗိုလ်နေ၀င်းကဆက်ပြီး အကောင်အထည်ဖေါ်ခဲ့တယ်။ နေ၀င်းက တက္ကသိုလ်ပညာရေးမှာ ကျောင်းသားတွေရဲ့အမြင်ကို တကသ ကတဆင့် တင်ပြတာကို တားဆီးဖို့ ကြိုးစားလာတယ်။ ၁၉၅၉ ဇန်န၀ါရီ (၁၇)မှာ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ဖို့ နေ၀င်း က တက္ကသိုလ်ကောင်စီမှာ အဆိုတင်သွင်းတယ်။ တက္ကသိုလ်ကောင်စီမှာ ကျောင်းသားကိုယ်စား လှယ် နှစ်ယောက်ကိုယ်စားလှယ်အဖြစ်ပါတာကို ဖျက်သိမ်းဖို့လုပ်တယ်။ ၁၉၆၂ အာဏာသိမ်းပြီး နှစ်လနဲ့ ခုနှစ်ရက်အကြာမှာ တက္ကသိုလ်ကောင်စီကို ဖျက်သိမ်း လိုက်ကြောင်းကြေငြာတယ်။ တက္ကသိုလ်ကောင်စီမှာ မဲနဲ့ရွေးချယ်တင်မြောက်ထားတဲ့ ပါမောက္ခချုပ် ဒေါက်တာသာလှကို ထုတ်ပယ်ပြီး သင်္ချာပါမောက ဦးကာကို ခန့်အပ်ခဲ့တယ်။ တက္ကသိုလ်ကျောင်းဆောင်တွေကို ည (၈) နာရီမှာ သော့ခပ်ပိတ်ရမယ်ဆိုတဲ့ အမိန့်ထွက်လာတယ်။ ၆၂ ဂျူလိုင် (၇) ရက် နေ့လည် (၁) နာရီမှာ တက္ကသ ဥက္ကဌ ကိုဗဆွေလေး လက်မှတ်နဲ့ ဖိတ်ခေါ်တဲ့ ကျောင်သားထုအစည်းကိုစတင်ပြီး စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကိုရှုံ့ချတဲ့အနေနဲ့ တက္ကသိုလ်ဝင်းထဲမှာ လည့်လည်ဆန္ဒပြကြတာကနေ၊ စစ်တပ်က ချေမှုန်းသတ်ဖြတ်ပစ၊် သမဂ္ဂ ကို ဖြိုခွဲပစ်တဲ့အထိ ဖြစ်ခဲ့တာ မဟုတ်လား။ ကိုမောင်မောင်စိုး (ဖို့ဒ်ဝင်း၊ အင်ဒီယားနား) ၁၉၆၂ အရေးတော်ပုံဆိုတာကို ကိုယ်တိုင်မကြုံဘူးပေမဲ့ ငယ်ငယ်က စာတွေ၊ ကျနော်တို့အဖေ တို့ ပြောကြားချက်အရ၊ဘယ်လောက်အစဉ်အလာကြီးတယ်ဆိုတာ၊ ခန့်မှန်းလို့ ရပါတယ်။ တကယ် တော့ ကျောင်းသားသမဂ္ဂ စိတ်ဓာတ်ဆိုတာကြီးသူကို လေးစာ၊ ငယ်ရွယ်တဲ့ မျိုးဆက်တွေကိုလည်း အလေးထား ဆိုတာလည်းပါတယ်ဗျ၊ တချိန်က နာမည်ကြီးပုဂိုလ်တွေနဲ့ နိုင်ငံရေး ပလက်ဖောင်း ပျောက်နေသူတွေ၊ အထည်ကြီးပျက်တွေက ငယ်ရွယ်သူတွေ၊ တခြားသူတွေရဲ့ အခန်းကဏ္ဌကို မလေးစားရင်၊ ပြဿနာတက်မှာပဲ။ ဒါကို ကျနော်တို့ သတိထားဖို့လိုတယ်။ နောက်တခုက ညီလာခံတွေလုပ်ပြီး၊ ညီလာခံက ဆုံးဖြတ်ချက်တွေကို ပြင်ချင်တယ်ဆိုရင်၊ နောက်ညီလာခံရောက် တဲ့ အထိစောင့်ပြီးလုပ်မယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို လေးစားမှုတွေ ကျင့်သင့်တယ်။ ကိုယ့်မူနဲ့ ကိုယ်ရှိ သင့်တယ်၊ ရန်သူအပေါ်အဓိပ္ပါယ်သတ်မှတ်ချက်ကို ရှင်းရှင်းလင်းလင်းရှိဖို့လိုတယ်။ ကေအင်ယူကို ဒီကေဘီအေနဲ့တွေ့ပေးတယ်၊ ကျောင်းသားလှုပ်ရှားမှု့ကို ကြံ့ဖွံ့တွေနဲ့ရင်ဆိုင်ခိုင်းတယ်။ အဲ့တော့၊ ဒီကနေ့ပြည်သူတွေထွက်ပေါက်ရအောင် ကျနော်တို့ဘယ်လိုလုပ်ပေးမလဲ၊ အထဲလှုပ်ရှားမှုကို ဘယ်လို အားဖြည့်ပေးမလဲ ဆိုတာ အလေးအနက်လုပ်ရမဲ့အရာဖြစ်တယ်။ အရှင်ခေမာစာရ ညီညွတ်ရေးနဲ့ပတ်သက်ပြီး ဦးဇင်းတခုပြောချင်တယ်။ အရင်လူတွေနဲ့ နောက်ရောက်လာတဲ့ သူတွေကြားမှာ နားလည်မှုရှိစေချင်ပါတယ်၊ ကေအင်ယူနယ်မြေကို ဦးဇင်းတို့ရောက်ခါစက ဦးဇင်းတို့၊ ကျောင်းသားတွေတို့က တက်ကြွမှုက အထွတ်အထိပ်တက်နေတာ၊ မဆလ ပါတီ ဥက္ကဌ (၃) ယောက်ကို ဖြုတ်ချခဲ့တာဆိုတဲ့ မာနကလည်း မနည်းဘူးမို့လား ( ရယ်မောလျက်)AK-၄၇ တွေ၊ လက်နက်ကြီးတွေ ကိုင်ထားတဲ့ ကရင်ဗိုလ်မှုးတွေကို “ဟာ ဖထီးတို့ကလည်း ဘာလို့ နိုင်အောင် မတိုက်နိုင်ရတာလည်း--- စတဲ့ အပြင် ပြင်းပြင်းထန်ထန် ဝေဖန်ကြတာ၊ သူတို့က ဘာမှမပြောဘူး၊ ကွမ်း ကိုမြုံဝါး၊ ပြုံးပြီး ကြည့်နေတာ၊ ကျောင်းသားတပ်မတော်ထောင်ခဲ့ရတာ တကယ့်ကို မိုးထဲလေထဲမှာ လုပ်ခဲ့ရတာ၊ လူတော်တွေအများကြီးပဲ၊ ဘာသင်လိုက်၊ သင်လိုက် ခဏလေးနဲ့ တတ်သွားတဲ့ ဆေးတက္ကသိုလ်က ကျောင်းသားတွေ၊ သူတို့လည်းငှက်ဖျားတော ထဲမှာ ဒုက္ခရောက် လိုက်ကြတာ၊ ထွီးဖားဝီးကျိုးက ခွေးအိပ်တောင်တိုက်ပွဲဆိုတာကြားဘူးမလား မသိဘူး၊ ရန်သူက မြေပြင်ကနေ အင်အားသုံးသောင်းနဲ့ တိုက်တဲ့အပြင်၊ လေယာဉ်နဲ့လည်း ဗုံးက ကြဲသေးတာ၊ ကျောင်းသားတွေ တကယ့်ကို အသက်စွန့်ပြီး တိုက်ပွဲဝင်ကြတာ၊ ဒါတွေကို ဥပမာပေး ပြောနေတာ က၊ ဒီပဲယင်းမှာ ပါဝင်ခဲ့တဲ့လူတွေကလည်း သူတို့ကမှ တကယ်ခံ ခဲ့ရတယ်ဆိုပြီး ကျန်တဲ့သူတွေဘ၀ ကို နားမလည်ရင် တဘက်ကလည်း “မင်းတို့ကြုံရတာ၊ ခွေးအိပ်တောင်တိုက်ပွဲ တပွဲစာ မရှိပါဘူး” ကွာလို့ ပြန်တုန့်ပြန်ရင်ရှုပ်ကုန်ရော၊ ဗိုလ်ချုပ်မောင်မောင်ကို မေးကြည့်မိတယ်၊ ခွေးအိပ်တောင် တိုက်ပွဲရဲ့ ကုန်ကျစရိတ်ကိုပေါ့၊ သူက ပြောတယ်။ တနေ့ကို ဘတ်ဆယ်သိန်း ကုန်တယ်တဲ့၊ ဦးဇင်းကတော့ ဘာပဲဖြစ်ဖြစ်၊ နယ်စပ်မှာကျောင်းသားတွေ ရှိနေတာကို ကြိုက်တယ်၊ လူဟောင်းတွေရော၊ လူသစ်တွေရော တွေ့ကြုံခဲ့ရတာကိုး၊ (အခြေအနေတွေကို ဖြတ်မမြင်ကြဖို့၊ တယောက်ရဲ့ဖြတ်သန်းမှုကို တယောက် က တန်ဘိုးထားအသိအမှတ်ပြုကြဖို့ ၊ ညီညွတ်ရေးအတွက် ဆော်သြတရားဟောတဲ့ ဆရာတော်ရဲ့ စေတနာကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။) မဇင်ဇင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ၊ ပြည်သူလူထုက မဲပေးခဲ့လို့ဒီနေ့အချိန်ထိ တည်ရှိနေ ခဲ့တာ၊ ပြည်ပမှာရှိတဲ့လူတွေကလည်း ပြည်သူတွေကို စိတ်ရှည်ရှည်နဲ့ စည်းရုံးရေးအမြင် စိတ်ဓာတ် နဲ့၊ လုပ်စေချင်ပါတယ်။ မခင်စမ်းဝေ ( NLD၊ ဘတ်ဖဲလိုး၊ နယူးယောက်) ကျမအခုလို ဆုံခွင့်ရတာ အရမ်းဝမ်းသာပါတယ်။ ပြည်ပမှာက တယောက်ကလုပ်ရင် တယောက် က ရိုက်ချဆိုရင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး၊ ကျမတို့ ဂျူလိုင်အရေးတော်ပုံ ပွဲတင်သာမကဘူး၊ နောက်ပွဲတွေမှာလည်း အင်အားကောင်းတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတခုကို လုပ်ပြီး ဗမာပြည် ဒီမိုကရေစီအရေးကို ဆက်လုပ်သွားကြရအောင်ပါ။ ဂျုလိုင် ဆဲဗင်းရဲ့ အရေးတော်ပုံ စိတ်ဓါတ် အဓွန့်ရှည်ပါစေ၊ စစ်အာဏာရှင်စံနစ်ကျဆုံးပါစေလို့ ဆန္ဒပြုရင်း ဆင်းရဲတွင်း နက်နေတဲ့ ဗမာပြည်ထဲ ကလူထုအတွက်၊ အနာဂတ်ဗမာပြည်အတွက်၊ ကျနော်တို့ တိုက်ပွဲဝင်အလံအောက်မှာ ညီ ညွတ် စွာတိုက်ပွဲဝင်ကြပါစို့ ----- ဒီမိုကရေစီရေးတိုက်ပွဲဝင် ရဲဘော်များ ( အမေရိကန်ပြည်ထောင်စု) မှတ်ချက်။ ။ ဂျူလိုင် (၇) ရက် အရေးတော်ပုံနဲ့ ဆိုင်တဲ့အကြောင်းအရာတွေလောက်သာ ထည့်သွင်း ဖေါ်ပြခဲ့ပါတယ်။ ကျန်တဲ့လူတွေရဲ့ ဆွေးနွေးမှုတွေကို စာရှည်နေမှာဖြစ်လို့ ချန်လှပ်ထားခဲ့ပါတယ်။ Labels: တွေ့ဆုံဆွေးနွေးခန်း |