Other things |
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
Other things |
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
Other things |
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
Other things |
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
Other things |
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
|
ညနေခင်းရဲ့ အစွန်းမှာ ... |
Tuesday, August 7, 2007 |
အောင်မိုးဝင်း
ထာဝရရင်ခုန်စေတဲ့ အလွမ်းတွေ တပွေ့တပိုက်ထားရစ်ခဲ့ပါပေါ့လား... ... ... တယောကြိုးလေးငိုကြွေးနေတယ်၊ ဂစ်တာတလက်၊ အုတ်ခုံထက်မှာ အသက် မရှိတော့ဘူး အလည်လွန်နေတဲ့ အမေ့သား ဘယ်များ သွားနေလဲကွယ်။
သေနတ်သံတွေက လမ်းထောင့်ဂိုဒေါင်တွေ အထိ ထိမှန်နေသည်။ ယမ်းနံ့တွေလား၊ အကျဉ်း ထောင်နံရံတွေကို မှုတ်ထုတ်နေတဲ့ ဆေးလိပ်ခိုးငွေ့ တွေလား၊ ကျနော် သဲသဲကွဲကွဲမသိ ချင်တော့။
“ဒီဘက်မှာ အဖြစ်အပျက်တွေကို လူဝင်စား တယောက်က အရင်ဘ၀ကို ပြန်ပြောနေသလိုမျိုး ထင်နေကြသလား မသိပါဘူးဗျာ” တဲ့။
ကျနော့်ကား ဆက်မောင်း၍မရ။ နှင်းတွေ အဆုပ်လိုက်အဆုပ်လိုက် ဖွေးဖွေးသိတ်ကျ နေသော ပန်ဆန်ဗေးနီးယား (pensavinia) ၏ အဝေးပြေးကားလမ်းမ လမ်းဘေးကိုထိုးဆင်းပြီး နှင်းအကျဲကိုစောင့်နေမိသည်။ လက်နှစ်ဖက်ကို ပွတ်ယူနေမိတော့ လရောင်က တစက်ချင်း ကျလာ သည်။ ကျနော်သိနေသည်။ လရောင်က ပတ်ဝန်းကျင်တခုလုံးကို တဖြည်းဖြည်း ဖမ်းစားသွားပြီ ဆိုရင်ဖြင့် ဖြူရော်ရော်ညတခုမှာ ကျနော်ဘ၀တခုလုံး ဆွတ်ပျံ့ကွဲရှစွာ ဖရိုဖရဲလွင့် စင်နေတော့ မည်။ ကားစက်နှိုးဖို့ကြိုးစားပေမယ့် အမျိုးအမည်မသိ ခံစားမှုတချို့က ကျနော့်အာရုံ ကိုဆွံ့အထား သည်။ ငြိမ်သက်အေးဆေးနေသော မနက်ခင်းတွေမှာ လူတယောက်ပုံရိပ်က ကျနော့်ကို ဖြတ်ခနဲ လှုပ်နှိုးလိုက်သည်။ သူက မနက်စောစောတွေမှာ လုပ်စရာရှိတာတွေကို ပြီးအောင်လုပ်တတ်သူ၊ သူလမ်းလျှောက်ပုံ၊ ညာဘက်မှာ လွယ်အိတ်ကြီးတလုံး ပြုံးနေပုံ၊ ရိုးရိုးသားသား လှပနေသော စကားလုံးများက ကျနော့်တို့ ကမ္ဘာလေးထဲ ကျွံဝင်လာတတ်သည်။
“ကဲ ဘာမှ လုပ်မရတဲ့အချိန်မှာ ငြိမ်သက်စွာနေပြီး လေ့လာတည်ဆောက်နေတာလည်း တော်လှန်ရေးလုပ်တာပဲမို့လား မောင်ရင်တို့ရ၊ ကိုယ်ပြောတာတော့ မဟုတ်ပါဘူး၊ လီနင်ပြောခဲ့တာ ပါ။”
သူက ဒါမျိုးတွေလည်း ရသည်။ ဆေးလိပ်ခိုးငွေ့တွေနဲ့၊ ဟာသသံတွေနှောပြီး၊ ကျနော် တို့ပုန်းအောင်းနေရသည့် နေရာလေးကို လာလာအားပေးတတ်သည်။ နောက်တော့ ခပ်အေး အေးစီးနေသည့် စမ်းချောင်းလေးဘေးမှာ ကျောက်သပြေပင်တွေရေလောင်းနေသည့် ညနေ ခင်းလေးမှာ သူကဗျာတွေ၊ ပုံတိုပတ်စတွေ၊ ကျောင်းသားတပ်ဦးသီချင်းတွေ ကျနေရစ်ခဲ့သည်။ ကျနော်တို့ရဲ့ တိမ်မြှုပ်နေသော နေ့ရက်တွေ၊ ရှင်သန်နေအောင်၊ အထီးကျန်ဖြစ်မနေအောင်၊ သူက ဖန်တီးနေပေးခဲ့သည်။ အဲဒီတုန်းက သူက ကျနော်တို့သူငယ်ချင်းတချို့၏ နာမည်တွေကို သူက သိတာမဟုတ်၊ ဒါပေမယ့် မိတ်ဆွေတယောက်ရဲ့ ဖိတ်ကြားမှုကြောင့် မင်းပြစ်မင်းဒဏ် သင့်နေ သည့် လူငယ်တွေကို အားပေးဖို့ ဟိုးအဝေးကြီးက တကူးတက လာသူ။
ဘ၀မှာ များများစားမလိုပါဘူး ဆရာရယ်
ရန်သူစစ်စစ်နဲ့
မိတ်ဆွေစစ်စစ် ... ဒီနှစ်ခုပဲလိုတာပါ။
ကျနော်တို့ နှစ်ယောက်ပြန်တွေ့ကြတုန်းက မော်ဒန်ကဗျာဆရာတယောက်၏ ကဗျာကို ကျနော်က ရွတ်ပြတတ်သည်။ “ဒါဖြင့်ရင် မောင်ရင်ရယ် စစ်ပွဲစစ်စစ်တွေပြင်ဖို့ လောလော ဆယ် လက်ဖက်ရည်ဆိုင် ရှာစမ်းတဲ့။ အဲဒီမှာ ကိုယ်တို့ရဲ့ မိတ်ဆွေတွေအကြောင်း ရန်သူတွေ အအကြောင်း တ၀ကြီးသွားပြောရအောင်”
သူက မရ၊ နယူးယောက်မြို့ကြီးထဲက ရှုပ်ရှုပ်ထွေးထွေး လမ်းဆုံထိပ်က ကော်ဖီဆိုင်ကို အင်းစိန်ဘိုကုန်းထဲက ဗံဒန်ရွက်တွေကြွေသော လက်ဖက်ရည်ဆိုင်တွေအဖြစ် ပြောင်းလဲပစ်သည်။ ဖလော်ရီတာဘက်က ကမ်းခြေတွေကို တောင်သမန်အင်းက မယ်ဆယ်ပင်တွေလို သူ အလွမ်းတွေ မျောချကြည့်နေမိသည်။
သူ့ရင်ထဲမှာ ပန်းချီဆရာ ယဉ်မင်းပိုက်ရှိနေရမည်။
တမာပင်တွေအောက်မှာ သူ့ကိုမျှော်နေသည့် ကြည်အောင်၊ ကိုလေး၊ မောင်တင်ဆင့်၊ ဆူးငှက်၊ အော်ပီကျယ်၊ နုနုရည်(အင်းဝ) တို့ဆီ ပြန်ရောက်နေရော့မည်။ သူက စာပေအနုပညာ ကိုမည်သည့် နိုင်ငံရေးအဖွဲ့အစည်းအောက် လက်ထဲ ထည့်ပေးမည့်သူမဟုတ်၊ စာပေအနုပညာ ကိုနားမလည်သည့် တချို့နိုင်ငံရေးသမားတွေနှင့် တွေ့လျှင် သူစိတ်ညစ်တတ်သည်။ တခါတုန်းက နယူးယောက်မြို့ ကွင်း(စ်)ထဲက လက်ဖက်ရည်ဆိုင်ထဲမှာ နိုင်ငံရေးအဖွဲ့အစည်းက ပုဂ္ဂိုလ် တယောက်က ကျနော်တို့စာကားဝိုင်းထဲဝင်လာပြီး သူမြေအောက်လှုပ်ရှားမှု လုပ်နေကြောင်း၊ ပြည်တွင်းက ခေါင်းဆောင်တွေကို ဘယ်လိုပိုက်ဆံထောက်ပံ့နေကြောင်း၊ ကျနော်တို့ကိုလည်း ပြည်တွင်းလုပ်ငန်းမှာ ပိုလုပ်ဖို့လိုကြောင်းစာလာချနေသည်။ ဆရာဂျမ်းနဲ့ ကျနော်တို့ တယောက် မျက်နှာ တယောက်ကြည့်နေမိသည်။ သူက ရေနွေးကိုမှုတ်သောက်ရင်း
“ဒုက္ခပါပဲ မြေအောက်လှုပ်ရှားမှုကို ကေသီပန်သွေးဆေးကြော်ငြာရောင်းနေသလို လာရောင်း နေတဲ့သူနဲ့ လာတွေ့နေတာကိုး”
သူက တိုးတိုးလေးငြီးသည်။ ကျနော်တို့က ထိုသူ့ကိုဘာမှပြန်မပြောမိ၊ အာရုံထဲက ထုတ်ပစ် လိုက်မိသည်။ ဘာသာစကားမတူ၊ ရင်ချင်းအပ်လို့မရသည့် ထိုသူနှင့် သံတမန်ရေး စကားလုံး အခင်းအကျင်းလည်း မလုပ်မိပေမယ့် ထိုသူက စိတ်ညစ်နေသည့် ဆရာဂျမ်းမျက်နှာကို အလိုက် မသိ နောက်ထပ်အကြောင်းအရာတခုကို ဆက်ပြောနေပြန်သည်။
“ဒီမယ်မောင်ရင် ရာဇာနေ၀င်းကို ဒီနေ့ခေတ်လူငယ်တွေကြိုက်တယ်၊ လူငယ်တွေ ကြိုက်ရင် ကိုယ်လည်း ကြည့်စရာအကြောင်းမရှိဘူး။ မုန်းစရာမရှိဘူး။ သူ့အတွေးအခေါ်က ရိုးရိုးလေးနဲ့ သစ်နေသည်။
“လူငယ်တွေကြိုက်ရင် သူက မုန်းစရာအကြောင်းမရှိ။ သူလည်းကြိုက်သည်။” တဲ့။
နှလုံးသားကို ရှင်းရှင်းလေးထုတ်ပြသည်။ ဒါကြောင့်လည်း သူ့အိမ်ရှေ့တံတားလေးပေါ်မှာ ဗဒင် လို့ဖြစ်လာမည့် လူငယ်တယောက် အနှောင်အဖွဲ့မဲ့ စိတ်လွတ်ကိုယ်လွတ် ဂစ်တာတီးပြီး တညလုံးအိပ်ဖူးသည်။ လွယ်အိတ်တလုံးနှင့် ပြုံးပြုံးကြီး ပြည်သူတွေကို လက်ဖက်ရည် ဆိုင်လမ်းမှ ဆီးကြိုနှုတ်ဆက်နေသည့်သူ့ကို အင်းစိန်ထောင်သူကုန်းက ကရင်ကလည်း ချစ်သည်။ ခရစ်ယာန် ကလည်း ချစ်သည်။ သူရဲ့ဘာသာတရားက ကဗျာနဲ့ယဉ်ကျေးမှုဖြစ်နေတော့ သူက အကုသိုလ် နည်းသည်။
ဟော ...
ညနေခင်းရဲ့ပုစွန်နှစ်ရောင်နှင်းဆီတလုံး
ကျောကုန်းပေါ်က ပြုတ်ကျသွားပါပကော
ပြန်တော့ညီမလေးရယ် ... ငါမှာတော့ အမေပေးလိုက်တဲ့
ဆေးလိပ်တွေကို ဖွာရှိုက်ရင်းနဲ့ ...
ဘောလုံးကွင်းလေးဘေးမှာ စက်ဘီးကလေးကိုရပ်ပြီး မြေဇာမြက်ကလေးကိုနှုတ်လို့ ...
ခပ်လှမ်းလှမ်းအကျဉ်းထောင်လေးဆီက ချစ်သူကောင်လေးပေါ်လာမလားလို့ စောင့်မျှော်နေ သည့် ကောင်မလေးတယောက်အကြောင်းကို ရေးဖွဲ့ထားသည့် မောင်ရှင်စော၏ ကဗျာအကြောင်း ကို ရွတ်ပြတုန်းက ကျနော်တို့၏နောက်ဆုံးတွေ့ဆုံမှုပဲ ဖြစ်လာလိမ့်မည်။ သူ့သမီး မမိုးချိုသင်းက
“ဖေဖေကလေ ရန်ကုန်တက္ကသိုလ်ထဲက ကျောင်းသားသမဂ္ဂဆီ ကျမသွားမယ့်နေ့က သူ ကိုယ်တိုင်ပင်နီအင်္ကျီလေးဝတ်ပေးပြီး ကားဂိတ်အထိလိုက်ပို့ပေးခဲ့တာ”
ကလီးယားဝါတာမြို့ထဲက ကိုသန်းဝင်းအောင်အိမ်မှာ ရဲရဲရင့်ရင့်အတိတ်တွေ လှိုင်းထ ပြီးပြန်တက်လာသည်။ အဲဒီနေ့က ကဗျာဆက်မရွတ်ဖြစ်၊ ဆရာစွမ်းနှင့် ဆရာတင်မိုး နှစ်ယောက် စလုံးက မန္တလေးအလွမ်းပြေသီချင်းဆိုရအောင်တဲ့
ရဲဘော်တို့ ...
ငြိမ်းချမ်းစွာစာသင်ရေး ... ပေး ... ပေးလေ
အဆင့်အတန်းမြင့်သော ပညာရေး ... ပေး ... ပေးလေ
ကျောင်းသားအခွင့်အရေး ကာကွယ်ပေး ... ပေး ... ပေးလေ
ကျောင်းသားတပ်ဦးသီချင်း၊ ရေနံမြေအရေးတော်ပုံသီချင်း၊ ပြည်တွင်းငြိမ်းချမ်းရေးသီချင်း တွေ... နွေဦးဆိုတဲ့ ထိုးခွဲပျံဝဲနေခဲ့သည်။ သူ့စိတ်က ကျောင်းသားတပ်ဦး ရဲဘော်တချို့ဆီ ပြန်ရောက်နေမည်။ တမာရွက်တွေ ၀ဲလွင့်နေသည့် မန္တလေးတက္ကသိုလ်ရှေ့က လမ်းတွေပေါ်မှာ ခွပ်ဒေါင်းအလံကိုင်လာသူတွေအကြောင်း စာကြောင်းတွေ စီနေမည်။
ငယ်ငယ်က လီနင်နဲ့တွေ့တယ်၊
ကြီးလာတော့ လင်ကွန်းကိုတွေ့ချင်တယ်။
---------------
အမှန်တွေ အမှားလိုဖြစ်၊ အချိုတွေ အခါးလိုဖြစ်
မိုးမသောက်သောနှစ်များ၊ ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းသို့ ... စသော ကဗျာများ အပါအ၀င်ရှေ့ဆင့်နောက်ဆင့် ကဗျာများထွက်လာတော့ တချို့က မှတ်ချက်ပေးကြသည်။ မော်ဒန် ကဗျာဆရာတွေက“ ဆရာတင်မိုးက ကျနော်တို့ထက် မော်ဒန်ဖြစ်နေပါလား”လို့ ကောက်ချက် ချကြသည်။
ဘီဘီစီအင်တာဗျူးတခုမှာ ဆရာမောင်သာနိုးက
“ကိုတင်မိုးကဗျာတွေက ဗမာပြည်တုန်းက ကဗျာတွေနဲ့ အများကြီးပြောင်းသွားတယ်” တဲ့ ကျနော်က သူ့စကားကို ဆက်ပြောကြည့်ချင်သည်။
“မှန်တာပေါ့ဆရာရယ် ရှစ်လေးလုံးမှာ ရဲရဲတောက်မယ်လို့ထင်ထားတဲ့ မျှော်လင့်နေတဲ့ ဆရာကြီးတွေက ထွက်မလာပဲ ခေတ်ကိုရိုးရိုးလေးတွေးပြီး မတရားမှုကိုရှင်းလင်း ဆန့်ကျင်ပြ တဲ့သူက “ဆရာတင်မိုး”ဖြစ်နေခဲ့တယ်မို့လား ... ကျနော်တို့ခေတ်မှာ ပြတ်နေတဲ့ဂစ်တာကြိုးကို ဆက်ဖို့လည်း အလည်လွန်နေတဲ့ အမေ့သားတွေ အိမ်ကိုငြိမ်းငြိမ်းချမ်းချမ်းပြန်ရဖို့သူက ကမ္ဘာ မြေပေါ်မှာ ခိုင်ခိုင်ခန့်ခန့်ရပ်ခဲ့တာမဟုတ်လား။”
နှုတ်ဆက်ဂါရဝ
နှင်းတွေကလည်း အရင်နှစ်တွေလိုပါပဲဆရာဂျမ်း
မြို့လေးတခုပေါ်ဆီ အရှိန်ပြင်းပြင်းကျလို့
ရက်အင်ဒီယန်းတွေရဲ့ ခံတပ်ဟောင်းတွေ ပြီးတော့ တချက်တချက် ... ဟိုး ... တောင်တန်း တွေဆီက စူးစူးရဲရဲအော်သံတွေ
“ငါတို့ရဲ့ နောက်ဆုံးမြေအတွက်”
ကျနော့်သူငယ်ချင်းက
“ငါတို့ရိုးရာမှာ တိုက်ပွဲတခုခုကို သွားရင်ဖြစ်ဖြစ်၊ ရဲဘော်တယောက်ကျဆုံးရင်ဖြစ်ဖြစ်၊ ၀ိညာဉ်သစ္စာထပ်ထားတဲ့ပွဲတော်တခုလုပ်လေ့ရှိတယ်။ ဟိုးရှေးအစဉ်အဆက်တည်းက တိုက်ပွဲ ၀င် လာတဲ့ ငါတို့ရဲ့နတ်ဘုရားတွေ၊ ခေါင်းဆောင်တွေ ငါတို့ဆီကိုရောက်လာပြီး ကောင်းမွန်တဲ့ ဆုလဒ် တွေ၊ အင်အားတွေ ငါတို့ကိုချီးမြှင့်ပေးပြီး တိုက်ပွဲကို အဆုံးသတ်အောင်မြင်အောင် တိုက်ဖို့ပေါ့”
သူ့အမျိုးသမီးက ၀ါးကျည်ထောက်ဘူးလေးထဲ ထည့်ထားတဲ့ ကောက်ရိုးကျစ်အမွှေး တိုင်လေး ကို တဂျောက်ဂျောက်ခေါက်လိုက်ပြီး ကျနော့်သူငယ်ချင်းက မီးကိုစတင်မွှေးလိုက်တယ်။ သူ့ပါးစပ် က သီချင်းသံလိုလို ရွတ်ဖတ်သဇ္ဇျာယ်သံလိုလို ပြီးတော့ မီးခိုးငွေ့တွေကို လက်ခုပ်လေးထဲဖမ်းယူပြီး ကျနော့်ဘေးက နံရံပေါ် ကျနော်တို့ရဲ့ဦးခေါင်းဆံတွေပေါ် ကျဲဖြန့် လိုက်တယ်။ ကျနော်ကြက်သီးထ သွားသလို ... လှိုက်ကနဲ ...
မြင်းရိုင်းခွါသံတွေ ကျနော်ကြားနေရတယ်။ သေနတ်သံကျည်ဆံတွေက တရစပ်ထိမှန်နေတဲ့ နှင်းဆီလရောင်ပျိုးခင်းတွေပေါ် ကဗျာတွေကိုဆွဲထုတ်နေတဲ့ လူတယောက်ရဲ့အရိပ်ကို တွေ့လိုက်ရ တယ်။ “အော်ဆရာရယ် တိုက်ပွဲကြားမှာဘယ်အထိများ အလည်လွန်နေအုံးမှာလဲ”
အောင်မိုးဝင်း
(၀ရမ်းပြေးဖြစ်နေခဲ့၊ ဖြစ်နေသူတွေကိုယ်စား ... ကျေးဇူးတင်ဂါရ၀နှုတ်ဆက်စကားပါ ဆရာ .. အမှောင်ထဲမှာ မျက်ရည်မကျချင်ပါဘူး။ လရောင်တစက်ကျခဲ့ဘူးတဲ့ .. စမ်းချောင်းလေးဘေးမှာ ..... ကျနော်လေ ..... ) Labels: အက်ဆေး/၀တ္ထုတို |
posted by thitsarforce @ 8:24 AM  |
|
|
|
|