Other things |
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |

|
ဆုံစည်းခဲ့ရသော မြစ်တစင်းသို့... ဆိုခဲသောစကားတို့ဖြင့် သီဖွဲ့မြဲစေအပ်သော...နှစ် |
Monday, August 6, 2007 |
ဆုံစည်းခဲ့ရသောမြစ်တစင်းသို့...ဆိုခဲသောစကားတို့ဖြင့် သီဖွဲ့မြဲစေအပ်သော...နှစ်
တကယ်ဆို ကိုယ်ဟာ အိမ်ဝေးစိတ္တဇ စမ်းချောင်းကလေး မင်းနဲ့တွေ့မှ မေ့မရအောင်လွမ်းတတ်တာ...။
ပူလောင်ပြင်းပြလှတဲ့ဘ၀ရာသီတွေကိုလည်း ယုံကြည်နွေးထွေးသော ရိုးရှင်းလိုက်လှဲကရုဏာတရားတို့ဖြင့် ပြီးပြည့်စုံနေသော မင်းအပြုံးတွေနဲ့ ထပ်တူအေးမြ အလှဆုံးဖြတ်ကျော်နိုင်ခဲ့ကြတယ်...။
မင့်ဆီ လာရာလမ်းမှာ ကမ်းပျက် သဲသောင်တွေက သူတို့ရဲ့ ပြင်းပြဆာလောင် ဟန်မဆောင်နိုင်တဲ့ မာယာတွေနဲ့ ရေမျောကမ်းတင် အဆိပ်သင့်ရာဇ၀င်တွေကလည်း သူတို့ရဲ့ အနှစ်မဲ့အိပ်မက်သေတွေအကြောင်း နားထောင်ကောင်းအောင် ဟိမ၀န္တာချီးမွမ်းခန်းတွေဖွဲ့လို့...။
လေညင်း လရောင်နဲ့ လမ်းပြကြယ်တွေသာမရှိရင် ဒါမှမဟုတ် မင်းတို့အမျိုးရဲ့ အတိတ်ကာလတွေက ဘ၀နဲ့ရင်းပြီး လိုလိုလားလားမရှိခဲ့ရင် ကန္တာရဆူးတွေသင့်နေတဲ့ ကိုယ့်ခြေလှမ်းများ သေချာတယ် မင်းနဲ့မဆုံနိုင်အောင်ဝေးသွားကြမှာပါ...။
တကယ်ဆို ဒို့ခေတ်ရဲ့ သေကောင်ပေါင်းလဲဒဏ်ရာတွေကိုကုသဖို့ မင်းနဲ့ကိုယ်ဟာ ညှိစရာမလိုဘဲ ညီခဲ့ကြတဲ့ကြိုးတွေ... သံသယမဲ့စွာနှောင်ဖွဲ့ခိုင်မြဲခဲ့ကြ နေ့လည်းနေ့မို့ ညတွေဆိုလည်း ခုခံစစ်တိုက်ပွဲတေးသံတွေဟာ ကမ္ဘာကို ပတ်ပြီးညံလို့ သွေးရိုးသားရိုးပြောကြကြေးဆိုရင် ဒို့များရဲ့ ဒုက္ခတွေကိုတောင် လှလှပပ ရွှေအတိပြီးစေနိုင်ခဲ့ကြတယ်မလား...။
မရယ်နဲ့ မသရော်နဲ့ မနာလိုလည်းမဖြစ်နဲ့ ကိုယ့်ဘ၀အပေါ် ကိုယ်ကိုယ်တိုင်သစ္စာဖောက်ရဲတဲ့ လိပ်ပြာပျက် နှလုံးသားတို့အပြစ်ဖို့ ညည်းတွားနေသံတွေဟာ အနာဂတ်လည်းမရှိဘူး ပစ္စုပ္ပန်မှာလည်း လူနားမထောင်ဘူး ဘ၀နဲ့ရင်းပြီးမကြေကွဲရဲရင် ဘ၀နဲ့ရင်းပြီးမစာနာနိုင်ဘူး သင်ယုံကြည်တဲ့အမှားတွေနဲ့ ဒို့ယုံကြည်တဲ့တရားဟာလည်း မတူညီနိုင်ဘူး အဆုံးမတော့ သင်တို့ရဲ့ ပျက်သုဉ်းခြင်းကိုထိုင်ရှုဖို့ သိုးငယ်တကောင် တမြီးမျှမရှိ ဒါလည်း သင်တို့သိပြီးဖြစ်တယ်...။
တကယ်ပါ မင်းနဲ့ကိုယ်ဟာ ဝေဒနာတွေကိုလည်း မျှဝေခံစားခဲ့ကြ ဒို့ဘ၀ရဲ့ ရွှေ့ပြောင်းတောင်ယာတွေကိုလည်း လက်ခြင်းဆက် ခုတ်ထွင်ရှင်းလင်းခဲ့ကြ ရှောင်လွှဲလို့မရနိုင်တဲ့ သောကနဲ့ ဗျာပါဒတွေကိုလည်း သမာသမတ်ကျကျ အေးအတူပူအမျှ ရင်ဆိုင်နိုင်ခဲ့ကြတယ်။ သူ့အကျိုးစီးပွားအတွက် အလင်းရောင်ကို မုန်းတီးဖျက်ဆီးနေတဲ့ညခမျာ သူကိုယ်တိုင်က အရုဏ်ဦးကိုသန္ဓေလွယ်ရင်း သူ့တရားသူစီရင်နေပုံကို ကြယ်စုံညတွေမှာ ဒို့မမောစတမ်း ပြောခဲ့ကြတယ်လေ...။
တကယ်ပဲ မင်းနဲ့ကိုယ်ဟာ ယုံယုံကြည်ကြည် ထပ်တူကျခဲ့ကြ ကိုယ့်ကိုယ်ကိုယ် ပစ်ချစိုက်ပျိုး ဆိပ်ကမ်းကလေးလို ဘူတာရုံကလေးလို ခေတ်ကိုသစ်ဖို့ အချစ်နဲ့ပေးဆပ်ရင်ဆိုင်ခဲ့ကြတယ်။ ကိုယ်ဟာ ရိုးတံပြိုင်းပြိုင်းနဲ့ နွေသစ်ကိုင်းကလေးဖြစ်တဲ့အခါ မင်းက ပန်းနုရောင်ပွင့်ဖတ်ကလေးတွေနဲ့ နွေနေကို အန်တုရင်းပွင့်ပြ တောင်ပေါ်ချယ်ရီပင်တွေက ဒို့သစ္စာတရားရဲ့ ပြယုဂ်တွေ... ကိုယ်မယုံကြည်တာကို ချေဖျက်ရင်း ကိုယ်ယုံကြည်ရာကို တည်ဆောက်ရင်ခုန်ခဲ့ကြ အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ် ဆိုတဲ့ကာလသုံးပါးဟာ တသွေးတည်း တသားတည်း မနက်ဖြန်တွေကိုလည်း သေချာအောင်ချိန်းဆိုထားနိုင်ခဲ့ကြ ငြင်းသူမဲ့ မင်းအသိပဲလေ...။
အဲဒါဖြစ်ခဲ့တယ် အသေအချာကိုဖြစ်ခဲ့တယ်...
ဝေးကွာခြင်းဟာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စ မင်းနဲ့ကိုယ့်အကြား ဝေးကွာခြင်းဟာဖြစ်ခဲ့ပေါ့...။ တောင်တန်းတွေက ၀မ်းပမ်းတနည်း တိတ်ဆိတ်လို့ အရွက်မဲ့ မိုးမခသစ်ကိုင်းတွေကလည်း နာနာကျင်ကျင် လှုပ်ခတ် လက်ပြနှုတ်ဆက်လို့ တော်လှန်သီချင်းနဲ့ ပြောင်းပြန်စီးဆင်းနေတဲ့ ချစ်သူ မင်းရဲ့ ခြေလှမ်းတွေကလည်း ကြေကွဲစွာ ရပ်တန့်လို့ ကိုယ်တို့ဝေးခဲ့ကြတယ်...။
တကယ်ဆို ကိုယ်ဟာ အိမ်ဝေးစိတ္တဇ စမ်းချောင်းကလေး မင်းနဲ့တွေ့မှ မေ့မရအောင် လွမ်းတတ်တာ အဲဒီအလွမ်းတွေပေါ့ ဒို့ ယုံကြည်တဲ့ ခေတ်သစ်တခေတ်ကို ထမ်းပိုး သယ်ဆောင်နေတာလေ...။ ။
ကမာပုလဲLabels: ကဗျာရှည် |
posted by thitsarforce @ 11:27 PM  |
|
|
|
|