Other things |
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
Other things |
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
Other things |
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
Other things |
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
Other things |
Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
|
လူထုဆန္ဒ နဲ့ တော်လှန်ရေး |
Tuesday, August 7, 2007 |
သက်ထွန်း
၁၉၈၈ ခုနှစ်က ဗမာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံးလူထုအုံကြွမှုကြီး ဖြစ်ပေါ်လာမှု ကိုသေသေချာချာပြန်လှန် သုံးသပ်မယ်ဆိုရင် လတ်တလောဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းအရာ ဟာ မတ်ခ်ျ ၁၃၊ ၈၈ မှာဖြစ်ပွားခဲ့တဲ့ ရန်ကုန်စက်မှုတက္ကသိုလ် အရေးအခင်းဖြစ်သလို၊ အခြေခံ အကြောင်းရင်း ဖြစ်တည်မူတွေကတော့ ၁၉၆၂ မတ်ခ်ျ ၂ ရက် မှာ တိုင်းပြည်အာဏာကို ဗိုလ် နေ၀င်းခေါင်းဆောင်တဲ့ စစ်တပ်က သိမ်းယူလိုက်ချိန်ကပဲ စတင်ဖြစ်ပေါ်လာခဲ့တာ ဖြစ်တယ်။
အဲဒီအချိန်မှာ တိုင်းပြည်ကို ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ အရပ်သားအစိုးရ အုပ် ချုပ်မှုရှိနေပေမဲ့၊ နိုင်ငံရေးအရတည်ငြိမ်မှု နည်းပါးနေသေးတယ်၊ တချိန်တည်းမှာ တိုင်းရင်း သားတွေနဲ့ (နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကိစ္စ အဓိကဖြစ်) ဆွေးနွေးညှိနှိုင်းရမယ့် နိုင်ငံ ရေးပြဿနာတွေ ရှိနေပြန်တယ်။ ဒါပေမဲ့ စီးပွားရေးနဲ့ အခြားနယ်ပယ်တွေမှာတော့ ပြောပ လောက်အောင်နိမ့်ကျမူမရှိသေးဘူး။
သို့သော်လည်း နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ ညီညွတ်ရေးပြိုကွဲနေမှုနဲ့ တိုင်းရင်းသားအရေးကို အခွင့်ကောင်းယူပြီး ၁၉၅၈ ခုနှစ်မှာကတည်းက တိုင်းပြည်တစ်ခုလုံးရဲ့ နိုင်ငံရေးဝန်းကျင်အားနည်းမှုအခြေအနေနဲ့ ပြဿနာတွေကို အတွင်းကျကျ သိထားပြီးဖြစ် သလို အာဏာရဲ့အရသာကို မက်မပြေဖြစ်နေခဲ့ပြီဖြစ်တဲ့ စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝအလေးထား လိုက်နာခြင်းမရှိကြတော့ဘဲ (တိုင်းရင်းသား လူမျိုးစုတွေ အရေးကြောင့် ပြည်ထောင်စုပြိုကွဲမှာဖြစ်လို့ဆိုပြီး) တရားလက်လွတ် အကြောင်းပြချက်ကို အသုံး ပြုပြီး၊ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သလို၊ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကို ဆင်းရဲ ဒုက္ခတွင်းထဲကို တွန်းချခဲ့ပြီး၊ သူတို့ရဲ့ အာဏာတည်မြဲစေရေးအတွက် ပြည်တွင်းစစ်မီးကို မပြတ် မွှေးခဲ့ကြတာဖြစ်တယ်။
ဒီလိုနဲ့ နိုင်ငံရေး၊ စစ်ရေးရာဇ၀တ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့ကြရင်း၊ ၁၉၇၄ ခုနှစ်မှာ တစ်ပါတီတည်း အခြေခံတဲ့(ဘာမှန်းမသိတဲ့ ဆိုရှယ်လစ်အမည်ခံ နိုင်ငံရေးစနစ်ကို အကျယ် လောင်ဆုံး အော်ဟစ်ကြွေးကြော်ရင်း) အတုအယောင် ပြည်ထောင်စုစံနစ် ဖွဲ့စည်းပုံဥပဒေကို ရေးဆွဲအတည်ပြုခဲ့ပြီး တိုင်းပြည်အာဏာကို စစ်အာဏာရှင်လက်အောက်ကို တရားဝင်သွပ် သွင်းခဲ့တယ်။
နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့အလုပ်သမား၊ လယ်သမား၊ ကျောင်းသား တွေဟာ ဆန့်ကျင်တော်လှန်ခဲ့ကြပေမဲ့ စစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင်စနစ်ကို အောင် မြင်ဖယ်ရှားခြင်း မပြုနိုင်ခဲ့ကြသေးတဲ့အတွက် ယနေ့အချိန်ထိအောင် တိုင်းပြည်တွင်းမှာ ဖြစ် ပေါ်နေတဲ့ နိုင်ငံရေး အကြပ်အတည်းတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ၊ ကျန်းမာရေး အစရှိတဲ့ နယ်ပယ်ပေါင်းစုံမှာ အဆိုးဝါးဆုံးအနေအထားကို ရင်ဆိုင်နေကြရပြီး စစ်အာဏာရှင်စ နစ်ကတော့ ကင်ဆာရောဂါလိုအမြစ်ဖြာကုပ်တွယ်နေပြီဖြစ်တယ်။
သို့ပေမဲ့လည်း ပြည်သူလူထုတစ်ရပ်လုံးဟာ (အပြောင်းအလဲဆိုတာ ခက်ခဲကြမ်းတမ်း တယ် ဆိုပေမယ်လို့) သန်းခေါင်ထက်ညဥ့်မနက်ဘူး ဆိုတဲ့အသိနဲ့ ၁၉၈၈ ခုနှစ်သြဂတ်လမှာ သူတို့ရဲ့ အနာဂါတ်ကို သူတို့ကိုယ်တိုင် ပုံဖော်နိုင်ဖို့ ကျိုးစားခဲ့တာကြောင့် တစ်ပါတီစနစ်နဲ့ စစ် အာဏာရှင်တွေကို တော်လှန်ဆန့်ကျင်တဲ့ လူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့တာဘဲဖြစ်တယ်။ ဒီနေရာမှာ ပြည်သူတွေရဲ့ ယုံကြည်မှုကဘာလဲ၊ နိုင်ငံရေး အကောက်အယူကဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ် ၈၈ ကာလမှာလူထုရဲ့တောင်းဆိုချက်ဟာ ဒီမိုကရေစီနဲ့ အရပ်သားအစိုးရ စစ်စစ် ဖြစ်တယ် ဒီအတွက်လည်း (တိုင်းပြည်ရဲ့ လိုအပ်ချက်ကို ပုံဖော်နိုင်ဖို့) ကျောင်းသားခေါင်းဆောင် တွေ စုပေါင်းပြီးကြားဖြတ်အစိုးရတစ်ရပ် ဖြစ်ပေါ်ရေးကိုကြိုးစားခဲ့ကြတယ်။ သို့သော်လည်း လူထုကို ဦးဆောင်မယ့် သူတွေကြားမှာ ခေါင်းဆောင်မှုစွမ်းရည်ချို့တဲ့မှု၊ အနာဂါတ်အတွက်စိတ်ကူး စိတ် သန်းအားနည်းမူ၊ ပြောင်းလွယ်ပြင်လွယ် စိတ်မထားနိုင်မှုတွေကြောင့် လှုပ်ရှားပုံဖော်မှုတွေ ထုံ့ပိုင်း ထုံ့ပိုင်းဖြစ်နေတဲ့အတွက် (လူထုရဲ့ တော်လှန်အုံကြွမှုဟာ တစ်ပါတီစနစ်နဲ့ အတုအယောင် ပြည်ထောင်စုစနစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ဖျက်သိမ်းနိုင်ခဲ့ပေမယ့်) စစ်အာဏာရူးတွေရဲ့ လက် ဦးမှုကို ခံလိုက်ကြရပြန်တယ်။ ဒီအတွက် အကျိုးဆက်ကတော့ ဆန္ဒပြသူပြည်သူလူထုကြီးဟာ စစ်ဖိနပ်အောက်မှာ အလူးအလိမ့်ခံစားနေရမှုဟာ ပိုမိုကြီးကျယ်လာခဲ့တယ် ဘာကြောင့်ဆို မဆလ ခေတ်မှာတောင် ပြည်သူတွေရဲ့ ဘ၀အကြပ်အတည်းပေါင်းစုံဟာ တရွေ့ရွေ့တအိအိသာ သွားနေခဲ့ ပေမယ့် န၀တ၊ နအဖ စစ်အာဏာရူးတွေရဲ့ လက်အောက်မှာတော့ တိုင်းပြည်တစ်ခုလုံးရဲ့ နယ်ပယ် ပေါင်းစုံပြိုကျ ပျက်ဆီးနိမ့်ကျလာမှုဟာ လျှပ်လက်တာထက်တောင် လျင်လှမြန်လှတာမို့ဘဲ ဖြစ် တယ်။ လူ့အဖွဲ့အစည်းအတွင်း တရားလက်လွတ် ပြုမူဆောင်ရွက်မှုတွေ ရှိနေသမျှ ဖိနှိပ်ရက်စက် အနိုင်ကျင့်မှု တွေရှိနေသမျှတော့ တော်လှန်အုံကြွမှုဆိုတာ ရှိနေမှာဘဲဖြစ်တယ်။
ပစ္စက္ခမှာတော့ တိုင်းပြည်ရဲ့ ကောင်းကင်တစ်ခုလုံး ပြည်တွင်းစစ်မီးရောင်ကြောင့် မှိုင်း ဝေလို့နေတယ်၊ မြင်ကွင်းမှန်သမျှဟာလည်း (မျိုးတုံး သတ်ဖြတ်ခံနေရမှုတွေ လူ့ဘ၀ရဲ့အနိမ့် ဆုံး ဆင်းရဲမွဲတေမှုတွေ၊ ရောဂါဘယထူပြောမှုတွေ၊ ကိုယ်ကျင့်တရားပျက်ပြားမှုတွေ၊ နအဖ အမည်ခံ စစ်ယူနီဖောင်းဝတ် ဓါးပြတွေရဲ့လုယက်မှု၊ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုတွေနဲ့ ဥပဒေမဲ့ အနိုင်ကျင့်မှု မျိုးစုံရောယှက်နေတဲ့) မွဲခြောက်ခြောက်ရှုခင်းတွေနဲ့အော်သံဟစ်သံ၊ ငြီးညူသံတွေနဲ့ အရုပ်ဆိုး အကျည်းတန်နေပြီး၊ အခြားတစ်ဖက်မှာက စိမ်းစိုလန်းဆန်းနေ၊ လှုပ်ရှားတက်ကြွနေပြီး လွတ်လပ်မှု အရသာနဲ့ အဆုံးစွန်သောပြိုင်ဆိုင်မှုတွေနဲ့ ရှင်သန်နေတဲ့လူသားတွေ ဘယ်လိုဘဲပြောပြော အခြား ကမ္ဘာကြီးနဲ့ ဗမာပြည်ရဲ့မြင်ကွင်းဟာ တံတိုင်းကြီးတစ်ခု ခြားနေ တာတော့သေချာလွန်းနေတယ်။
မည်သို့ပင်ဆိုစေကာမူ သမိုင်းလှည်းဘီးကို အတင်းဖက်တွယ်ရပ်တန့်ထားတဲ့ စစ်အာ ဏာရူးအုပ်စုဟာ လူထုရဲ့စိတ်ဆန္ဒ၊ လိုလားချက်နဲ့ တကယ့်အကျိုးစီးပွားတွေကို ကိုယ်စားပြုဖို့ ထက် ဖျက်ဆီးဖို့ကိုပဲ ထာဝစဉ်ကြိုးစားနေကြတာ (နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မဲ့ ဆွေးနွေး ညှိနှိုင်းရေးစားပွဲဝိုင်းကို ပစ်ပယ်ပြီး စစ်အာဏာရှင်စနစ် တရားဝင်တည်တန့်ရေး အ တွက်လုပ်နေတဲ့ အမည်ခံအမျိုးသားညီလာခံနဲ့ ဖွဲ့စည်းပုံရေးဆွဲ အတည်ပြုနိုင်ရေး လုပ်ရပ်တွေက) ထင်သာမြင်သာ ရှိလှပါတယ်။ အစစ်အမှန် အခြေအနေကတော့ ၈၈ အရေးတော်ပုံကြီးအတွင်းမှာ ရှိနေခဲ့တဲ့ လူထုရဲ့ ဆန္ဒဟာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲကာလမှာ ကြည်လင်ပြတ်သားစွာနဲ့ ဖော်ပြခဲ့ပြီးဖြစ်တယ်။ အချိန် ကာလရွေ့လျားလာနေတာကို အခွင့်ကောင်းယူပြီး အစစ်အမှန် အကြောင်းတရားတွေကို ဖျက်ဆီး မြှုပ်နှံချင်ကြသူတွေဖြစ်တဲ့ စစ်အာဏာရူးတွေနဲ့ သူတို့ရဲ့ဒေါက်တိုင်တွေ၊ လက်ပါးစေတွေနဲ့ နောက် မြီးဆွဲတွေဟာ ဒီကနေ့လူထုရဲ့ဆန္ဒဟာ ၉၀ ခုနှစ်ကဆန္ဒနဲ့ မတူညီတော့သယောင်ယောင်၊ လုံးဝဆန့် ကျင်ဘက် ဖြစ်သွားသလိုလို ပြောဆိုဝါဒ ဖြန့်လာကြပြီး၊ ပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်တွေ ဘ၀ အခြေအနေမှန်တွေကို ဆက်လက်မျက်ကွယ်ပြုပြီး၊ တိုင်းပြည်နဲ့လူမျိုးကို မီးလောင်တိုက် သွင်းနေ ကြလေရဲ့၊ မျိုးဆက်တွေ၊ နှစ်တွေအနည်းငယ် ပြောင်းလာတာနဲ့အမျှ၊ လူ့အဖွဲ့အစည်းရဲ့ အခြေခံ ကျတဲ့ လိုအပ်ချက်တွေ၊ စိတ်ဆန္ဒတွေဟာ အားလုံးပြောင်းလဲသွားပြီလို့ဆိုတာဟာ အင်မတန်ရူးသွပ် မိုက်မဲတဲ့ အပြော အဆိုမျိုး၊ စဉ်းစားတွေးခေါ်ချက်မျိုးဘဲ ဖြစ်တယ်။
ဘယ်ခေတ်ကာလမှာမဆို ပြည်သူလူထုဟာ လွတ်လပ်မှုကိုလိုချင်တယ်၊ နွေးထွေး လုံခြုံ ပြီး တည်ငြိမ်အေးချမ်းတဲ့ဘ၀ တည်ဆောက်နိုင်ခွင့်မျိုးကို လိုချင်တယ်၊ ဖိနှိပ်မှု၊ အနိုင်ကျင့်မှုကင်းတဲ့ လူ့အဖွဲ့အစည်းမျိုးကို တောင့်တတယ်၊ ညီမျှပြီး ဘက်လိုက်မှုကင်းတဲ့ တရားဥပဒေမျိုး၊ အုပ်ချုပ်မှုမျိုး ကို လက်ခံချင်တယ်၊ ဒါဟာဘယ်လိုမှ ငြင်းဆန်လို့မရတဲ့ အမှန်တရားဖြစ် တယ်။
ပြည်သူလူထုတစ်ရပ်လုံးဟာ စစ်အာဏာရူးတွေရဲ့ လက်နက်အားကိုးနဲ့ အာဏာကို အလွဲ သုံးစားလုပ်ပြီး ဖိနှိပ်ရက်စက်မှု၊ ခြိမ်းခြောက်အနိုင်ကျင့်မှုတွေကို ခံနေကြရပြီး၊ တချိန်တည်းမှာ ဘက်ပေါင်းစုံက ပိတ်ဆို့ဒုက္ခပေးထားလို့ စားရမဲ့သောက်ရမဲ့ဘ၀တွေဖြစ်အောင် ဆင်းရဲမွဲတေနုံချာ လွန်းတဲ့ အခြေအနေကို ဆုပ်ကိုင်ထားရတယ်၊ စစ်အာဏာရူးတွေဟာ လူထုတစ်ရပ်လုံးအတွက် စီးပွားရေးဝန်းကျင်ကောင်းတွေ ဖန်တီးပေးရေးကို မေ့လျော့ပစ်ပယ်ထားပြီး၊ နိုင်ငံတကာက စီးပွား ရေးပိတ်ဆို့တာကို အပြစ်ဖို့ဆင်ခြေပေးရင်း လွတ်လပ်သော စစ်တပ်အရင်းရှင်ဈေးကွက်စနစ်ကို အားကောင်းမောင်းသန် တည်ဆောက်နေတယ်။ ဒီအချက်ကို အောင်မြင်ဖို့ အခြေခံကျကျနဲ့ ကျင့်သုံးနေတဲ့-
- နိုင်ငံတော်ရဲ့ စီးပွားရေးယန္တရားအားလုံးကို စစ်အာဏာရူးနဲ့ ဒေါက်တိုင်တွေက ထိန်းချုပ်အပိုင် သိမ်းထားတာ၊
- နိုင်ငံတော်ရဲ့ ဌာနဆိုင်ရာ လုပ်ငန်းအားလုံးမှာ အကျင့်ပျက်ခြစားမှုနဲ့ ကြိုးနီစနစ် အလွန် အမင်း ကြီးထွားနေတာ၊
- ငွေကြေးဖောင်းပွမှု အဆမတန်မြန်ဆန်မြင့်တက်နေတာ၊
- ငွေကြေးစနစ် ခိုင်မာမှုမရှိတာ၊
- မှန်ကန်လျှော်ညီသော စီးပွားရေးစနစ်ချ မှန်ကျင့်သုံးမှုမရှိတာ၊
- တိုင်းပြည်ရဲ့ အရင်းအမြစ်အားလုံးဟာ စစ်တပ်နဲ့ စစ်လက်နက်ချဲ့ထွင်ရေး၊ စစ်အာဏာရူး တွေရဲ့ ဆွေစဉ်မျိုးဆက် အကျိုးစီးပွားတည်ဆောက်ရေး သက်သက်ဖြစ်နေတာ၊
အစရှိတဲ့ အဓိကအချက်တချို့ကို အလှည့်အပြောင်းမရှိ တွေ့နေရတယ်။
ကမ္ဘာကြီးနဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ အနာဂါတ် မျိုးဆက်ပျိုးထောင်မှုနဲ့ စီးပွားရေးပါဝါ ကို ပညာခေတ်ဦးနှောက်တွေနဲ့ အသုံးပြုနေချိန်၊ နအဖ စစ်အာဏာရူးတွေကတော့ တိုင်းပြည်ရဲ့ မျိုးဆက်တွေကို စဉ်ဆက်မပြတ်သင်းသတ်ရင်း၊ ပွင့်လင်းလွတ်လပ်မူတွေကို အမိုက်တိုက်ထဲ ထိုး သိပ်ထည့်နေလေရဲ့၊ တကယ်တော့
- ထက်သန်တက်ကြွပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ မရှိဘဲ၊
- စနစ်ကျ ခိုင်ခန့်တဲ့ တရားဥပဒေစိုးမိုးမှုမရှိပဲ၊
- ပြည်သူတွေအတွက် စီးပွားရေးဝန်းကျင်ကောင်းမရှိပဲ ၊
- လူထုရဲ့ဆန္ဒကို ထင်ဟပ်နိုင်စွမ်းရှိတဲ့ လွတ်လပ်တဲ့ နိုင်ငံရေးစနစ်တစ်ရပ်မရှိပဲ၊
နိုင်ငံတကာနဲ့ စံချိန်မီပြိုင်ဆိုင်နိုင်ဖို့၊ ပညာခေတ်ရဲ့ စားကောင်း သောက်ဖွယ်ရာတွေကို မှိန်မှိန်ယှက်ယှက်ခံစား စံစားနိုင်ဖို့ လွတ်လပ်သန်စွမ်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ဗမာနိုင်ငံက ပြည်သူတွေဟာဘာနဲ့ အသားကျနေပြီလဲ၊ သူတို့မှာ လန်းဆတ်အေးမြတဲ့ အနာဂတ်နေ့ရက်တွေ မရှိနိုင်တော့ဘူးလား ဒုက္ခနဲ့ယဉ်ပါးလွန်းလို့ သက်တောင့်သက်သာရှိတဲ့ ဘ၀မျိုးကိုမလိုချင်၊ မတပ်မက်တတ်တော့ဘူးလား၊ လူထုဟာ မောင်းနှင်အားရှိပြီးသား ဖြစ်သ လို၊ ဒီမိုကရေစီနဲ့လည်း ထိုက်တန်တဲ့လူမျိုးတွေ ဖြစ်တာကြောင့် တိုင်းပြည်ဘယ်ကိုဦးတည် ရွေ့လျှား နေတယ်၊ သွားနေတယ်ဆိုတာ ကောင်းကောင်း အကဲခတ်နိုင်ဖို့၊ နားလည်နိုင်ဖို့လိုတယ်၊ ခုချိန်မှာ ပြည်သူလူထုဟာ ကိုယ့်အနာဂတ်ကို ကိုယ့်ဘာသာရေးဖို့ရာအတွက် ဆုံးဖြတ်ချက်ချနိုင်ကြဖို့ဟာ အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်တယ်။
ဘာကြောင့်ဆို ခေတ်အဆက်ဆက်မှာ တိုက်ပွဲဝင်ခဲ့တဲ့လူထုရဲ့ ပေးဆပ်စိုက်ထုတ်မှု တွေဟာ ဘယ်သောအခါမှ အဟောသိကံ ဖြစ်သွားမှာမဟုတ်လို့ဘဲ ဖြစ်တယ်၊ ဒါကြောင့် လူ့ အဖွဲ့အစည်းတစ်ခုလုံးကို ပျက်စီးယိုယွင်းစေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားနိုင်ဖို့ရာ ပိတ်ဆို့တားဆီးထားတဲ့ စစ်အာဏာရူးတွေရဲ့ မိစ္ဆာတံတိုင်းကို ရိုက်ချိုးဖွင့်လှစ်ရမှာ ဖြစ်တယ်။ ဒီနေရာမှာ စစ်အာဏာရူးတွေရဲ့ တဖက်ပိတ် တည်ဆောက်မှုတွေကို ပူးပေါင်းလက်ခံရေး ဆို တဲ့ ချဉ်းကပ်နည်းဟာလက်တွေ့မှာ အလုပ်ဖြစ်မလား၊ လက်ရှိနိုင်ငံရေးပြဿနာအားလုံးနဲ့ တိုင်း ပြည်ရဲ့ အကြပ်အတည်းအားလုံးဟာ စစ်အာဏာရှင်နဲ့ ပူးပေါင်းလိုက်ရုံ၊ သူတို့လုပ်နေတာကို လိုက်လျှော လိုက်ရုံနဲ့ ကိစ္စပြီးဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာကို ပြတ်သားကြည်လင်မှု ရှိရှိနဲ့မြင်ဖို့၊ လူထုကို သစ္စာဖောက်တဲ့ လုပ်ရပ်မျိုးတွေကို မလုပ်မိကြဖို့ရာ အရေးကြီးတယ်။
တိုင်းပြည်နဲ့လူမျိုးကို ကင်ဆာရောဂါအနာဆိုးကြီးလို နှစ်ပေါင်းများစွာ အမြစ်တွယ်ဒုက္ခ ပေးနေတဲ့ စစ်အာဏာရှင်စနစ်ကို ဖြတ်တောက် ဖယ်ရှားပစ်နိုင်ပါမှ ဗမာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ကျန်းမာရွှင်လန်းစွာနဲ့ ဦးမော့လာနိုင်မှာ ဖြစ်တယ်ဆိုတာဟာ သမိုင်းရဲ့အမှန်တရား တစ်ခုဖြစ်တဲ့ အကြောင်း တင်ပြလိုက်ပါတယ်။
သက်ထွန်း ( ဗ က သ ၊ လူ့ဘောင်သစ် ) ၁၈ ၊ ၇ ၊ ၂၀၀၇ Labels: ဆောင်းပါး |
posted by thitsarforce @ 8:47 AM  |
|
|
‘လူထုက အဆင်သင့်မဖြစ်သေး’ လို့ပြောတာရဲ့အဓိပ္ပာယ် |
|
ရဲဘော်ညိုဇင်
(၁) ဗကပ ပြောရေးဆိုခွင့်ရှိသူက သူ့ထုတ်ပြန်ချက်မှာ ‘လူထုက အဆင်သင့်မဖြစ်သေးဘူးဆိုတာ ကိုလည်း သတိပြုမိပါတယ်’ လို့ ဆိုထားတယ်။ ဘာ့ကြောင့် အခုလို အခိုင်အမာယတိပြတ် ပြောခဲ့ ပါသလဲ။ အကြောင်းအချက် (၂) ခုကြောင့် ပြောတာပါ။
နံပါတ် (၁) အချက်က နိုင်ငံတကာအသိုင်းအ၀န်းက ဗမာပြည်အရေးမှာဝင်ပြီး သြဇာနဲ့ ရှင်းပေး လာမှာပဲလို့ထင်တဲ့ ထင်ယောင်မှားမှုကို ရှင်းမပစ်နိုင်သေးလို့ ဖြစ်တယ်။ နံပါတ် (၂) အချက်က ပြတ်သားတဲ့ နိုင်ငံရေးအတွေးအခေါ် မရှိသေးလို့ ဖြစ်တယ်။
(၂) လူထုက သူ့အလိုလို ထင်ယောင်မှားမှုဖြစ်တာ မဟုတ်ပါဘူး။ ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစုတွေရဲ့ ‘လော်ဘီလမ်းစဉ်’ (Lobby Line) ကနေ ကူးစက်လာတာပါ။
‘လော်ဘီလမ်းစဉ်’ကလည်း ‘၉ လေးလုံးကြံဆချက်’ လျောမွေးဖြစ်ပြီးကတည်းက အားကောင်း မောင်းသန် ပေါ်လာတာပဲ။ ‘၉ လေးလုံးကြံဆချက်’ ရဲ့ဇောင်းပေးမှုဟာ မှန်ကန်ပါတယ်။ ပြည်တွင်း လုပ်ငန်းကို ဇောင်းပေးပါတယ်။ ပြည်တွင်းလူထုကို စည်းရုံးရေးပစ်မှတ်ထားပါတယ်။ သူ့အားနည်း ချက်က ပြင်ဆင်ချိန် မလုံလောက်တာနဲ့ အင်အားစုဆောင်းမှုကို မြေအောက်နည်းနဲ့ စိတ်ရှည် လက်ရှည်မလုပ်ဘဲ တိုက်စည်တိုက်မောင်းနှက်ပြီး ရက်ချိန်းပေးတဲ့ ပြောင်လုပ်နည်း လုပ်ခဲ့လို့ပါ။
ပြည်တွင်းဇောင်းပေးတာ မအောင်မြင်တော့ ပြည်ပဇောင်းပေးတဲ့ အလုပ်ကို အဓိက လုပ်လာကြတော့တယ်။ အဲဒီလိုနဲ့ ‘လော်ဘီလုပ်ငန်း’ က လမ်းစဉ်တရပ်လို ဖြစ်လာတာပဲ။ လော်ဘီရဲ့ ပစ်မှတ်က နိုင်ငံခြားတိုင်းပြည်က အစိုးရတွေနဲ့ လူထုကို စည်းရုံးတာ ဖြစ်နေတယ်။ ပြည်ပ မြို့တော်တွေမှာ ဆန္ဒပြတာတွေ လုပ်လာတယ်။ ဆန္ဒပြတာ ကောင်းပါတယ်။ ၀ါဒဖြန့်ချိရေးတန်ဖိုး ရှိပါတယ်။ ဒါပေမဲ့ ပြည်တွင်းလူထုကိုတော့ လှုံ့ဆော်နိုင်တဲ့တန်ဖိုးနဲ့ စည်းရုံးနိုင်တဲ့တန်ဖိုးတော့ မရှိသလောက်ဖြစ်တယ်။ လူထုထဲမှာ “သူတို့ကတော့ ဟိုရောက်နေတာကိုး လုပ်နိုင်ပေတာပေါ့” ဆိုတဲ့ စိတ်ကူးကိုပဲ ဖြစ်ပေါ်စေတယ်။
အဲဒီလိုနဲ့ ဆန္ဒပြရတဲ့ နိုင်ငံတွေရဲ့အ၀န်းအ၀ိုင်းက ကြာလေကျယ်လေ ဖြစ်လာတာပဲ။ ဒီလို ဖြစ်တာလည်း မဆန်းဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာအသိုင်းအ၀န်းကို ဗမာပြည်အရေး မှာ သြဇာသုံးပြီး ပါဝင်ဖြေရှင်းပေးစေချင်တာကိုး။ အမေရိကန်၊ ဗြိတိန်ကို လော်ဘီလုပ်ရတာ ကတော့ လွယ်တယ်။ သူတို့က လော်ဘီမလုပ်လည်း ‘၂၁ ရာစုကို အမေရိကန်ရာစု’ (တကယ်က အင်္ဂလိုဆက်ဇွန် (Anglo-Saxon) လူဖြူတွေရဲ့ရာစု) ဖြစ်ချင်နေတာမို့ ဗမာပြည်အရေးမှာ ၀င်စွက်ချင် နေတာပဲ။ ၀င်ရိုးတခုတည်းရှိတဲ့ ကမ္ဘာ့အစီအစဉ်သစ် New World Order ကို ထူထောင် ချင်နေတာပဲ။ ဒါပေမဲ့ အမေရိကန်၊ ဗြိတိန်တို့က သြဇာပေးချင်တာက ဗမာတပြည်တည်း မဟုတ် ဘူး။ ကမ္ဘာပေါ်က နိုင်ငံတိုင်း၊ တိုင်းပြည်တိုင်းကို သြဇာပေးချင်တာ ဖြစ်နေတယ်။ ဒီတော့ကာ ကလန်ကဆန်လုပ်ချင်သူက များတယ်။ အီရတ်စစ်ပွဲမှာ ဖြစ်ခဲ့တာကိုကြည့်ရင် ရှင်းပါတယ်။
UNSC မှာ တရုတ်၊ ရုရှား ဗီတိုထိတာဟာလည်း အဲဒါပါပဲ။ လွန်ပွဲကိစ္စက အခရာပါပဲ။ ဗမာပြည်အရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ့အသိုင်းအ၀န်းဆိုတာ ကုလသမဂ္ဂလုံðခံရေးကောင်စီ UNSC နဲ့ ASEAN အရှေ့တောင်အာရှ အဖွဲ့လောက်ပဲ ရှိတာပါ။ ASEAN ဆိုတာကလည်း အင်အား ကြီးတွေရဲ့အဖွဲ့ မဟုတ်ဘူး။ စဖွဲ့တုန်းက ရည်ရွယ်တာကတမျိုး အခုတော့တမျိုး ဖြစ်နေတာပါ။ UNSC ပဲ အဓိကကျတာပါ။ UNSC မှာ ပင်တိုင်ပါနေမှာက ကြီး (၅) ကြီးပါ။ အဲဒီကြီး (၅) ကြီးက လည်း ကုလသမဂ္ဂစဖွဲ့တုန်းကသာ (ဂျာမဏီ၊ ဂျပန်၊ အီတလီကိုနှိမ်ဖို့) ညီညွတ်ခဲ့ကြတာပဲ။ ၁၉၄၅ ခုက ရေးထားတဲ့ ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ပြန်ဖတ်ကြည့်ပါ။ အခုခေတ်မမီတော့ဘူး။ ဒါပေမဲ့ ဘယ်သူ့မှာမှ ပြင်နိုင်တဲ့အား မရှိဘူး။ ကမ္ဘာကြီးက ပြောင်းလဲခဲ့ပြီ။ ဟိုတုန်းက ရန်သူက မိတ်ဆွေ ဖြစ်နေပြီ။ ဟိုတုန်းက မိတ်ဆွေက ရန်သူဖြစ်နေကြပြီပဲ။ ဒါပေမဲ့ မပြင်နိုင်ဘူး။ ကမ္ဘာ့စနစ်အသစ် အတွက် လွန်ပွဲပြတ်သွားမှပဲ ပြင်နိုင်ကြမှာ ဖြစ်တယ်။ အခုအထိတော့ (လွန်ပွဲ) ပြတ်ဖို့ မမြင်ပါဘူး။
ဗမာပြည်အရေးဟာ အင်အားကြီးတွေရဲ့ ဦးစားပေးအရေးလည်း မဟုတ်လေတော့ အခု လိုပဲ အခါအခွင့်ကောင်းရင် ဗမာပြည်ကိစ္စကို UNSC မှာအမေရိကန်က ဖော်ပေးလိုက် တရုတ်၊ ရုရှား က ဗီတိုနဲ့ ပယ်ချလိုက်၊ အဲဒီလို သံသရာလည်နေမှာပါ။ အမေရိကန်ရဲ့ အခါအခွင့်ကောင်းကလည်း ပေါ်ဖို့ တော်တော်စောင့်ရမယ် ထင်ပါတယ်။ UNSC ရဲ့ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံက အမြဲတမ်း (၂ နှစ်တခါ) ပြောင်းနေတာပါ။
သန်းရွှေစစ်အုပ်စုကတော့ ခပ်တင်းတင်းပဲ။ RM လမ်းကြောင်းအတိုင်း ချီတက်နေပါ တယ်။ မိမိတို့က စောင့်နိုင်ကြပါ့မလား။ နောက်တခုပြောရမှာက သန်းရွှေစစ်အုပ်စုအပေါ် ဘယ်နိုင်ငံက သြဇာရှိသလဲဆိုတာပါ။ ကျန်တော်တို့ရဲ့ (အတွေ့အñကံအရ) ရဲရဲပဲ ပြောပါမယ်။ ဘယ် နိုင်ငံမှ သြဇာမရှိပါဘူး။ ဗမာပြည်ရဲ့ ပြည်သူလူထုကပဲ သြဇာရှိတာပါ။ ၁၉၆၀ က ဆိုရှယ်လစ် စစ်အုပ်စုကို သြဇာပေးခဲ့တာ လူထုပဲ။ ၁၉၈၈ ကလည်း မဆလ စစ်အုပ်စုကို သြဇာပေးခဲ့တာ လူထုပါပဲ။ နောင်မှာလည်း ဘယ်စစ်အုပ်စုကိုမဆို သြဇာပေးနိုင်မှာက လူထုပဲ ဖြစ်ပါတယ်။
(၃) ပြတ်သားတဲ့နိုင်ငံရေးအတွေးအခေါ်ပေါ်ရေးက မျက်မှောက်ကာလရဲ့ သော့ချက်ဖြစ်တယ်။ ပြောရေးဆိုခွင့်က ထွက်မပြောဘဲ နေခဲ့တာ အတော်ကြာတယ်။ အခြေအနေကို စောင့်ကြည့်အကဲ ခတ်ချင်လို့ နှုတ်ဆိတ်နေခဲ့တာပဲ။ အိုးကမပူ စလောင်းကပူ မြင်းကမလှုပ် ခုံကလှုပ် မလုပ်ချင်လို့ပဲ။
အစောကြီးကတည်းက ဒီတချီပွဲဟာ NLD ရဲ့ နောက်ဆုံးတိုက်ပွဲလို့ ဗကပ က ပြောထား ပါတယ်။ NLD(CEC) က ဘာလုပ်မလဲ ဆိုတာကို စောင့်ကြည့်နေတာပါ။
နအဖ ကတော့ ပြတ်ပါတယ်။ ဗိုလ်သိန်းစိန်မိန့်ခွန်းဟာ ‘အခြေခံဥပဒေ’ ကို မထိနဲ့ ထိရင်ဖိနှိပ်ပစ်မယ်လို့ ခြိမ်းခြောက်တာက အဓိက ဖြစ်တယ်။ ချစ်တီးခေါင်း သန်းရှာသလို ဥပဒေ တွင်းကနေ ဘာလုပ်ကွက်ရှိသေးသလဲ ရှာနေလို့ မရတော့ပါဘူး။ ‘အခြေခံဥပဒေ’ ကို ဘယ်လို သဘောထားတယ်ဆိုတာလောက်တော့ NLD ခေါင်းဆောင်မှုက ပြောသင့်ပါပြီ။ ပြတ်သားတဲ့ နိုင်ငံရေးအတွေးအခေါ်ကို ပေးသင့်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာမှ သဘောထား စုစည်း မယ်ဆိုရင် သိပ်နောက်ကျပါလိမ့်မယ်။ ဆန္ဒခံယူပွဲကို (နေ၀င်းနည်း နေ၀င်းဟန်နဲ့) သန်းရွှေစစ်အုပ်စု က လုပ်တော့မှာပါ။ ဗမာပြည်နိုင်ငံရေးမှာ ပင်မပါတီတိုင်းမှာ ပါဖူးတဲ့ အခုတော့ လစ်ဘရယ်ဝါဒီပါလို့ ပြောနေတဲ့ သခင်တင်မြကတော့ ‘အခြေခံဥပဒေ’ အတည်ဖြစ်မှာပါလို့ ပြောနေတယ်။ သန်းရွှေက လည်း နေ၀င်းရခဲ့တဲ့ ထောက်ခံချက်ရာနှုန်း မရတောင်မှ ရာခိုင်နှုန်းအတော်များများရဖို့ ဖိအားပေး မယ့် အခြေအနေ ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မှာပဲ ရှိတာပါ။ ဖြစ်တဲ့နည်းနဲ့ သူ့သဘောထားရအောင် စုစည်းဖို့ လိုပါတယ်။ ဥပဒေတွင်း နည်းလမ်းပဲ စဉ်းစားနေရင်တော့ သူ့သဘောထားရဖို့ မလွယ် ပါဘူး။ ဖြစ်တဲ့နည်းနဲ့ (ဖြစ်တဲ့နည်းနဲ့) စုစည်းဖို့ ‘ဗကပ’ က ပြောနေတာပါ။
အခြေခံဥပဒေ အတည်ဖြစ်သွားပြီးမှ DASSK ကို လွှတ်ပေးလာရင် ရွေးကောက်ပွဲ (အသစ်) ၀င်လည်းအခက်၊ မ၀င်လည်းအခက် တွေ့ပါလိမ့်မယ်။
ပြတ်သားတဲ့ နိုင်ငံရေးခေါင်းဆောင်မှုကို NLD က ပေးစေချင်ပါတယ်။ (စစ်အုပ်စု အခြေခံ ဥပဒေကို ဝေဖန်ကြ၊ ကန့်ကွက်ကြ) ဆိုတဲ့ ဆောင်ပုဒ်လောက်ပဲ ထုတ်ပြန်ပေးနိုင်ရင်ပဲ ရပါပြီ။ ဟိုတုန်းက ထွက်ရပ်ဂိုဏ်းခေါင်းဆောင်တွေက “အင်္ဂလိပ်အခက် ဗမာ့အချက်” ဆောင်ပုဒ် ထုတ်ပေး ခဲ့သလိုမျိုး လုပ်ဖို့ပါ။
(၄) နိဂုံးချုပ်။ မှန်ကန်တဲ့အတွေးအခေါ်လမ်းစဉ်(ဆောင်ပုဒ်)ရရင် လူထုကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရေးလုပ်ဖို့ လွယ်သွားပါပြီ။ အချိန်သိပ်များများ မလိုပါဘူး။
“လော်ဘီလမ်းစဉ်”ကတော့ ပြည်ပထွက်ပြီးလုပ်မှရတဲ့ အလုပ်ဖြစ်ပါတယ်။ လူထုပါအောင် လုပ်တဲ့လမ်းစဉ် မဟုတ်ပါဘူး။ ပြည်တွင်းမှာ လုံးဝလုပ်မရပါဘူး။ ပြည်ပထွက်ပြီး လုပ်ကြတာ များလာရင်လည်း သန်းရွှေစစ်အုပ်စုနဲ့ နောက်ပိုင်းပေါ်လာမယ့် စစ်အုပ်စုတွေကို ‘ပြည်တွင်းမှာ ထင်ရာစိုင်းခွင့်’ လိုင်စင်ထုတ်ပေးခဲ့သလိုပဲ ဖြစ်ပါလိမ့်မယ်။ Labels: ဆောင်းပါး |
posted by thitsarforce @ 8:45 AM  |
|
|
၈၈ အရေးတော်ပုံနှင့် လယ်သမားထုတောင်းဆိုသော ဒီမိုကရေစီ |
|
မောင်စိုးချိန်
(က)
အရေးတော်ပုံကြီးတခုပေါ်ထွန်းလာရန် နှစ်အတော်အတန်စောင့်ရသည်။ အရေးတော်ပုံ တခုသည် ဘာကိုပြသလဲ။ လူထုတ ရပ်လုံး၏ဘ၀တွင် အမြစ်စွဲ ခိုအောင်းနေသောခံစားမှုများနှင့် အတွေးအခေါ်များကိုအလုံးအရင်းနှင့် ပြသလိုက်ခြင်းဖြစ်သည်။ တော်လှန်ပုန်ကန်မှုဆန့်ကျင်မှု တို့က ပါလာခဲ့ပြီးဖြစ်သည့်အတွက် ထိုခံစားမှုနှင့်အတွေးအခေါ်က ပြင်းထန်တက်ကြွသည်ဟု ဆိုရ မှာ ဖြစ်သည်။ ထို တော်လှန်ပုန်ကန်မှု၊ ဆန့်ကျင်မှုတို့ကလည်း၊ လူမှုစနစ်ဟောင်းနှင့် ထိုအဟောင်း ကို ဖက်တွယ်နေသည့် အုပ်စိုးသူတို့ကို ဆန့်ကျင်ပုန်ကန်ရခြင်းဖြစ်သဖြင့် တော်လှန်ရေးဖြစ်လာ ခဲ့သည်။ အဟောင်းမလိုချင်းဘူး အသစ်နှင့်သွားမည်။ စုတ်ချာဆွေးမြေ့နေသည့် အဟောင်းကိုဖက် တွယ်နေသူကတဖက်၊ လွတ်လပ်အေးငြိမ်းမည့် အသစ်ကိုတောင်းဆိုသူတို့ကတစ်ဖက်။ လူထုသည် အသစ်ကိုတောင်းဆိုရာ၌ အဟောင်းကို နာကျင်စွာမောင်းထုတ်လေသည်။ ထို့ကြောင့်အရေးတော်ပုံ တခုသည် ဘ၀ကို လှစ်ဟဖွင့်ဆိုမှုတွေ ပါလာသည်။ ဘ၀၏ဒဏ်ရာဒဏ်ချက်များကို ဖော်ထုတ်ပြသ မှုတွေ ပါလာသည်။ ဘ၀နှင့်ဆီလျော်အပ်စပ်မည့် တောင်းဆိုမှုတွေပါလာခဲ့သည်။ ဘ၀သစ်အတွက် တောင်းဆို မှု။
အရေးတော်ပုံတခုကို တနည်းအားဖြင့် အမျိုးသားပြည်သူလူထုအသီးသီး ပါဝင်သည့် အမျိုးသားညီလာခံတခုဟု ဆိုရမှာဖြစ်သည်။ အရေးတော်ပုံသည် အမျိုးသား ညီလာခံဖြစ်လာ ခဲ့သဖြင့် တိုင်းပြည်တခုလုံး၏မြေပြင်သည် ညီလာခံကျင်းပရာ မြေအပြင်ဖြစ်လာ ပေတော့သည်။ လူထုအသီးသီး၏ ဆန္ဒသဘောထားများကို အဟောင်းဖက်တွယ်ရေးအုပ်စုက သေနတ် စစ်တပ်ဖြင့် ဖိနှိမ်ချေမှုန်းသည်။ ထိုသို့ဖိနှိပ်သတ်ဖြတ်လေ လူထုက သဘောထားဆန္ဒတွေကို ပြင်းပြင်းထန်ထန် ထုတ်ပြရလေလေ။ ဤသို့ဖြင့်အရေးတော်ပုံသည် တိုက်ပွဲကြီးငယ် အသွယ်သွယ်တို့နှင့် အတိပြီး သော၊ တိုက်ပွဲလှိုင်းတံပိုးတို့ ထကြွသောတိုက်ပွဲပင်လယ်ကြီး ဖြစ်လာခဲ့သည်။
(ခ)
လူတန်းစားအသီးသီးသည် ထိုတိုက်ပွဲအရေးတော်ကြီး မြစ်မရေစီးထဲသို့ အဟုန်ဖြင့် စီးဆင်းဝင်လာခဲ့ကြသည်။ အလုပ်သမားများ၊ လယ်သမားများ၊ ပညာတတ်များ၊ အောက်ဆုံးအလွှာ ပစ္စည်းမဲ့များ၊ လက်လုပ်လက်စားများ၊ ပျံကျများ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ အနု ပညာရှင်များပါဝင်သည့် ယဉ်ကျေးမှုလုပ်သားများ စသည်တို့ စီးဆင်းဝင်လာခဲ့သည်။ လူမျိုးပေါင်းစုံ လူတန်းစားအလွှာ အသီးသီးသည် စစ်အာဏာရှင်စနစ်ဖျက်သိမ်းပစ်၊ တပါတီအာဏာရှင်စနစ် ဖျက်သိမ်းပစ် ... ဟစ်ကြွေးတောင်းဆိုသံနှင့်အတူ ဒီမိုကရေစီ ရရှိရေးကိုပါ တောင်းဆိုခဲ့ကြသည်။
ဖက်ဆစ်နှင့် ဒီမိုကရေစီသည် လုံးဝဆန့်ကျင်သည်။ စစ်အာဏာရှင်စနစ်နှင့် ဒီမိုကရေစီ သည် ပြဒါးတလမ်း သံတလမ်းဆန့်ကျင်သည်။ လူမျိုးပေါင်းစုံ လူတန်းအသီးသီးတောင်းဆိုသော ဒီမိုကရေစီသည် အသစ်ဖြစ်သော ဒီမိုကရေစီ။ တချို့နိုင်ငံရေးသမားများနှင့် ပညာရှင်များက “အထွေထွေဒီမိုကရေစီ” ဟု ကမ္ပည်းထိုသည်။ မည်သို့ပင်ဖြစ်စေ အမှောင်ခေတ်လူ့အဖွဲ့အစည်း ဟောင်းထဲက လူထု တောင်းဆိုသော ဒီမိုကရေစီမှာ ဒီမိုကရေစီသစ်ဖြစ်သည်။ လွတ်လပ်စွာ ရေးသားခွင့်၊ ပြောဆိုခွင့်၊ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ တောင်းဆိုခွင့်၊ လွတ်လပ်စွာဆန္ဒပြခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ လွတ်လပ်စွာတင်ပြခွင့်၊ လွတ်လပ်စွာအစိုးရဖွဲ့စည်းခွင့်၊ မဲပေးခွင့်၊ တိုင်းရင်းသားလူမျိုး အသီးသီးကလည်း ကိုယ်ပိုင်ပြဌာန်းခွင့်၊... ... စသည့် ဒီမိုကရေစီ လွတ်လပ်မှု ကို အရယူလိုကြခြင်းဖြစ်သည်။ ဒီမိုကရေစီသစ်၏ ကျန်အင်မှာ လွတ်လပ်ခြင်း၊ မျှတခြင်းပင် ဖြစ်သည်။
(ဂ)
၈၈ အရေးတော်ပုံကြီးတွင် အကြီးမားဆုံးနှင့်အဖိနှိပ်အခံရဆုံး လယ်သမားထုကြီးသည် အခြားသောလူမျိုးစုံ လူတန်းစားအသီးသီး တို့နှင့်အတူ တိုက်ပွဲဝင်လာခဲ့ကြသည်။ ၁၉၆၂ မှ ၈၈ အတွင်း ၂၆ နှစ်တာကလအတွင်း ဆုံးရှုံးလက်လွတ်ခဲ့သည့် ရပိုင်ခွင့်များကို တိုက်ပွဲဝင်ကာ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ဒီမိုကရေစီရရှိရေး ဒို့အရေးဟု တချက်တောင်းဆိုလိုက်တိုင်း သူတို့၏ပိုင်ဆိုင်ခွင့်၊ ရပိုင်ခွင့် များမှာ တပါတည်းပါလာပြီးသားဖြစ်သည်။ မြေယာနှင့်ပတ်သက်သော အခွင့်အရေးများပင်ဖြစ်သည်။ ၆၃ - ၆၄ မှစ၍ မြေ၊ ယာ၊ ဥယျာဉ် ခြံမြေများ အသိမ်းခံကြရသည်။ နေ၀င်းစစ်အုပ်စုသည် မြေရှင်ကြီးများဖြစ်လာခဲ့သည်။ လယ်သမားများမှာ သီးစားလယ်သမား ဘ၀ သို့ ချက်ခြင်းလျောကျသွားသည်။ စိုက်ပျိုးမှု၊ ကြိတ်ခွဲ၊ သယ်ယူမှုတို့ ဘာတခုမှ မလွတ်လပ်တော့။ သီးစားလယ်သမားသည် အခြားသောအဖိ နှိပ်ခံများနှင့်အတူ စစ်ကျွန်ဘ၀ရောက်လာခဲ့သည်။
သီးစားလယ်သမားစစ်ကျေးကျွန်များသည် သမန်းလယ်ကွက်မှ မြို့တော်လမ်းမအထိ မဆလရုံးချုပ်အထိ ချီတက်လာခဲ့ကြပြီး၊ တိုက်ပွဲဝင်တောင်းဆိုခဲ့သည့် ဒီမိုကရေစီထဲတွင် လယ်လုပ် သူ လယ်ပိုင်ဆိုင်ခွင့်အပါအ၀င် အခြားအခွင့်အရေးများပါဝင်သည်။ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်၊ ပိုင်ဆိုင်ထားသောလယ်ယာဥယျာဉ်ကိုလှူခွင့်၊ အမွေပေးခွင့်၊ ရောင်းချပေါင်နှံခွင့်တို့ ပါဝင်သည်။ ဆန်စပါးတို့ကို လွတ်လပ်စွာကြိတ်ခွဲခွင့်၊ သယ်ယူခွင့်၊ ရောင်းချခွင့်၊ သိုလှောင်ခွင့်တို့ပါဝင်သည်။ ထို့ပြင် ပညာရေး၊ ကျန်းမာရေးတို့နှင့်ပတ်သက်၍ ဆုံးရှုံးကင်းကွာခဲ့သည့်အခွင့်အရေး၊ ရပိုင်ခွင့်များ ကို ရရှိလိုမှုလည်း ပါဝင်သည်။ မျတမှုညီမျမှုကို ရယူလိုသည်။ ထို့ပြင်လယ်သမားသမဂ္ဂများ၊ လွတ်လပ်စွာဖွဲ့စည်းခွင့် လူထုအစိုးရကို ကိုယ်တိုင်ကိုယ်ကျ ရွေးကောက်တင်မြှောက်ဖွဲ့စည်းခွင့်၊ လယ်သမားများကိုယ်တိုင် လယ်သမား အခွင့်အရေးကို တောင်းဆိုခွင့်၊ အစိုးထဲတွင် ပြည်သူ့ ကိုယ်စားလှယ်အများအဖြစ် ပါဝင်ခွင့်... စသည့်အခွင့်အရေးများကို တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
၈၈ အရေးတော်ပုံကြီးတွင် လူမျိုးစုံ၊ လူတန်းစားအလွှာစုံပါဝင်ခဲ့သည့် လူထုကြီးက စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးသည် ပန်းတိုင်သို့မရောက်သေး။ ချီတက်တော်လှန်နေရဆဲ ဖြစ်သည်။ ထို့ကြောင့်စစ်အုပ်စုမြေရှင်ကြီးစနစ်အောက်မှ ကျေးလက်မြေယာနှင့် ပတ်သက်သော ဒီမိုကရေစီသစ်တောင်းဆိုမှုမှာ ပျောက်ကွယ်မသွားသည့်အပြင် တိုက်ပွဲ၏တောင်းဆိုမှုအဖြစ် ဆက်လက်ရှင်သန်ထက်မြက်ဆဲ ဖြစ်သည်။
ဇူလိုင်၊ ၂၇၊ ၂၀၀၇ Labels: ဆောင်းပါး |
posted by thitsarforce @ 8:44 AM  |
|
|
နိုင်ငံရေးနဲ့ ၀ါဒဖြန့်ချိရေး |
|
သက်ထွန်း
နိုင်ငံရေးနယ်ပယ်မှာ (proraganda) ၀ါဒဖြန့်ချိခြင်းဆိုတဲ့ စကားလုံးကို အားလုံး ယဉ်ပါး ပြီးဖြစ်ပါတယ်။ နိုင်ငံရေး၊ စစ်ရေးတွေမှာ ၀ါဒဖြန့်ချိရေးဟာ မရှိမဖြစ်တဲ့၊ အဓိကလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ လူမူ ဘ၀မှာလည်း လူ့အဖွဲ့အစည်းအတွင်းနေ့စဉ် ကြားသိ ကြုံတွေ့နေတဲ့ အကြောင်း အရာပေါင်းစုံမှာ၊ ၀ါဒဖြန့်ချိခြင်းဆိုတဲ့ အမည်နာမကို တိုက်ရိုက်သုံးစွဲမူ မရှိကြပေမဲ့၊ အခြားအခြားသော ပုံသဏ္ဌာန်မျိုးစုံနဲ့ အသက်ဝင်နေတာကို တွေ့နိုင်ပါတယ်။
နိုင်ငံတိုင်း၊ အစိုးရအဖွဲ့အစည်းတိုင်းဟာ ကဏ္ဍပေါင်းစုံကိစ္စ (နိုင်ငံရေး၊ စစ်ရေး ကိုပိုအလေးထား၊ ယနေ့ကာလတွင် နိုင်ငံရေး၊ စီးပွားရေး ကိစ္စ-)တွေအတွက် အမြဲတမ်းပဲ ၀ါဒဖြန့် ချိရေးလုပ်ငန်းကို အလေးထားဆောင်ရွက် လေ့ရှိကြတယ်။ တည်ငြိမ်နေတဲ့ ကာလတွေမှာတောင် အမြဲလိုအပ်နေတဲ့ လုပ်ငန်းမျိုးဖြစ်တဲ့အတွက်၊ လှုပ်ရှားရုန်းကန်နေရတဲ့ ကာလတွေနဲ့ ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ကာလမျိုးတွေမှာဆို ပိုမိုအရေးကြီးလိုအပ်တယ်။
လူထုကိုစည်းရုံးတဲ့နေရာမှာ ၀ါဒဖြန့်ချိရေးဟာအလွန်အရေးကြီးပြီး၊ အခြေခံကျတဲ့ လုပ်ငန်းတခုဖြစ်တယ်။ လူထုအတွင်း ထဲထဲဝင်ဝင်နဲ့ ထိရောက်ကျယ်ပြန့်တဲ့ ၀ါဒဖြန့်ချိရေး လုပ်ခြင်းမရှိပဲ၊ လူထုကို တသားတည်း စုစည်းပါဝင်လာအောင်လုပ်ဖို့ အင်မတန်ခက်ပါတယ်။
ဝါဒဖြန့်ချိရေးလုပ်ခြင်းရဲ့ ရည်ရွယ်ချက်ဟာ၊ လူထုရဲ့ယုံကြည်မှု၊ ထောက်ခံမှု၊ ပူးပေါင်း ဆောင်ရွက်မှု– စတာတွေကို စည်းရုံးရေးသဘောအရ ရရှိနိုင်ဖို့ဘဲဖြစ်တယ်၊ လုပ်ငန်းရဲ့ပုံစံ သဘော သဘာဝအရကတော့ လူထုရင်ထဲမှာရှိနေတဲ့ ခံစားချက်မျိုးစုံ (မကျေနပ်မှု၊ မျှော်လင့်ချက်၊ ကြောက်ရွံ့မူ၊ ရဲဝံ့မူ ၊ ၀မ်းနည်းမူ၊ ပျော်ရွင်မှု... စသဖြင့်)ကို (အကြောင်းအရာ၊ အခြေအနေ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း အစရှိတဲ့တခုခုအပေါ်) ပိုမိုကြီးထွားလာအောင် သို့တည်းမဟုတ် ပြောင်းလဲလာအောင် ပုံဖော်ပေးဖို့ တွန်းအားပေး လုပ်ဆောင်တဲ့ လုပ်ငန်းမျိုးဖြစ်တယ်။
ဝါဒဖြန့်ချိရေးလုပ်တဲ့အခါ ရုပ်ရှင်၊ ဂီတ၊ စာပေ၊ ပန်းချီ၊ ကာတွန်း၊ စကား၊ လှုပ်ရှားမူ ၊ ပိုစတာ၊ စာရွက်စာတမ်း အစရှိသဖြင့် ပုံသဏ္ဌာန်မျိုးစုံနဲ့ ဖော်ဆောင်ကြလေ့ရှိတယ်။ ဒီအခါမှာလည်း ထိရောက်မူရှိပုံခြင်း၊ ပြန့်နှံ့မှု အားကောင်းခြင်း နည်းခြင်း ၊ မြန်ဆန်မူ ရှိခြင်း မရှိခြင်း ၊ ခိုင်မာမူရှိခြင်း စတဲ့အချက်တွေပေါ်မှာ ကွာဟမူရှိကြသလို၊ အရေးပေါ်အခြေအနေမျိုးတွေမှာသုံးစွဲရတဲ့ ပုံစံတွေ ခြင်းလည်း ကွဲပြားနိုင်ပါတယ်။ ဘယ်သို့ပင်ဆိုစေ လူထုမှာရှိနေတဲ့၊ ရှိဖို့လိုအပ်နေတဲ့ခံစားချက် တခုခုနဲ့ အဟပ်တည့်ရပါမယ်။
ဒီနေရာမှာတစ်ချက်သိထားဖို့လိုတာကတော့ ၀ါဒဖြန့်ချိတဲ့အကြောင်းအရာဟာ၊ အချက် အလက် သဘောအရအားလုံးအမှန်ဖြစ်ချင်မှဖြစ်မယ်ဆိုတာပါပဲ၊ တခါတရံမှာ လုံးဝမရှိတာ၊ မဖြစ် တာကို အဟုတ်အမှန်သဘောရောက်အောင် လုပ်ကြံဖန်တီးလေ့ရှိတယ်။ အချို့အခြေအနေမျိုး တွေမှာတော့ အချက်အလက် တချို့အပေါ် တည်ဆောက်ယူရတယ်။ ဘာကြောင့်လဲဆို လူတွေရဲ့ သဘောသဘာဝအရ အမှန်ကိုပြောတိုင်း၊ ယုံကြည်ချင်မှ ယုံကြည်လိမ့်မယ်ဆိုတာကို မေ့ထားလို့ မရဘူး၊ လူထုရဲ့ အလက်ဟာ လူထုအတွက်တခါတရံ ရယ်စရာ ဖြစ်နေတတ်တယ်။
ဝါဒဖြန့်ချိရေးအတွက် အခြေခံအချက်အလက်ရဖို့ လူထုကြားကို ဆင်းဖို့လိုတယ်။ လူထုရဲ့ အာရုံစိုက်မူဟာ ဘာလဲဆိုတာသိဖို့လိုတယ်။ လတ်တလော အာရုံစိုက်မှုနဲ့ ပင်ကိုယ်မူရင်း အလေ့ အထကိုသိဖို့လိုတယ်၊ ဒီနောက်တော့ အကြောင်းအရာရွေးချယ်မူ မှန်ကန်ဖို့လိုတယ်။ တင်ပြပုံမှန်ဖို့ လိုတယ်။ အကြိမ်များစွာပြောသလိုဖြစ်ဖို့လိုတယ် ၊၊
ဘယ်လိုအချိန်အခါမျိုးမှာမဆို လူထုကြားထဲကိုရောက်စေချင်၊ သိရှိပြန့်နှံ့စေချင်တဲ့ အဖြစ် အပျက်၊ သတင်းအချက်အလက်၊ မူဝါဒ၊ အကြောင်းအရာ၊ အခြေအနေတွေကိုပေးပို့တဲ့အခါ၊ တင်ပြပုံဂရုစိုက်ရမယ်၊ ကြော်ငြာသဘောဆန်ရမယ်၊ ရှင်းလင်းရမယ်၊ နားလည်လွယ်ရမယ်၊ ခံစား ချက်ကို ပေးနိုင်ရမယ်၊ တိုတိုတုတ်တုတ် ဖြစ်ရမယ်။
ဝါဒဖြန့်ချိရေး လုပ်ဖို့တရားဝင် လွတ်လွတ်လပ်လပ် မရှိဘူးဆိုတဲ့ အခြေအနေမျိုးမှာ၊ စာရွက်စာတမ်းဖြန့်ဝေခြင်းဟာ၊ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်တယ်၊ ကမ္ဘာစစ်ကာလတွေနဲ့ နိုင်ငံတကာမှာဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးကာလတွေမှာ မပါမဖြစ် လုပ်ဆောင်ခဲ့ကြရတဲ့ အဓိက နည်းလမ်းဖြစ်တယ်၊ ဒီလိုလုပ်တဲ့အခါမှာ ဇာတ်လမ်းတိုပုံစံ၊ သတင်းပေးတဲ့ပုံစံ၊ အသိပေးပြောကြား တဲ့ပုံစံ၊ ဆိုင်းဘုတ်ပုံစံ၊ လက်ကမ်းကြော်ငြာပုံစံ၊ သဘောထားကြေညာချက်ပုံစံ၊ ရုပ်ပုံနဲ့တင်ပြတဲ့ ပုံစံ၊ ကာတွန်းပုံစံ – စသဖြင့် ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ တင်ပြနိုင်တယ်၊ ၀ါဒဖြန့်ချိရေးလုပ်ငန်းဟာ တချို့ အစိတ်အပိုင်းတွေမှာ၊ စီးပွားရေးလုပ်ငန်းသဘောအရ လုပ်ဆောင်လေ့ရှိတဲ့ ကြော်ငြာသဘောနဲ့ အတော်ဆင်တူတာကို တွေ့ရတယ်။
ထိရောက်တဲ့ ၀ါဒဖြန့်ချိရေးအတွက် ရေးသားတဲ့စာဟာ ပညာရှင်သဘောဆန်လို့ မရဘူး၊ အရပ်သဘောအပြည့်ပါရတယ်၊ အကောက်အယူမမှားဖို့ရာ အရိုးရှင်းဆုံး ရေးသားရတယ်၊ အကြောင်းအရာ တခုကို အကြိမ်ရေများများပြောခြင်း၊ ဖော်ပြခြင်းဟာလည်း ၀ါဒဖြန့်ချိရေး ပုံစံ တမျိုးပဲဖြစ်တယ်၊ နောက်တခါ ၀ါဒဖြန့်ချိရေးလုပ်ငန်းကို နှစ်ရှည်လများ အချိန်ယူ လုပ်ဆောင်လေ့ ရှိကြတာကိုလည်း တွေ့နိုင်ပါတယ်။ ( ဥပမာ – ထိုင်းနိုင်ငံဟာ ဗမာမုန်းတီးရေးနဲ့ ဗမာမကောင်း ကြောင်းကို စာပေ၊ ဂီတ၊ ရုပ်ရှင်နဲ့ ကျောင်းသင်ခန်းစာတွေမှာ အမြဲတစေ ၀ါဒဖြန့်လုပ်ဆောင် နေကြတာကို ယနေ့ထက်တိုင်တွေ့နိုင်တယ်။)
ဝါဒဖြန့်ချိရေးလုပ်ခြင်းနဲ့ ပတ်သက်ပြီး ၊ လူထုရဲ့စိတ်ဓါတ်မတည် မငြိမ်ဖြစ်နေတဲ့အခါ (အကြောင်းတစ်စုံတစ်ရာပေါ်မူတည်ပြီး စိတ်ဓါတ်အလွန်အမင်း တက်ကြွနေတဲ့အခါ ဒါမှမဟုတ် စိတ်ဓါတ်အလွန်အမင်း ကျဆင်းနေတဲ့အခါ)မျိုးနဲ့၊ အကြပ်အတည်းမျိုးစုံဖြစ်ပေါ်နေတဲ့ အခါမျိုးတွေ မှာ ၀ါဒဖြန့်ချိရေးရဲ့အရေးပါမူဟာ ပိုမိုသိသာသလို၊ ပိုမိုထိရောက်တယ်၊ ဒါပေမဲ့ သတိထားဖို့ လိုတာက လူထုရင်ထဲမှာ မယုံကြည်မှု၊ မုန်းတီးမှု၊ မကျေနပ်မှု ကြောက်ရွံ့မှု စတဲ့ခံစားချက်တွေကို၊ ၀ါဒဖြန့်ချိနေသူတွေအပေါ် ဆုပ်ကိုင်ထားပြီဆိုရင်တော့၊ ဘယ်လိုပဲ ၀ါဒဖြန့်ချိသည်ဖြစ်စေ (တခါတရံ အမှန်ကို ထုတ်ဖော်ပြောဆို ရေးသားတာတောင် မယုံကြည်တော့တာ၊ လက်မခံကြတော့တာကို တွေ့ရတယ်) မအောင်မြင်နိုင်ပါဘူး။
တဖက်မှာ ၀ါဒဖြန့်ချိရေးရဲ့ သဘာဝအရလည်း၊ အမှန်တရားကို ပြောဆို၊ တင်ပြတယ် ဆိုရုံနဲ့ အလုပ်မဖြစ်နိုင်၊ မအောင်မြင်နိုင်ပါဘူး၊ တင်ပြပုံဟာအင်မတန်အရေးကြီးပါတယ်၊ အချိန် အခါ၊ အခြေအနေနဲ့အဟပ်ညီအောင် ၀ါဒဖြန့်ချိနိုင်ဖို့လိုပါတယ်။ လူထုရဲ့ စိတ်ဝင်စားမှုရရှိပြီး တကယ်ထိရောက်တဲ့ ၀ါဒဖြန့်ချိမှုဟာ၊ ထပ်ဆင့်ဝါဒဖြန့်ချိမှုကို လူထုကြားထဲမှာတင် ဖြစ်ပေါ်စေနိုင် တယ်။ လူထုကိုယ်တိုင်က လက်ဆင့်ကမ်းပြောကြားမှုကို လုပ်တဲ့အခါ ၀ါဒဖြန့်ချိမှုအတွက် ပိုပြီး အကျိုးများစေတယ်၊ ဘာကြောင့်ဆိုပြောကြားသူဟာ နားထောင်သူရဲ့ စိတ်ဝင်စားမူရရှိအောင်၊ သူ့နည်း သူ့ဟန်နဲ့ ပြောကြားလေ့ရှိလို့ပဲ ဖြစ်တယ်။ သာမာန်လူအချင်းချင်း အရပ်ပြောပြောတဲ့ လုပ်ရပ်ဟာ – ပျံ့နှံ့မှု အရမ်းလျှင်မြန်သလို၊ လူတွေရဲ့ စိတ်ဝင်စားမှုကို ပိုပြီးရတယ်။ စာရွက် စာတမ်းတွေဆိုရင်တောင်၊ တချို့ (လူထုထဲကတင်) ထပ်ဆင့်ကူးယူပြီး၊ သူ့တို့ ကိုယ်ပိုင်ဟန်နဲ့ ဖြန့်ချိလိုက်တာကို တွေ့ရတယ်။
ဝါဒဖြန့်ချိရေးရဲ့ အကျိုးသက်ရောက်မှုဟာ ကြောက်စရာကောင်းလောက်အောင် ကြီး သလို၊ ခန့်မှန်းဖို့လည်း အတော်ခက်တယ်။ ဒုတိယကမ္ဘာစစ်သမိုင်းကို ပြန်လည်လေ့လာ သုံးသပ်သူ နိုင်ငံရေးသိပ္ပံပညာရှင်တွေရဲ့ အဆိုအရ၊ ၀ါဒဖြန့်ချိရေးလုပ်ငန်းကြောင့်၊ မဟာမိတ်နိုင်ငံတွေဟာ စစ်ပွဲရဲ့ ငါးဆယ်ရာခိုင်နှုန်းကို အနိုင်ရတယ်လို့ဆိုတယ်။ အဲဒီကာလမှာ ဂျာမဏီအာဏာရှင် ဟစ်တလာဆိုရင်၊ မဟာမိတ်နိုင်ငံတွေရဲ့ ၀ါဒဖြန့်ချိရေးလှိုင်းဂယက်ဒဏ်ကြောင့် ဘီလူးသဘက် တစ်ကောင်လို မကောင်းဆိုးဝါး သတ္တ၀ါအဖြစ်နဲ့ ကမ္ဘာ့လူထုကြားထဲမှာ ပုံပေါ်သွားခဲ့ရတယ်။ မည်သည့်နိုင်ငံမှာဘဲဖြစ်ဖြစ် အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့အခါမှာ၊ ၀ါဒဖြန့်ချိရေးကို အဆင့် နှစ်ဆင့်ခွဲခြား မြင်နိုင်တယ်။ အဆင့်နိမ့်တဲ့ ၀ါဒဖြန့်ချိရေးကတော့ တော်လှန်ရုံ၊ ဆန့်ကျင်ရုံ သက်သက် လုပ်ခြင်းပဲဖြစ်ပြီး၊ အဆင့်မြင့်တဲ့ ၀ါဒဖြန့်ချိရေးကတော့ လူထုရဲ့မြင်ကွင်းကို ထင်သာ မြင်သာအောင် ရှင်းရှင်းပြရမယ်၊ လူထုရဲ့စိတ်ဓါတ်ကို ပြောင်းလဲနိုင်ရမယ်။ ဘာကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘာအတွက်ကြောင့် ဘယ်လိုဖြစ်နေတယ်၊ ဘယ်လိုလုပ်သင့်တယ်၊ လုပ်ရမယ် ဆိုတာ မြင်လာအောင်၊ သိလာအောင်လုပ်ရမယ်၊ သဘောကတော့ လူထုကို စိတ်ဓါတ်ရေးရာ မြှင့်တင်မှုနဲ့ ယုံကြည်ချက်တွေ ပြောင်းလဲလာအောင်လုပ်ခြင်းဖြစ်တယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်အားလုံးနဲ့ ပတ်သက်လို့ လူထုရဲ့ အခြေအနေမှန်ကို ထင်ဟပ်ပြောပြနိုင်ရမယ်၊ အပြောင်း အလဲကို မြင်အောင်ပြနိုင်ရမယ်၊ မျော်လင့်ချက်ကိုပေးနိုင်ရမယ်၊ ပူးပေါင်းပါ ၀င်လာအောင် ဆွဲဆောင်နိုင်ရမယ်။
ဝါဒဖြန့်ချိရေးလုပ်ငန်းရဲ့ အောင်မြင်မှုရှိ မရှိဆိုတာကိုတော့၊ ၀ါဒဖြန့်ချိခြင်းကို ပုံဖော်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ရဲ့ တင်ပြလိုက်၊ ပြောဆိုလိုက်တဲ့ အကြောင်းအရာပေါ်မှာ လူထုရဲ့ စိတ်ဝင် စားမှု၊ လက်ခံယုံကြည်မှု၊ ပူးပေါင်းလှုပ်ရှားမှု ဘယ်လောက်ရသလဲဆိုတာနဲ့ တိုင်းတာလို့ ရပါတယ်။ Labels: ဆောင်းပါး |
posted by thitsarforce @ 8:42 AM  |
|
|
နအဖ လုပ်ပုံနဲ့ ကျွန်တော်တို့ |
|
လူတင့်
“အာဏာလွှဲပေးမယ်” ဆိုတဲ့ စကားနဲ့ “ညီလာခံ အဆုံးသတ်တော့မယ် ” ဆိုတဲ့ စကားကို နအဖဗိုလ်သိန်းစိန်က အလေးတင်းလိုက်တဲ့ အခါမှာ ကျန်တော်တို့ဘက်က တော်လှန်ရေးသမား တွေ အနေနဲ့ ချိန်ဆတာတွေရှိလာနေတယ်လို့ အကဲခတ်မိတယ်။ ပထမဆုံး သတိပြုဖို့က ပြောတဲ့ သူရဲ့ အခြေအနေနဲ့အဆင့်အတန်းကို ကြည့်ရပါမယ်။ ဗိုလ်သိန်းစိန်က နအဖ ထဲမှာ ယေဘုယျ အားဖြင့် အဆင့်ငါး၊ ၁၉၉၀တုန်းက အဆင့်တစ် ဖြစ်ခဲ့တဲ့ ဗိုလ်စောမောင် ပြောခဲ့တဲ့ “စစ်တန်းလျားပြန်မယ်”ဆိုတဲ့ စကားတောင် ဘယ်ရောက်သွားသလဲ အမှတ်ရကြပါသေးရဲ့လား၊ အဆင့်ငါး မပြောနဲ့ အဆင့်သုံး ဖြစ်ခဲ့တဲ့ ဗိုလ်ခင်ညွန့်တောင် ဘယ်ရောက်သွားလို့၊ ဘာဖြစ်သွားလဲ သိနိုင်ပါရဲ့ လား။ စစ်အာဏာရှင်စနစ်ရဲ့အောက်မှာ နိုင်ငံရေး မိုးလေ၀သက ဒီလိုဖြစ်နေတာပါ။ စစ်အာဏာရှင် စစ်ဘုရင်ရဲ့ စိတ်ဆန္ဒပေါ်ဘဲ မူတည်နေရလို့ပေါ့။
ဘုရင်ဆိုတဲ့သူတွေဟာ ပုလ္လင်ပေါ်ကနေ ကြည်ကြည်သာသာဆင်းသွားတဲ့ ဘုရင်ရယ်လို့ မရှိဘူးပါ။ စောမောင်၊သန်းရွှေတို့လို ပြည်သူကို ဒုက္ခအမျိုးမျိုး ပေးထားတဲ့ သူဆိုပိုဆိုးမှာပါ။ ဒီတော့ စစ်အာဏာရှင် စံနစ်တိုက်ဖျက်ရေးကိုဘဲ ရည်မှန်းလုပ်ရမှာပါဘဲ။ တခြားအရာတွေက ချော်တော် ငေါ့တာတွေချည့်ဖြစ်နေမှာ။
ဒီအချိန်မှာ နအဖတို့လုပ်နေပုံက ဗမာပြည်က လူထုနဲ့ နိုင်ငံတကာကို ချွေးသိပ်ဖို့ ကြိုးစားနေတာပါ၊ ချွေးသိပ်တာက မသိပ်တာထက်မကောင်းဘူး လားလို့မေးမည့်သူက ပေါ်လာနိုင် ပါတယ်။ “ကောင်းတော့ကောင်းတယ် ခါးတောင်းကြိုက် မဖြုတ်လိုက်ရဘူး”ဆိုတာမျိုးပါဘဲ။ ဒီလူ တွေအတွက် ပြီးခဲ့တဲ့ ၈၈ အတွေ့အကြုံကို ပြန်သတိရစေချင်တယ်။ လူတွေက ဆူပူပြီး စစ်တပ်ပါ ဂယိုင်းဂယိုင်ဖြစ်နေတဲ့ အခါမှာ “ရွေးကောက်ပွဲလုပ်ပေးမယ်” ဆိုတဲ့ ပရိယာယ်နဲ့ လိမ်ချွေးသိပ် ခဲ့တာကို မှတ်မိနေသင့်တယ်။ ခုအဲဒီ ရွေးကောက်ပွဲက ဘယ်လိုဖြစ်နေခဲ့သလဲ ၈၈ကအားတွေ ဘယ်လိုဖြစ်ကုန်သလဲ။ ကျွန်တော်တို့တတွေဘက်က ဥာဏ်ကြီးရှင်တွေများတယ်။ အတွက်အချက် တွေပိုင်တယ်။ “တွက်ရေးကတော့ စက်သူဌေးဘဲ၊ တွက်ကြည့်မှ စက်မရှိ”မှန်းသိကြတဲ့လူတွေချည့်။ အချိန်တွေ ကုန်ပြီ၊ ရန်သူက တပ်အခိုင်အမာဆောက်ချိန်ရသွားပြီ၊ ကိုယ်က လက်တွေ့မကျတဲ့ ရွေးကောက်ပွဲရလာဒ်ကို ပိုက်ပြီး ရင်ဟောင်းလောင်းနဲ့အပစ်ခံဖို့ ဘဲကျန်ခဲ့ ရတယ်။
အခုတပတ်ပြန်လာပြန်ပါပြီ “မကောင်းဘူးလား”လို့ဆိုမည့်သူတွေ အချောင်သမားတွေ အခွင့်အရေးသမားတွေကတန်းစီနေပြန်ပါပြီ။ ရန်သူနအဖကလည်း အလံရှူးတွေမွေးထားပြီးပါပြီ၊ လက်ပါးစေလူမိုက် ဂိုဏ်းတွေလဲ မွေးထားပြီးပါပြီ ပွဲဆူအောင်တောခြောက်ကြဦးမှာပါ။ ဒါသူတို့ ဘက်ကလုပ်မှာ - ။ ဒီလိုပြင်ဆင် ထားတာကို သိလျက်နဲ့ အာဏာလွှဲမှာဘဲလို့ တွေးရင်ပြောဆို နေရင် အဲဒီလူလောက်အယနုံတဲ့သူ ရှိမယ်မထင်တော့ဘူး။ ဒါမှမဟုတ်လဲ ရန်သူ့ဘက်သားသာ ဖြစ်နေတော့မယ်။
ဒီလိုအချိန်မျိုးနဲ့ပတ်သက်ပြီး လီနင်က “ထိပ်လန့်နေတဲ့ ဇာဘုရင်ရဲ့ဒီ “လက်ဆောင်” ကို ဓနရှင်လူတန်းစား၊ လစ်ဘရာယ်တွေ၊ အချောင်သမားတွေဟာ လက်နှစ်ဖက်နဲ့ခံယူဖို့ အသင့်ပြင် နေကြတယ်။ ပြုပြင်ရေးသမားအားလုံးလိုလိုဘဲ --- တခါတလေ ပြုပြင်မယ်ဆိုတဲ့ ကတိသက်သက် တွေကနေ တခုတည်းသော ရည်မှန်းချက်ကိုသာ ဦးတည်တယ်ဆိုတာကို နားမလည်နိုင်ကြဘူး။ အဲဒီရည်မှန်းချက်ကတော့ပြည်သူတွေရဲ့ မငြိမ်သက်မှုတွေကို အရှိန်လျော့စေဖို့၊ တော်လှန်တဲ့ လူ တန်းစားကို တိုက်ပွဲဆက်မတိုက်ဖို့၊ ဒါမှမဟုတ် အနည်းဆုံးပျော့သွားအောင်လုပ်ဖို့ ဆိုတာပါဘဲ။” တဲ့ ဒီတော့ ဗိုလ်သိန်းစိန်တို့ ရည်ရွယ်ချက်ကကော ဒါနဲ့ဘယ်လိုမှ မကွာနိုင်ပါဘူး။ ၈၈ က ပြည်သူတွေ လိုချင်တာ“လူထုအစိုးရပေါ်ထွန်းဖို့”ပါ ဒီလိုပေါ်ဖို့က စစ်အာဏာရှင်ကို အရင်ဖြုတ်ရမှာပါ။ လူထု အစိုးရ ထူထောင်ဖို့။ စစ်အာဏာရှင်ရှိနေပြီး ရွေးကောက်ပွဲလုပ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ် ရည်မှန်းချက်ကို ရှင်းရှင်းမရှိခဲ့ကြဘူး။ မခိုင်မာခဲ့ကြဘူး။ “ရေချိုးရနည်းလား”ဆိုပြီး ငါးရအောင် မဖမ်းကြတော့ဘူး။ ဒီတော့ နောက်ဆက်တွဲရလဒ်တွေက ထောင်ထဲသေကြ၊ တောထဲသေကြ၊ အဖမ်းခံရ၊ အရိုက်အနှက်ခံရ၊ ငတ်ကြ ပြတ်ကြ၊ ဘ၀တွေပျက်ကြရတာတွေကို နောက်ပြန်ကြည့် ရင် သိနိုင်တယ်။ ကျွန်တော်တို့ ကိုယ့်ရည်ရွယ်ချက်ကို ရှင်းရှင်းမရှိခဲ့ကြ၊ဘူး။ ယခုရွေးကောက်ပွဲ ဆိုတာတွေ ထပ်ကြားလာရပြန်ပြီ။
ဒီနေရာမှာ လေ့လာရတဲ့“တော်လှန်ရေးသည် အားကောင်းပြီး စည်းလုံးမှုရှိသော တန်ပြန် တော်လှန်ရေးကို ဖြစ်ပေါ်စေခြင်းဖြင့် ရှေ့ကို တိုးတက်သည်” ဆိုတဲ့ လီနင်ရဲ့စကားကို ကိုးကားချင် ပါတယ်။ နအဖဘက်က အားစုလာတာကဘဲ တော်လှန်ရေးအတွက် အရှိန်တက်စေမှာဆိုတာကို ပြောချင်ပါတယ်။
ဒီနေ့ နိုင်ငံရေးဂရုကြီးတွေလိုလို လူတွေရဲ့ ပို့ချချက်တွေနဲ့ပတ်သက်ပြီး လီနင်ပြောဘူး တာက “စစ်ဝါဒကို ရှုတ်ချရုံ၊ဆဲရေးရုံ၊“ငြင်းပယ်ရုံ” ဒါမှမဟုတ်ရင် ဒီဝါဒဟာအန္တရာယ်ကြီးကြောင်း ဝေဖန်ရုံ၊ချေပ ပြောဆိုနေရုံနဲ့မရဘူး စစ်ရေးအရလုပ်ဖို့ငြင်းပယ်တာဟာ ငြိမ်းချမ်းစွာရူးမိုက်မှုဘဲ”လို့ ဆိုတယ်၊ဒီတော့ ကျွန်တော်တို့ရန်သူနအဖ စစ်တပ်ကို ဦးတည်ရမှာပါဘဲ။
ဒီနေ့လှုပ်ရှားမှုတွေက ပစ္စည်းမဲ့ အလုပ်သမားအတွေးအခေါ်လှုပ်ရှားမှုမဟုတ်ဘဲ ဓနရှင် အစွဲအလမ်းတွေ လွှမ်းခြုံနေတဲ့ ကာလမျိုးဖြစ်နေတော့ ပစ္စည်းမဲ့ လူတန်းစားအမြင်နဲ့ လုပ်ဟန်တွေ ဆီကို ကျန်တော်တို့ပြောင်းရမယ်။ ပစ္စည်းမဲ့လူတန်းစားတွေခေါင်းဆောင်မှုထဲ ပါဝင်လာအောင် လုပ်ရမယ်။ လှုပ်ရှားမှုတွေ ကလည်းဆန္ဒပြပွဲအဆင့်က သပိတ်တိုက်ပွဲလမ်းတိုက်ပွဲတွေအဆင့်ကို ကူးရလိမ့်မယ်။ ဒေသလိုက်ရပ်ကွက်လိုက် လူထုအုပ်ချုပ်ရေး လုပ်ငန်းတွေကို အကောင်အထည် ဖေါ်နိုင်ဖို့ လွတ်မြောက်ရေး ကော်မီတီတွေ ရှိဖို့လိုပါတယ်။ လွတ်မြောက်ရေးကော်မီတီဆိုတာက နအဖစစ်အာဏာရှင် စနစ်ကို တိုက်ဖျက်ပြီး ပြည်သူတွေကို လွတ်မြောက်အောင်လုပ်တဲ့ လုပ်ငန်း ကော်မီတီကိုဆိုလိုတာပါ။
၁၉၀၅ ခုနှစ်က ရုရှားလယ်သမားတွေ ဘယ်လိုအုံကြွခဲံလဲဆိုရင် “လယ်သမားတွေဟာ အက်စတိတ်ကြီးပေါင်း နှစ်ထောင်ထက်မနည်းကို မီးရှို့ဖျက်ဆီးပစ်ကြပြီး၊ ပြည်သူတွေဆီကနေ အနိုင်ကျင့်လုယက်ယူထားတဲ့ လူကုံတံတွေရဲ့ ဥစ္စာပစ္စည်းတွေကို ခွဲဝေယူကြတယ်။”လို့ လီနင်က ဆိုတားတယ်။ ဒါတောင်လီနင်က “လယ်သမားတွေရဲ့လှုပ်ရှားမှုဟာ အင်မတန်ကြဲကွဲ၊ ဖွဲစည်းမှု အင်မတန်ကင်းမဲ့ပြီး ကြမ်းသင့်သလောက် မကြမ်းခဲ့ကြဘူး။ တော်လှန်ရေးရှုံးနိမ့်ရမှုရဲ့ အကြောင်း ရင်း တရပ်ဟာ ဒီအချက်မှာ ရှိတယ်။”လို့ဆိုတယ်။
ဇာဘုရင်ရဲ့ရွေးကောက်ပွဲ အတုတွေ၊ လွှတ်တော်အတုတွေကို လီနင်တို့ခေတ်ကလဲ ရင်ဆိုင်ခဲ့ရတယ်၊ သူတို့ရင် ဆိုင်ပုံ နည်း အတိုင်းဆိုရင် ကျန်တော်တို့ လုပ်ရမှာက “နအဖ ဖွဲစည်းပုံ အလိုမရှိ၊ သပိတ်မှောက်ကြ၊ နအဖ အလိုမရှိ၊ ရွေးကောက်ပွဲကျင်ကပေးမည့်သူသည် နအဖ မဟုတ် ယာယီအရပ်သား အစိုးရသာဖြစ်ရမယ်” လို့ကြွေးကြော်တိုက်ပွဲဝင်ကြရပါလိမ့်မယ်။
လူတင့်
၁ ၊ ၇ ၊ ၀၇ Labels: ဆောင်းပါး |
posted by thitsarforce @ 8:41 AM  |
|
|
ဘာလဲဟဲ့ အာဇာနည် |
|
မောင်စွမ်းရည်
ကျနော်ကအညာသားပါ။ ရန်ကုန်ကိုပြောင်းလာတော့ အညာကဧည့်သည်တွေလာရင် အဓိကလိုက်ပို့ရတာက ရွှေတိဂုံဘုရားကြီး၊ ရွှေတိဂုံရောက်ရင် ဒါကအာဇာနည်ဗိမာန်၊ ဟိုဟာက အမျိုးသားနေ့အထိမ်းအမှတ်(ပထမကောလိပ်သပိတ်)ကျောက်တိုင်၊ ဟိုဟာက သခင် ကိုယ်တော် မှိုင်းဂူဗိမာန်၊ အဲဒီနားက အချန်အတက်နဲ့အုတ်ဂူက သီပေါမဟေသီ စုဘုရားလတ်ရဲ့အုတ်ဂူ၊ ဒီဘက် ကတော့ ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်ရဲ့အုတ်ဂူဆိုပြီး ပြောပြရတယ်။ သမိုင်းဝင် အထိမ်း အမှတ်ဖြစ်နေလို့ အစီစဉ်လိုက်ပြောရမယ်ဆိုရင် ပါတော်မူကစပြီး အမျိုးသားနေ့သမိုင်းကို အောင်ဆန်းတို့ရဲ့ ၁၉၃၆ သပိတ်နဲ့ ၁၉၃၈ သပိတ်သမိုင်း၊ လွတ်လပ်ရေးသမိုင်းနဲ့ ဒီမိုကရေစီ တိုက်သမိုင်းအထိ(၁၈၈၅ ခုနှစ် ၁၉၈၈ ထိ) ခေတ်သစ်ဗမာနိုင်ငံ သမိုင်းကြီးတခုလုံးပါဝင်နေတာကို တွေ့ရပါမယ်။
ရွှေတိဂုံဘုရားကိုလဲ ကမာရွတ်ကနေ ဘတ်စ်ကားနဲ့သွားရင် ရွှေတိဂုံဘုရားကုန်းဆီဦး တိုက်တဲ့ မြောက်ဖက်ကလမ်းကနေ အာဇာနည်ကုန်းကိုဖြတ်သွားရတဲ့လမ်းကို ကျနော်ရွေးလေ့ ရှိပါတယ်။ ပြည်ပကိုထွက်မလာခင်တရက်မှာ အဲဒီခရီးစဉ်အတိုင်းတက်ကြဖို့ အညာကဧည့်သည် တွေ ကို ခေါ်သွားခဲ့တယ်။ အာဇာနည်ဗိမာန် အရှေ့ဘက်ဦးခေါင်းရင်း ထိပ်တည့်တည့် ရောက်တော့ အာဇာနည်ကုန်းကို ၀င်းခြံခတ်ထားတဲ့ သံဝင်းထရံနားကိုကပ်သွားလိုက်တယ်။ ကပ်သွားခိုက်မှာပဲ သေနတ်ထမ်းလာတဲ့ စစ်သားတယောက်က လက်ဆန့်ခြေဆန့်နဲ့ တခွပ်ခွပ် လမ်းလျောက်လာ တယ်။ အနှေးလျောက်ပုံစံပေါ့။ အရင်ကတော့ အဲလိုစစ်သားအစောင့် မရှိဘူး။ နောက်မှသတိရ လိုက်တယ်။ ဒီဘက်မှာဗိမာန်တခု တိုးထားတာကိုး။
“ဒီဘက်ဟာက” အညတြစစ်သည်ဗိမာန်လို့ခေါ်တယ်။ ဒါက ခုမှတို့ဖြည့်ထည့်ထားတာ လို့ ပြောပြလိုက်တယ်။ ဒီမှာတင် အနှေးလျောက်စစ်သားကြီးက“မဟုတ်ဘူး၊ ဒါသူရဲကောင်း စစ်သည် ဗိမာန်”တဲ့။ မျက်နှာထားကြီးနဲ့အော်လိုက်တာ အားလုံးလိပ်ပြာစင်သွားမတတ်ပါပဲ။ “ပြည်သူချဉ် သော စစ်သားကြီး”၊ “ပျိုတိုင်းကြောက်တဲ့ပဒိုင်းပွင့်ကြီး”လို့ စိတ်ထဲကပဲကျိန်ဆဲ လိုက်တယ်။ နှုတ်က တော့ “သြ မသိလို့ပါခင်ဗျာ”လို့ ကျောင်းဆရာအကျင့်ပါနေတဲ့ အောက်ကြို့သံနဲ့ တောင်းပန်လိုက်ရ ပါတယ်။ သူအတော်လေးဝေးသွားမှ ခပ်လှမ်းလှမ်းအနိမ့်ဘက်ရွှေ့ထားတဲ့ အာဇာနည်ဗိမာန်ကို လှမ်းပြရပါတယ်။ မြောက်ကိုရီယားက အကြမ်းဖက်သမားတွေ လာရောက်ဗုံးခွဲခဲ့တဲ့ နောက်ကြောင်း ရာဇ၀င်လဲ ပြောပြလိုက်ရပါတယ်။
မြောက်ကိုရီးယားထောက်လှမ်းရေးသမားတွေဟာ အလွန်ညံ့ပါတယ်။ သူတို့က အာဇာ နည်နေ့မှာ ဗမာထိပ်တန်း ခေါင်းဆောင်တွေက အာဇာနည်ကျေးဇူးရှင်တွေကို မမေ့မလျော့ လာရောက် ဂါဝရပြုကြမယ်လို့ ထင်ထားပုံရပါတယ်။ ဗမာပြည် စစ်အာဏာရှင်တွေမှာ ဂါဝရ နိဝါတ တရားမရှိကြတော့ဘူး။ ဗိုလ်နေ၀င်းတို့တခါမှ အလေးမပြုဖူးဘူး။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ လွတ်လပ်ရေးဖခင်၊ တပ်မတော်ရဲ့ဖခင်ဆိုတာ မေ့ပစ်ချင်ကြတယ်။ ပြည်သူတွေကိုလဲ ကျေးဇူးမေ့ဖို့ ဇွတ်လုပ်နေတယ်။ ဒါကို ကိုရီးယားတို့မသိ၊ အရင်ကတော့ အောင်ဆန်းပုံကိုငွေ တကျပ်တန်မှာပဲ ချန်ထားတယ်။ အောင်ဆန်းကို သူတောင်းစားရဲ့ခွက်ထဲမှာပဲ မြင်ခွင့်ရအောင် လုပ်ခဲ့ရာကခုတော့ လုံးဝဖျောက်ပစ်ကြပြီး ပျဉ်းမနားကြက်ပြေးမှာ အောင်ဆန်းကြေးရုပ်၊ အောင်ဆန်းဈေး၊ အောင်ဆန်း လမ်းဆိုတာ တွေ့ရှိမှာမဟုတ်ဘူး။ လမ်းဆုံလမ်းမ လမ်းလေးခွမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ကြေးရုပ်ကို အီရတ်မှာ ဆတ်ဒန်ဟူစိန်ကြေးရုပ်လို လုပ်ထားလား မသိဘူး။ (လုပ်ထားရင်ကောင်း မယ်၊ နောင်အခါ လည်ပင်းကြိုးကွင်းစွပ်ပြီး ဆွဲဖြိုချရတာပေါ့။)
တကယ်တော့ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်တိုလို ပုဂ္ဂိုလ်တွေရဲ့ အုပ်ဂူတွေ၊ ကျောက်ရုပ်၊ ကြေးရုပ်တွေဟာ လမ်းဆုံတကာမှာရှိနေရမှာပါ။ ခုတော့ ရှိပြီးသား တွေကိုတောင် လိုက်ဖျက်နေကြလေရဲ့။ အာဇာနည်ဆိုတဲ့ဂုဏ်ရော အလွန်ပဲမနာလိုဖြစ်နေ ဟန်ရှိ ပါတယ်။ ကျနော်တို့ မန္တလေးမှာဆိုရင် အာဇာနည်ဗိမာန် ရှိနေတာကို လူမသိကြတော့ဘူး။ ခုအာဇာနည်လမ်းခေါ်တဲ့ ၂၆ ဘီလမ်းပေါ်မှာ ၁၉၃၈ ခုနှစ်သပိတ်၊ ၁၃၀၀ ပြည့်အရေးတော်ပုံ ကာလက ချီတက်ဆန္ဒပြလာကြတဲ့ သံဃာတော်၊ ကျောင်းသားတွေကို အင်္ဂလိပ်အရေးပိုင်က သေနတ်နဲ့ပစ်သတ်တားဆီးခဲ့လို့ အာဇာနည် ၁၇ ဦးကျဆုံးခဲ့ရတယ်။ ၁၂ နှစ်ရွယ် ကျောင်းသား လေးမောင်တင်အောင်ဆိုတာ ရောင်ပေစူးလေးနဲ့ပါ။ ရန်ကုန်မှာ ဗိုလ်အောင်ကျော် တယောက် အသက်ပေးခဲ့တာကို မန္တလေးက ၁၇ ယောက်ဆက်လက်အသက်ပေးခဲ့ပါတယ်။ အဲဒီဂူဗိမာန် ကို ခုအခါ ချုံနွယ်ပိပ္ပေါင်းနဲ့ မြင်မကောင်းအောင်ဖြစ်နေပါပြီ။ မန္တလေးနဲ့အမရပူရသွားလမ်းဘေး မှာရှိတာကိုတောင် လူမသိတော့ပါဘူး။ အဲဒီတုံးက“တပ်မတော်”ဆိုတာ တကောင်တမြီးမှ မရှိသေး ဘူး။ သံဃာနဲ့ကျောင်းသားတွေကပဲ အသက်စွန့်ခဲ့ကြတာလေး။ ခုတော့ သူတို့စစ်သား တွေသာလျှင် နိုင်ငံရဲ့ကျေးဇူးရှင်တဲ့။ နိုင်ငံအုပ်ချုပ်ရေးမှာ သူတို့ပါမှဖြစ်မှာတဲ့။
လွတ်လပ်ရေးရခါနီး ၁၉၄၇ ဂျူလိုင် ၁၉ မှာ ကျဆုံးခဲ့တာ အာဇာနည်အားလုံး ၉ ဦးပါ။ အဓိကလုပ်ကြံတာကတော့ ဖဆပလဥက္ကဠဦးအောင်ဆန်းကိုပါ။ စစ်ဗိုလ်တွေမပါဘူး။ ဂဠုန်စောက ပုဂ္ဂိုလ်ရေးမနာလိုမှုနဲ့လုပ်ကြံခဲ့တဲ့ ဒဏ်ရာဒဏ်ချက်အကျိုးဆက်ဟာ ဒီနေ့ထိ နက်ရှိုင်းသည်ထက် နက်ရှိုင်းလာနေပါတယ်။ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးရာဇတ်၊ ဦးဘ၀င်းတို့ဟာ ဗိုလ်ချုပ် အောင်ဆန်းက ဆရာခေါ်ခံရသူတွေပ။ ဦးဘချိုဟာ ၁၉၂၀ ခုနှစ် ပထမသပိတ်မှာက တည်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ တွဲဖက်လာခဲ့တာပါ။ ဘကြီးမှိုင်းလိုပဲ ဦးဘချိုဟာ ရောင်ထုံးနဲ့ ပိုးပုဝါခေါင်းပေါင်းနဲ့ နှုတ်ခမ်းမွှေးနဲ့ကွယ်လွန်သည်ထိ မြန်မာ့ဆင်ယင်ထုံးဖွဲ့မှုမစွန့်ခဲ့ သူပါ။ တိုင်းရင်း ဆေးပညာရှင်ရဲ့သားတဦးပီပီ နက္ခ၊ ဗေဒင်၊ မဟာဂီတတို့ကို တဖက်ကလိုက် စားပေမဲ့ တက္ကသိုလ် မှာ သိပ္ပံပညာသင်ယူသူပါ။ ရူပဗေဒပညာမှာဆိုရင် ဗမာလူထုကို အိုင်စတိုင်းနဲ့ ပထမဆုံး မိတ်ဆက် ပေးသူဖြစ်သလို ဓါတုဗေဒမှာဆိုရင်လဲ ဆပ်ပြာ၊ ဆေးဝါးစတဲ့ ဓါတုဗေဒပစ္စည်းတွေချက်လုပ်ပြီး အသက်မွေးဝမ်းကျောင်းနိုင်သူပါ။ အမျိုးသားကောလိပ်မှာ ဘကြီးမှိုင်းနဲ့အတူ မြန်မာစာဆရာ လုပ်တော့ လခမမှန်လို့ မစားလောက် မသောက်လောက်ဖြစ်နေချိန်မှာ ဓါတုထွက်ကုန်တွေ ထုတ် လုပ် အသက်ဆက်ခဲ့ရသူပါ။
ဒီးဒုတ်ဂျာနယ်ဆိုတာ အမျိုးသားကောလိပ်ပျက်မှ ထူထောင်တာပါ။ ဆရာကြီးချိုရဲ့ တပည့်ရင်း ဦးနုကို အကြောင်းပြု ပြီးနောက်အခါမှာ ဦးသိန်းဖေမြင့်နဲ့ ဦးအောင်ဆန်းတို့လဲ ပါဝင်ရေးသားလာကြပါတယ်။ ဒီးဒုတ်ဂျာနယ်ထုတ်မှ “ဒီးဒုတ်ဦးဘချို” အမည်ရလာခဲ့တာပါ။ ၀တ္ထု၊ ကဗျာတွေလဲရေးပါတယ်။ စာပြောင်စာလှောင်တွေလဲ ရေးပါတယ်။ မဟာဂီတကိုလဲ တည်းဖြတ်ခဲ့ ပါတယ်။ ဗမာခေါင်းပေါင်းနဲ့ ခါးတောင်မြောက်အောင်ကျိုက်ပြီးတော့လဲ “စကိတ်” စီးခဲ့ပါတယ်။ အင်္ဂလိပ်တွေမျက် လုံးပြူးအောင်စီးပြနိုင်တာပါ။
သခင်မြဆိုရင် ဆရာစံသူပုန်ကစပြီး နာမည်ထွက်လာသူပါ။ ဆရာစံဘက်ကရှေ့နေ လိုက်ခဲ့ရာက နိုင်ငံရေးလောကမှာ သခင်ဖြစ်လာပါတယ်။ ဖက်ဆစ်တော်လှန်ရေး မြေအောက် ခေါင်းဆောင်ကြီးတဦးပါပဲ။ ဦးရာဇတ်နဲ့ဦးဘ၀င်းတို့ကတော့ အမျိုးသားကျောင်းက ကျောင်းအုပ် ကြီးတွေပါ။ ဖြောင်မတ်တည်ကြည်ပြီး ကိုယ်ကျိုးစွန့်လုပ်ခဲ့ကြတဲ့ မျိုးချစ်နိုင်ငံရေးသမားကြီးတွေ အဖြစ် ကျော်ကြားပါတယ်။ စ၀်စံထွန်းတို့ မန်းဘခိုင်တို့ဆိုတာလဲ ကျဉ်းမြောင်းတဲ့မျိုးချစ် စိတ်ဓါတ် ကို ခ၀ါချပြီး ပြည်ထောင်စုကြီးထူထောင်ရေးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သူတွေအဖြစ် ပြည်သူကလေးစားခဲ့ရသူတွေ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးခေါင်းဆောင်ပီသမှု၊ နိုင်ငံရေးသုခမိန်ဂုဏ်မြောက်မှုက အဲသလိုစွမ်းဆောင်မှု အသီးသီးရှိကြတဲ့ ပြည်ချစ်နိုင်ငံရေးသမားကြီးတွေကို ရှာဖွေရွေးခြယ် စုစည်း ပြီး ဦးဆောင်နိုင်မှုစွမ်းရည်ပါပဲ။ လူတဦးရဲ့ အတ္တကြီးမှု အမြင်ကျဉ်းမြောင်းမှုတွေကြောင့် ဒီလို အရည်အချင်းပေါင်းစုံနဲ့ ပြည့်ဝတဲ့လူစုကြီးတစုလုံးကို ခေါင်းဆောင်သူပါ တပါတည်း ဆုံးရှုံသွား ရပုံဟာ အလွန်ကြေကွဲဝမ်းနည်းစရာကောင်းလှပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ အကြမ်းဖက်အုပ်ချုပ်တဲ့ ဖက်ဆစ်ဂျပန်အစိုးရကိုအကြမ်းဖက် ပြီးလက်နက်ကိုင် တော်လှန်ခဲ့တယ်။ ဖြစ်နိုင်ရင် တိုင်းပြည်ရဲ့အနာဂတ်ရေး၊ ပြည်သူတွေနစ်နာ ဆုံးရှုံးမှုမဖြစ်ရေးအတွက် စေ့စပ်ဆွေးနွေးတဲ့ ဒိုင်ယာလော့နည်းကို စနစ်တကျပြင်ဆင်ပြီး စိတ်ရှည် လက်ရှည်အသုံးချပါတယ်။ ခေတ်သစ်သမိုင်းမှာ အင်္ဂလိပ်အစိုးရနဲ့ စားပွဲဝိုင်းထိုင်ပြီး ဆွေး နွေးခဲ့တဲ့ ဦးအောင်ဆန်းရဲ့ ဒိုင်ယာလော့အစဉ်အလာဟာ အလွန်ကြီးမားခဲ့ပါတယ်။ ပင်လုံစာ ချုပ်ဟာလဲ လွတ်လပ်ရေးအတွက် တံတားခင်းပေးရုံမက ဒီမိုကရေစီပြည်ထောင်စုအတွက်လဲ အုပ်မြစ်ချပေးခဲ့ တာ မဟုတ်လား။ ပင်လုံစာချုပ်ကိုလဲ ဒိုင်ယာလော့ခေါ် စေ့စပ်ဆွေးနွေးနည်းနဲ့ပဲ ချုပ်ဆိုနိုင်ခဲ့တာ မဟုတ်လား။
ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ဖခင်ပါ။ သူရဲ့စစ်သေနာပတိရာထူးကို ဘယ် သူမှမျက်စောင်းမထိုးဝံ့၊ မထိုးနိုင်ပါဘူး။ ဒါပေမဲ့ ဒီစစ်တပ်အာဏာကိုစွန့်ပြီး ဖဆပလ ဥက္ကဠ အဖြစ်နဲ့ နိုင်ငံရေးလုပ်ခဲ့ပါတယ်။ “နိုင်ငံရေးလုပ်ချင်ရင် စစ်တပ်ကထွက်”လို့ လမ်းပြခဲ့တာဟာ အလွန်ကြီးမား တဲ့၊ ကောင်းမြတ်တဲ့ နမူနာ အစဉ်အလာကြီးပါ။ အမြော်အမြင်ကြီးပါပေတယ်လို့ လူတိုင်းချီးမွမ်း ရတာပါ။ ဖဆပလတွင်းမှာ ဖက်ဆစ်တော်လှန်တုန်းက ရှောင်တောင်တောင် လုပ်ခဲ့ နိုင်ငံရေးသမား တချို့က ၀င်မွေတော့ ဖဆပလကြီးအက်ကြောင်းပေါ်ခဲ့ပါတယ်။ ဒါကို စေ့စပ်ဖို့ “လက်ဝဲသမား လူငယ်တွေ ညီညွတ်ဖို့လိုတယ်”၊ “စားဖားတွေ ညီညွတ်တာမလိုချင်ဘူး”လို့ ကြွေးကြော်လိုက်တာ နဲ့တပြိုင်နက် ဗိုလ်ချုပ်အောင်ဆန်းကို အင်္ဂလိပ်နယ်ချဲ့သမားနဲ့တကွ တကိုယ်ကောင်းအတ္တ နိုင်ငံရေးသမားတွေက အမြန်ရှင်းပစ်ဖို့ကြိုးစားတော့တာပါပဲ။ ဗိုလ်ချုပ်နဲ့တကွ ပြည်ချစ်နိုင်ငံရေး ခေါင်းဆောင်ကြီးတွေ၊ တည်ကြည်ဖြောင့်မတ်အတ္တကင်းတဲ့ ခေါင်းဆောင်ကြီးတွေ ကျဆုံးသွား ခဲ့တာဟာ နှစ်ပေါင်း ၅၀ ကျော်အထိ အဖတ်ဆည်လို့ မရနိုင်တော့ပါလား။ လူငယ်မျိုးဆက်သစ် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ကျောင်းသားသံဃာတွေကို တခုမကျန်ဖြိုဖျက်ပြီး မြန်မာ့နိုင်ငံရေးကိုသင်းကွပ်၊ မြန်မာ့သမိုင်းကိုပြာချရေမျော လုပ်တာကို ကျနော်တို့သတိပြုပြီး ညီညွတ်မှုနဲ့ ပြန်လည်အဖတ်ဆည်ရပါလိမ့်မယ်။ နိုင်ငံရေးအမြင်ကို အမြင်ကျဉ်းခဲ့တာတွေ၊ မညီညွတ်ခဲ့တာတွေကို သင်ခန်းစာယူပြီး အချိန်မြန်မြန်နဲ့ပြင်ဆင်ပြီး အမြင်ကျယ်ဖို့၊ အမြော်အမြင် ကြီးဖို့ ကြိုးစားကြရပါလိမ့်မယ်။
၁၉၈၈ ခုနှစ်မှာ နိုင်ငံရေးမဲ့ အာဏာရှင်စစ်ဖိနပ်အောက်က ပြည်သူတရပ်လုံး ကုန်းထ ခဲ့ကြပြီး၊ ရုန်းလက်စနဲ့ဆက်မရုန်း ရင်းတော့ လယ်တီဆရာတော်ဘုရားကြီးအမိန့်ရှိသလို ...
ခွင့်သာတုန်းမှ မရုန်းချင်လျင် အရှုံးနှင့်ပြင်ရှိသေးလေလိမ့်လား၊
ခွင့်သာဆဲမှ မခဲချင်လျင် အလွဲနှင့်ပြင်ရှိသေးလေလိမ့်လား၊
ခွင့်သာခိုက်မှ မလိုက်ချင်လျင် အမိုက်နှင့်ပြင်ရှိလေလိမ့်လား၊
နဲ့ပဲပြောလိုက်ရပါတော့မယ်။ အဲဒါကိုသာအလွတ်ကျက်ထားကြ၊ ဂါထာလိုရွတ်ဖတ်ကြပါစို့။
အာဇာနည်ဗိမာန်ကို ပြည်သူစုံညီ၊ စိတ်ရှိလက်ရှိ၊ လွတ်လွတ်လပ်လပ် အလေးပြုနိုင် ကြမယ့် နေ့တနေ့ကို ရောက်အောင်မလုပ်နိုင်ရင်၊ ပြည်ပရောက်ဗမာတွေလဲ ပြည်ပမှာပဲ ဗမာ မလုပ်တော့ပဲ ဇာတ်မြှုပ်လိုက်ကြပါစို့။
ကွယ်လွန်သူအာဇာနည်အပေါင်းကို အလေးပြုလျက်။
မောင်စွမ်းရည် Labels: ဆောင်းပါး |
posted by thitsarforce @ 8:41 AM  |
|
|
(၇)ရက်ဇူလိုင်ရဲ့ သမိုင်းကဏ္ဍ |
|
ဖိုးသံ(လူထု)
ရာစုနှစ်ဝက်နီးပါး စစ်အာဏာရှင် အုပ်စိုးမှုအောက်မှာ ရဟန်းသံဃာတော်တွေနဲ့ ကျောင်းသား တွေအပါ ပြည်သူလူထုတွေဆန္ဒပြလို့ အသတ်ခံရတာများလှပါပြီ။ ဒါမေမယ့် (၇)ရက်ဇူလိုင်ကို ရောက်တယ်ဆိုတိုင်း စစ်အစိုးရရဲ့ ပထမဆုံးအစုလိုက်အအုံလိုက် လူသတ်မှုကြီးကို ပြန်လည် ဖော်ထုတ်ပြောဆိုနေကြရတာ ဘာကြောင့်ပါလဲ။ အနာဟောင်းကိုပြန်ဖော်ပြီး အကြောင်းမဲ့ ပြဿနာ ဖော်နေတာလား။ မပြောမဖြစ်လို့ ပြောနေကြတာလား။
(၁)
(၇)ရက် ဇူလိုင်အရေးအခင်းဟာ ဗိုလ်နေ၀င်းအာဏာသိမ်းပြီးလို့ လေးလကြာတဲ့အခါမှာ ပေါ်ပေါက်တာဖြစ် တယ်။ ဒီအာဏာသိမ်းမှုဟာ ခေတ်သစ်ဗမာပြည်သမိုင်းရဲ့ အပြောင်းအလဲအကွေ့ အချိုးကြီးတခုဖြစ်ပါတယ်။ ဗိုလ်နေ၀င်းတို့စစ်အုပ်စုဟာ စစ်အုပ်စုမျိုးဆက်နဲ့ချီပြီး တိုင်းပြည် အာဏာကို သိမ်းပိုက်တော့မယ်၊ တကယ့်ရည်ရွယ်ချက်ကို မပြောဘဲ တိုင်းရင်းသားတွေအပေါ် မတရားစွပ်စွဲပြီး အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာဏာရပထစနဲ့ အဓိကအတိုက်အခံ ဖဆပလတို့ဟာ တွေသွားပြီး(၁၉၅၈ - ၆၀) အာဏာသိမ်းမှုတုန်းကလို ဗိုလ်နေ၀င်းက အာဏာ ပြန်လွှဲလေမလားလို့စဉ်းစားသူစဉ်းစားနဲ့ တုန့်ဆိုင်းနေပါတယ်။ နောက်ပြီး လက်ဝဲဆိုတဲ့(ပမညတ) ထဲကလည်း မနည်းတဲ့လူတွေဟာ ဗိုလ်နေ၀င်းပြောတဲ့ ဆိုရှယ်လစ်စကားတွေကို သွားရည်ကျပြီး စစ်အစိုးရကို ထောက်ခံပြောလာပါတယ်။ နိုင်ငံရေးအရ တစုံတရာရှုပ်ထွေးနေတယ်လို့ ဆိုနိုင်ပါ တယ်။ တချို့သတင်းစာတွေကလည်း စမ်းတ၀ါးဝါးရေးသား ဖော်ပြနေကြပါတယ်။ သူတို့အနေ အဖမ်းခံရမှာနေနဲ့ သတင်းစာတိုက်အပိတ်ခံရမှာကို သတိထားနေကြတဲ့ သဘောလည်းပါ ပါတယ်။
(၂)
ဒီလိုအနေအထားမှာ တကသ နဲ့ ဗကသ တို့ကနေ စစ်အစိုးရအာဏာသိမ်းတာကို ကန့်ကွက်ကြောင်း အတိအလင်းကြေညာလိုက်ပါတယ်။ ဒါဟာအာဏာရပြီးကာစ မာန်တက်နေတဲ့ စစ်အုပ်စုကို အမျက်ခြောင်းခြောင်း ထွက် စေခဲ့ပါတယ်။ အတိုက်အခံနိုင်ငံရေးသမားကြီးတွေတောင် မပြောဝံ့တာကို ဒီမလောက်လေးမလောက်စား ကျောင်းသားလေးတွေကရာရာစစ ပြောရစကောင်း လားဆိုပြီး စစ်ဦးဘီလူးသဖွယ် သမဂ္ဂနဲ့ကျောင်းသားတွေအပေါ် ဦးဦးဖျားဖျား ရမ်းကားရက်စက် ခဲ့တာဟာ အဓိကအားဖြင့် ဒီအကြောင်းကြောင့်ပါ။ သူ့ဘ၀မှာ ကျောင်းသားသမဂ္ဂတွေနဲ့ ယောင်လို့ တောင် မပတ်သက်လို့မှ မပတ်သက်ခဲ့ဘူးတဲ့ ဗိုလ်နေ၀င်းဟာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အဦကြီးကို မိုင်းဗုံးနဲ့ ဖြိုပစ်ခိုင်းတဲ့ဟာက အထက်ကပြောခဲ့တဲ့ နာကျည်းချက်ကြောင့် ဖြစ်တယ်လိုဆိုရင်မမှားပါဘူး။ စစ်မဖြစ်မီက ကျောင်းသားလှုပ်ရှားမှုမှာပါ ၀င်ခဲ့တဲ့ ကျနော့်မိခင်ဆိုရင် အဲဒီတုန်းက ကိုယ့်နားကို မယုံနိုင်လောက်အောင်ဖြစ်သွားပြီး သူတို့နှယ် မိုက်ရိုင်းလိုက် လေလို့ တဖြစ်တောက်တောက်ပြောခဲ့တာ အခုထိ မှတ်မိနေပါတယ်။
(၃)
ဗိုလ်နေ၀င်းက ကျောင်းသားတွေကို သတ်ပြလိုက်တာဟာ တကယ်က တပြည်လုံးကို ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။ ဓားဓားချင်း၊ လှံလှံချင်းရင်ဆိုင်မယ်လို့ ဒေါသမထိန်းနိုင်ဘဲ ပြော တဲ့ အထိဖြစ်ခဲ့တယ်။ ဒီစကားကြားတော့ လက်နက်မဲ့ကျောင်းသားတွေအပေါ် မောက်မောက်မာမာ စိန်ခေါ်နေတဲ့ တိုင်းပြည်ခေါင်းဆောင်ကြီးကိုလည်း လူထုကအံ့သြကြရပါတယ်။ အမှန်က ကျောင်းသားသမဂ္ဂတွေအပေါ်မှာထားရှိတဲ့ ဗိုလ်နေ၀င်းရဲ့ အာဃာတဟာ သမိုင်းနဲ့ချီပြီးသူ့ရင်ထဲ၊ ခေါင်းထဲမှာ ကိန်းအောင်းနေခဲ့တာဖြစ်ပါတယ်။ သခင်အောင်ဆန်းအပါ သူရဲ့နိုင်ငံရေးပြိုင် ဘက်တွေ လို့ သူသတ်မှတ်ထားသူတွေအားလုံးလိုလိုဟာ သမဂ္ဂမှာထိပ်ပိုင်းက လှုပ်ရှားခဲ့သူတွေဖြစ်ပါတယ်။ နောက်ပြီး တို့ဗမာအစည်းအရုံးမှာ သူဆရာ သခင်ဗစိန် ၊ သခင်ထွန်းအုပ်တို့နဲ့အပြိုင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ကျောထောက်နောက်ခံအင်အားဟာ ကျောင်းသားသမဂ္ဂ၀င်ဟောင်းတွေ မဟုတ်လား။ ဒီလူသတ်ပွဲဟာ အဲဒီရန်ငြိုးတွေကို ဖောက်ခွဲလိုက်တာလို့ပြောရင်လည်း မမှားပါဘူး။ သူတလျောက်လုံးအရှုံးပေးခဲ့ရတဲ့ ကျောင်းသားသမဂ္ဂကို ပြန်အနိုင်ယူတဲ့သဘောဖြစ်ပါတယ်။
(၄)
ဒီလူသတ်ပွဲဟာ ကျောင်းသားတွေကိုသာ ဦးတည်တာမဟုတ်ဘဲ တပြည်လုံးကို မြင် တယ်မဟုတ်လား၊ ကြည့်ထားကြလို့ စံပြလုပ်ပြလိုက်တာပါ။ တိုင်းပြည်ရဲ့ အညွန့်အဖူးလို့ဆို့တဲ့ အသက်ငယ်ရွယ်တဲ့ ကျောင်းသားတွေကိုတောင် သတ်ရဲတယ်။ ကျန်တဲ့အလွှာအသီးသီးကိုတော့ ပြောစရာမလိုဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒီလူသတ်မှုဟာ နောင်စစ်အစိုးရအဆက်ဆက်အတွက် ရဲရဲ သတ်ဖြတ်ရဲတဲ့အစဉ်အလာကို ထူထောင်ပေးလိုက်တာ၊ ရဲဆေးတင်ပေးလိုက်တာဖြစ်ပါတယ်။ အမှန်ဝန်ခံရရင် ကျနော့်တဦးချင်ရော၊ တခြားကျနော်သိသမျအဖွဲ့အစည်းတွေရော လူပုဂ္ဂိုလ်တွေပါ ဗိုလ်နေ၀င်း ဒါလောက်မိုက်မိုက်ရိုင်းရိုင်းလုပ်လိမ့်မယ်လို့ မျော်လင့်မထားတာအမှန်ပါ။ သာမန် ဗမာ ပြည်သားတယောက်အနေနဲ့ ဒါလောက်ရက်စက်လိမ့်မယ်လို့ မတွက်မိခဲ့ပါဘူး။ ဒီလိုနဲ့ ဒီအဖြစ် အပျက်ပေါ်ပေါက် လိုက်တဲ့အတွက် အားလုံးဟာစဉ်းစားမှုနည်းနာ၊ လက်တွေ့ပြင်ဆင်မှုစတာတွေ အားလုံးမှာ အရင်ကနဲ့ မတူတာတွေ ချည်းဖြစ်ကုန်ပါတယ်။ ဒီလိုနဲ့ တချို့ကျောင်းသား ခေါင်းဆောင် တွေ တောခိုတာအထိ ဖြစ်ခဲ့ပါတယ်။
(၅)
ကျောင်းသားသမဂ္ဂတွေဟာ (၁၉၆၂) ခုနှစ်ကစပြီး သမိုင်းမှာ ပထမဆုံးအဖြစ် မြေအောက် ခိုခဲ့ရပါတယ်။ ဒီအရင်တုန်းက ကျောင်းသားခေါင်းဆောင်တွေ အဖမ်းခံရတာရော အဖမ်းမခံရတာ ရော အဖမ်းမခံရအောင် ရှောင်ကြ ရှားကြတာပါရှိပါတယ်။ ဒါပေမယ့် ကျောင်းသားသမဂ္ဂတွေ ကတော့ ဆက်လက်လည်ပတ်နေခဲ့တယ်။ ကျန်နေသူတွေ ဖမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ ကျောင်းထုတ်ခံရသူတွေကို ကျောင်းနေခွင့်ပေးဖို့ ဆက်တိုက်ပွဲဝင်ကြပါတယ်။ ဒါပေမယ့် (၁၉၆၂) ခုနှစ်နောက်မှာကျတော့ အဓိကသမဂ္ဂရုံးများလို့ဆိုရမယ့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ အဆောက်အဦကြီးနဲ့ မန္တလေးတက္ကသိုလ်က သမဂ္ဂတဲကြီးကို စစ်အစိုးရက ဖြိုပစ်လိုက်ပြီး ဘယ်သူ့ကိုမှ လှုပ်ရှားခွင့် မပေးတော့ပါဘူး။ အဲဒီနောက် (၁၉၆၃) ခုနှစ်မှာ မဆလအစိုးရက တောတွင်းနဲ့ စေ့စပ်ဆွေးနွေးဖို့ လုပ်တယ်ဆိုတဲ့ အခါမှာ အဖမ်းခံထားရသူတွေကိုလည်း တော်လှန် ရေးကောင်စီအစိုးရက လွှတ်ပေးရပါတယ်။ အဲဒီနောက် ပုန်းအောင်းနေတဲ့ကျောင်းသားတွေလည်း ပြန်လွတ်လာကြပြီး ကျန်နေတဲ့ လူတွေနဲ့အတူ သမဂ္ဂလုပ်ငန်းများကို ပြန်စကြပါတယ်။ ဒါပေမယ့် ဒါဟာ လအနည်းသာခံပါတယ်။ ဗိုလ်နေ၀င်းက စေ့စပ်ဆွေးနွေးရေးမျက်လှည့်ပွဲ တော်ချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်တာနဲ့ စာပွဲဝိုင်းတွေကို ဖျက်သိမ်းပြီး တောတွင်းအင်အားစုတွေကို တောထဲ ပြန်ခိုင်း ကာ မြို့ပေါ်မှာလူဖမ်းပွဲတွေ အကြီးအကျယ်လုပ်တော့တာပါ။ အဲဒီလိုနဲ့ ကျောင်းသားသမဂ္ဂတွေ မြေအောက်လျိုးသွားရတာဟာ ဒီနေ့အထိပါပဲ။
(၆)
ဗိုလ်နေ၀င်းက ဂမူးရူးထိုးနဲ့ သမဂ္ဂအဆာက်အဦကြီးကို ဖြိုခွဲလိုက်တာဟာ ဗိုလ်နေ၀င်း တို့ကို သမိုင်းတရားခံအဖြစ် သေတဲ့အထိ တောက်လျောက် တစ္ဆေခြောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့ချင်းအပြန်အလှန်လက် ညှိုးထိုးကြရင်း ဗိုလ်အောင်ကြီးနဲ့ကွဲရာမှာ အချက်အလက်ဖြစ်လာ ခဲ့ပါတယ်။ တကယ်ဆို ဒီအချက်က အတွင်းသိဖြစ်တဲ့ ဗိုလ်အောင်ကြီးအနေနဲ့ ဗိုလ်နေ၀င်းအပေါ် နိုင်ဖဲ တချပ်ဖြစ်ရမှာပါ။ ဒါပေမယ့် သတ္တိမရှိတဲ့ ဗိုလ်အောင်ကြီးက ဒီဖဲချပ်ကို ဗိုလ်နေ၀င်းဆီမှာ မျက်နှာချိုသွေးရေးအတွက်ပဲ အသုံးချသွားခဲ့ပါတယ်။ သမိုင်းရဲ့ဖြစ်ရပ်မှန်တွေကို ဖေါ်ထုတ်လောက် အောင် သတ္တိမရှိကြောင်းပြသသွားပါတယ်။ သမိုင်းကိုပြန်ကြည့်ရင် ဗိုလ်နေ၀င်းအပါအ၀င် ဘယ် စစ်အာဏာရှင်မဆို သူတို့ကိုယ်တိုင်ဆုံးဖြတ်တာပါ။ တော်တော်များများက သူတဦးတည်း ဆုံးဖြတ် တာပါ။ ဘယ်သူမှ ပြန်ပြောဝံ့တာမဟုတ်ပါဘူး။ ဒါကို အတွင်းသိလို့ဆိုရမယ့် ကတော်တွေက ပုဂံ သီရိပစ္စယာဟော်တယ်မှာ အချင်းချင်းပြောကြတာကိုကြားရပြီး ဗိုလ်နေ၀င်းတခါထပ်ပြီး သွေးလန့်ရ တယ် မဟုတ်ပါလား။
(၇)
(၇) ရက်ဇူလိုင် ကျောင်းသားသပိတ်ပွဲကြီးပြီးတဲ့အခါမှာ ပြည်သူလူထုအတွင်း စစ်အစိုးရနဲ့ ပတ်သက်လို့ အမြင်ရှင်းသွားကြပါတယ်။ အဲဒီကာလက နိုင်ငံရေးနဲ့ပတ်သက်လာရင် ဒီလူသတ်ပွဲ အပေါ် ရှုမြင်ပုံ၊ ရပ်တည်ချက်ပုံ အပေါ်မူတည်ပြီး အကဲဖြတ်ကြပါတယ်။ ဒါဟာ အဲဒီတုန်းက လူ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို တိုင်းတာတဲ့စံ တခုပါပဲ။ ပြည်သူလူထုဟာ မဆလနဲ့ ပေါင်းတဲ့ လူတွေ အပေါ် ဒီကိစ္စကြီးပေါ်ပြီးနောက် ပိုပြီးမေတ္တာပျက်သွားပါတယ်။
မြေပေါ်လက်ဝဲသမားတွေထဲမှာလည်း မဆလနဲ့ပေါင်းသူနဲ့ မပေါင်းသူရယ်လို့ အတိအလင်း ကွဲပြားသွားပါတယ်။ မဆလနဲ့တွဲသွားသူတွေအထဲမှာ နိုင်ငံရေးအစဉ်အလာကြီးသူတွေ၊ နာမည်ကြီး သူတွေပါကြပါတယ်။ ဒါပေမယ့် သူတို့ခမျာ အဲဒီခြေလှမ်းကစပြီး ပြည်သူလူထုနဲ့ ကင်းကွာသွား လိုက်တာ နိုင်ငံရေးအရ လုံးလုံးပြန်နလံမထူတော့ပါဘူး။ ဒါကြောင့် ဒီအရေးအခင်းဟာ အဲဒီအခါက ဘီလူးစည်း လူစည်းခွဲရာမှာလည်း အင်မတန်အရေးပါတဲ့အခန်းက ပါရှိခဲ့တယ်လို့ဆိုနိုင်ပါတယ်။
(၈)
ဒါကြောင့် (၁၉၆၂)ခုနှစ် အာဏာသိမ်းမှုဟာ ဗမာပြည်နိုင်ငံရေးဇာတ်ခုံရဲ့ အခင်းအကျင်း တော်တော်များများကို ပြောင်းလဲသွားတယ်လို့ဆိုရင် မမှားပါဘူး။ (၁၉၆၆) ခုနှစ်မှာ ကျနော်ထောင် ထဲကို ရောက်တော့ ထောင်ထဲမှာ ကျနော့်အရင်ရောက်နှင့်တဲ့ သံဃာတော်တွေ၊ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေရှိတယ်။ ဒါပေမယ့် အရင်တုန်းက နိုင်ငံရေးအကျဉ်းသားအဖြစ်တွေ့ရလေ့ရှိတဲ့ ဆိုရှယ်နီတို့၊ ပြည်သူ့ရဲဘော်တို့ မတွေ့ရသလောက်ဖြစ်နေပါတယ်။ နောက်တနှစ်လောက်နေမှ ပြည်သူ့ရဲဘော်ထဲက (အဲအချိန်မှာ မလညပ- မြန်မာပြည်အလုပ်သမားညီညွတ်ရေးပါတီလို့ နာမည် ယူထားတဲ့) ပြည်သူ့ရဲဘော်ကခေါင်းဆောင်ဟောင်းတချို့ လက်နက်ကိုင်တော်လှန်ရေးထဲပြန်ဝင်ဖို့ စည်းရုံးလှုပ်ရှားကြလို့ အဖမ်းခံရပြီး ထောင်ထဲရောက်လာပါတယ်။ ဗိုလ်တင့်တယ် ခေါင်းဆောင်တဲ့ အဖွဲ့ပါ။ ဒီလိုနဲ့ ထောင်ထဲမှာတိုက်ပွဲတွေဖေါ်ကြတဲ့အခါကျတော့ မန္တလေးခရိုင်ဗကသက ကျနော်တို့ ဟာ ဖဆပလတို့၊ ပထစ၊ မလညပ၊ အလံနီစတာတွေနဲ့ လက်တွဲပြီး ထောင်အာဏာပိုင်တွေကို တိုက်နေတာတွေ့လာရပါတယ်။ ဗမာပြည် နိုင်ငံရေးရဲ့ အဓိကပတိပက္ခဟာ ပြောင်းသွားပြီကိုး။
(၉)
နောက်ဆုံးတချက်အနေနဲ့ပြောရရင် ကျောင်းသားတွေဟာ သမိုင်းမှာမကြုံဖူးတဲ့၊ မစဉ်းစား မမျော်လင့်ခဲ့တဲ့ ရက်စက်သတ်ဖြတ်မှုကြီးနဲ့ အဖိနှိပ်ခံလိုက်ရပေမယ့် နောက်တွန့်ခြင်း လုံးဝမရှိဘဲ သမဂ္ဂလုပ်ငန်းတွေကို မျိုးဆက်တဆက်ပြီးတဆက်ရတဲ့နည်းပေါင်းစုံနဲ့ ဆက်လက်သယ်ဆောင် နေကြဆဲဆိုတဲ့ အချက်ပါပဲ။ ဗမာပြည်မှာ ကျောင်းသားဆိုတာရှိနေသရွေ့ ကျောင်းသားသမဂ္ဂ ဆိုတာ တည်ရှိနေမှာပါပဲ။
ဖိုးသံ(လူထု) Labels: ဆောင်းပါး |
posted by thitsarforce @ 8:39 AM  |
|
|
ကျောင်းသားလုပ်တဲ့နိုင်ငံရေး |
|
ဗသြ
ကျောင်းသားတွေကို နိုင်ငံရေးမလုပ်နဲ့၊ စာပဲသင်ကြလို့ ပြောတဲ့လူတွေရှိကြတယ်။ ရည်ရွယ်ချက် အမျိုးမျိုး၊ စေတနာ အမျိုးမျိုးနဲ့ပဲ။ ဒီအထဲမှာ အုပ်စိုးသူတွေက အပြောဆုံး။ အင်္ဂလိပ် ကိုလိုနီတွေကနေ ကနေ့ နအဖ အထိ။
ကျောင်းသားတွေလုပ်တယ်ဆိုတဲ့ နိုင်ငံရေးဟာ အာဏာကိုလိုချင်လို့ အာဏာရရေးလုပ် တာ လား။ ကိုယ့်ကိုထိလာလို့ လုပ်တာလား။ ကျောင်းသားအကျိုးနဲ့ သက်ဆိုင်လို့လုပ်တာလား သမိုင်းကိုသေချာပြန်ကြည့်ရင် အရှင်းသိနိုင်တယ်။
ဗမာပြည် ကျောင်းသားသမိုင်းမှာ အစောဆုံးတိုက်ပွဲလို့ဆိုနိုင်တဲ့ ရှိခိုးပြဿနာကိစ္စကိုပဲ ကြည့်။ ၂၀ရာစုနှစ်ထဲဝင်ကာစ၊ ၁၉၀၃ ခုနှစ်ဆီက။ ကျောင်းသားတွေဟာ ကိုယ့်ဟာကိုယ်အေးအေး ကျောင်းတက်နေတာ။ ဒီလိုအခါမှာ အဲဒီတုန်းက ပညာဝန် အင်္ဂလိပ်လူမျိုး မစ္စတာကော့က ကျောင်းသား တွေဟာ ဆရာများနဲ့ပညာရေးဌာနက အရာရှိတွေကို ရှိခိုးအရိုအသေðပရမယ်လို့ အမိန့်ထုတ်ပြန်လိုက်တယ်။ ဒါဟာ ဗမာဘုရင်တွေလက်ထက်တုန်းက ဗမာဘုရင်တွေကို သူတို့ အနောက်နိုင်ငံသားတွေက ရှိခိုးရတာကို ပြန်ဂလဲ့စားချေတာဖြစ်တယ်။ နောက်ပြီး တချိန်မှာ ဗမာ နိုင်ငံသားထဲက အထက်ပိုင်းရောက်လာမယ့်၊ အရာရှိတွေ ဖြစ်လာမယ့် အေလိ(တ်) (elite)လောင်း လေးတွေကို ကြိုပြီးနံနှိမ်ထားတာဖြစ်တယ်။ ဒီနေ့ နအဖ စဉ်းစားနည်းအတိုင်း လုပ်တာပဲ။
ကျောင်းသားတွေဘက်ကနေ ဘယ်လိုရှိခိုးရမှာလဲလို့ သေချာအောင်ထပ်မေးတော့ လက်အုပ်ချီပြီးနဖူးနဲ့ထိ ရှိခိုးရမယ်လို့ အတိအကျပြန်ပြောတယ်။ သေနတ်စဖောက်တာဟာ အာဏာ ပိုင်တွေဘက်က ဖောက်တာပဲ။ ဒါကိုငုံ့ခံနေရမှာလား။ အဲဒီ တုန်းကသာ အလျော့ပေးလိုက်ရင် သခင်အောင်ဆန်းတို့၊ သခင်ဗဟိန်းတို့ မစ္စတာစလော့ကို လက်အုပ်ချီရတာ ဖြစ်တော့မှာပဲ။ နောက် ပြီး န၀တ၊ နအဖ စစ်ဗိုလ်တွေလည်း သိပ်ကိုသဘောကျလိုက်မယ့်ဖြစ်ခြင်း။
ဒါမျိုးမှာ ဆုတ်လို့၊ တွန့်လို့မရဘူး။ တန်ဘိုးဘယ်လောက်ပေးရ၊ ပေးရ ဆန့်ကျင်ရမှာပဲ။ ကျောင်းသားအရေးလို့လည်း ပြောလို့ရတယ်၊ အမျိုးသားဂုဏ်၊ အမျိုးသားမာန်နဲ့ ဆက်နေတယ် လို့လည်း ပြောလို့ရတယ်။ ဒါဟာဗမာပြည်သားအားလုံးကို စော်ကားတာ။ သူတို့အင်္ဂလိပ်ချင်းမှာ ဒီလိုအစဉ်အလာမရှိဘူး။ ဒါကြောင့်ကျောင်းသားနဲ့မိဘတွေဟာ ၀ိတိုရိယဟောလ် (ဂလုပ်ရုံ-နောင်မှာဂုဏ်ရုံ)မှာ အစည်းအဝေးကျင်းပပြီး ကော့ရဲ့အမိန့်ဟာ မဆီလျော်ကြောင်း၊ ဒါကြောင့် ဆန့်ကျင် ကန့်ကွက်ကြောင်း ဆုံးဖြတ်ကြတယ်။ သူတို့ရဲ့အယူအဆကို အဲဒီတုန်းက တက္ကသိုလ် ကျောင်းအုပ်ဖြစ်တဲ့ အင်္ဂလိပ်လူမျိုး မစ္စတာ ဝေးလ်ရစ်က တောင်မှ စာနာထောက်ခံတယ်။
ဒီလိုနဲ့အဲဒီအမိန့်ပြန်ရုပ်သိမ်းလိုက်ရတယ်။
ကျောင်းသားသမိုင်းရဲ့ ပထမဦးဆုံးလို့ဆိုရမယ့် တိုက်ပွဲဟာအောင်ပွဲနဲ့ မင်္ဂလာယူခဲ့တယ်။
၁၉၃၅-၃၆ တိုက်ပွဲများဟာ ကိုနုနဲ့ ကိုအောင်ဆန်းကို ကျောင်းကထုတ်လိုက်ရာကနေ တက္ကသိုလ်ကောလိပ်ကျောင်း သားတွေရော၊ အထက်တန်းကျောင်းသားတွေပါ ပါဝင်တဲ့ ဆန္ဒပြမှု ကြီးအဖြစ် ကြီးထွားလာတယ်။ ၁၉၃၆ခု၊ ဖေဖော်ဝါရီလကနေ မေလ ၆ ရက်နေ့အထိဖြစ်ခဲ့တဲ့ ဒီတိုက်ပွဲများကနေ အမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်းတွေ ပေါ်ထွက်ခဲ့တယ်။ ဗမာပြည် ပြည်သူတွေရဲ့ အမျိုးသားရေးနဲ့ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်ကို တဆင့်တိုးမြ‡င့်ပေးနိုင်ခဲ့တယ်။ ကိုနုနဲ့ကိုအောင်ဆန်းကိုသာ ကျောင်းက ထုတ်မပစ်ခဲ့ရင် ဒီတိုက်ပွဲပေါ်မှာမဟုတ်ဘူး။
မန္တလေးအာဇာနည် ၁၇ ဦး ကျဆုံးခဲ့ရတဲ့ ကျောင်းသားများနဲ့ ရဟန်းသံဃာများရဲ့ ဆန္ဒပြပွဲ ဟာလည်း ကိုလိုနီအာဏာပိုင်တွေက ဗိုလ်အောင်ကျော်ကိုသတ်လို့ ပေါ်ထွက်လာတဲ့ တိုက်ပွဲပဲ။ ဗိုလ်အောင်ကျော်ကိုသတ်တာကရော။ ကျောင်းသားတွေဟာ ၁၃၀၀ ပြည့် အရေးတော်ပုံ တပ်သား တွေ ရေနံချောင်းကချီတက်လာတာကို အင်္ဂလိပ်ကလမ်းမှာ အနုနည်းရော၊ အကြမ်းနည်းပါ သုံးပြီး òဖိခွဲနေတာမို့ အတွင်းဝန်ရုံကိုဝိုင်းပြီးဆန္ဒပြကြတာ။ အေးအေးချမ်းချမ်းဆန္ဒပြကြတာ။ ဒါကို ရက်ရက်စက်စက် လူသေတဲ့အထိနှိပ် ကွပ်တယ်။
၇ ရက်ဂျူလိုင်အရေးအခင်းဆိုရင်လည်း ဗိုလ်နေ၀င်းတို့ဟာ ပထမဆုံးအာဏာသိမ်းတယ်။ နိုင်ငံတော်ရဲ့အာဏာကိုသိမ်းတယ်ဆိုတာ နိုင်ငံသားတွေဖြစ်တဲ့ ကျောင်းသားတွေကို အန္တရာယ်ပြု တာပဲ။ ၁၉၆၀ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ ကျောင်းသားတွေ နည်းမှ မနည်းပဲ။ အဲဒီဆန္ဒဖော်ပြမှုတွေ ကို ငြင်းပယ်ရုံမက အာဏာသိမ်းတဲ့နေ့မှာပဲ ၈ တန်းကျောင်းသားငယ် စ၀်မီမီသိုက်ကို မတရား ပစ်သတ်ခဲ့တယ်။ ဒါဟာကျောင်းသားတွေကိုရော တပြည်လုံးက ပြည်သူတွေကိုပါ လူသတ်ပြပြီး ခြိမ်းခြောက်လိုက်တာဖြစ်တယ်။ အဲဒီနောက်မှာ ဘယ်တုန်းကမှမရှိဖူးတဲ့ အဆောင်စည်းကမ်းတွေ ချမှတ်လာတယ်။ ဒါကိုက ကျောင်းသားတွေကို တမင်နံနှိမ်လိုက် တာဖြစ်တယ်။ သူတို့မှာ တဆင့်ပြီး တဆင့် ဦးချိုးသွားဖို့ အစီအစဉ်ရှိတယ်။ ဒီလိုအချိန်မှာ ကျောင်းသားတွေ ငုံ့ခံနေလိုက်ရင် ဘာဖြစ် သွားမလဲ။ ဦးကျိုးပြီဆိုပြီး ဆက်နင်းလာမှာသေချာတယ်။ ဒါကြောင့်မို့ လူတရာကျော်အသတ်ခံရတဲ့ ၇ ရက်ဂျူလိုင် အရေး တော်ပုံကြီးပေါ်ပေါက်လာတာဖြစ်တယ်။
ရှစ်လေးလုံးအရေးတော်ပုံကိုလည်း ပြန်ပြီးသုံးသပ်လိုက်ပါ ပြဿနာကိုစတာဟာ စစ် အစိုးရဘက်ကပဲ။ တိုင်းပြည်ကို ဒေ၀ါလီ ခံရအောင်လုပ်တာ၊ ငွေစက္ကူတွေ တရားမ၀င်ကြောင်း ကြေငြာတာ၊ ကိုဖုန်းမော်ကိုသတ်တာ၊ ဒါတွေအားလုံးဟာ ကျောင်းသား တွေနဲ့မဆိုင်တဲ့ ကိစ္စတွေ လား။ ကျောင်းသားတွေရဲ့ နေထိုင်စားသောက်ရေးနဲ့ ပညာသင်ကြားရေးတို့ကို မထိခိုက်တဲ့ကိစ္စတွေ လား။ ဒါကြောင့် ဒီအရေးတော်ပုံကြီးဟာလည်း မဆလစစ်အစိုးရဘက်က သေနတ်စဖောက်လို့ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲကြီးပဲ။
နောက်ပြီး ဒီနေ့ဗမာပြည်အခြေအနေလိုဟာမှာ ဒီမိုကရေစီအရေးကအစ ဖောင်တိန် တချောင်း ၀ယ်ရရေးအထိ၊ ဘာအရေးအတွက်ပဲဖြစ်ဖြစ် ဆန္ဒပြတယ်ဆိုရင် ပြတယ်လူတွေဟာ မှန်တယ်။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရက တိုင်းသူပြည်သားတွေကို အဖက်ဖက်က ချို့တဲ့ အောင် တမင်လုပ်ထားလို့ပဲ။
ဒါကြောင့် ကျောင်းသားလှုပ်ရှားမှုနဲ့ ကျောင်းသားတိုက်ပွဲ ဆိုတာတွေဟာ သမိုင်းမှာရော၊ အခုလက်ရှိမှာရော ဖိနှိပ်သူ အုပ်စိုးသူတွေက မတရားဖန်တီးလို့ ပေါ်ပေါက်ရတာချည့်ပဲဖြစ်တယ်။ ခြွင်းချက်မရှိဘူး။ မတရားမှုတွေ ရှိသရွေ့ နောင်လည်း ပေါ်နေအုန်းမှာပဲ။
ဒါကို နိုင်ငံရေးလုပ်တယ်လို့ ခေါ်ချင်၊ ပြောချင်တယ်ဆိုရင်လည်း ခေါ်နိုင်၊ ပြောနိုင်တယ်။
ဗသြ Labels: ဆောင်းပါး |
posted by thitsarforce @ 8:38 AM  |
|
|
အနာဂတ်မြန်မာ့နိုင်ငံရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါမှု အခန်းကဏ္ဍ |
|
ရဲသွေးသစ်
အနာဂတ် မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါမှု အခန်းကဏ္ဍမှာ ပစ်ပယ်၍မရနိုင်သော အချက်တချက်ဖြစ်ပါသည်။ သူမ၏ နိုင်ငံရေးအရ ဦးဆောင်နိုင်မှု၊ စည်းရုံးရေးစွမ်းအား၊ စွန့်လွှတ်အနစ်နာခံနိုင်မှုနှင့် တိုင်းပြည်အပေါ်ထားသော စေတနာများမှာ သမိုင်းအရဖျောက်ဖျက်မရနိုင်သော မှတ်ကျောက်များပင်ဖြစ်သည်။
သူမအနေနှင့် အဘယ့်ကြောင့်အနာဂတ် မြန်မာ့နိုင်ငံရေးတွင် ပါဝင်သင့်သည်ကို ပြန် လည်သုံးသပ်ကြည့်ရန်လိုအပ်ပါသည်။ ပထမဆုံးအနေနှင့် အချက်တချက်ကို ထောက်ပြရမည် ဆိုလျှင် မြန်မာပြည်သူလူထုတရပ်လုံး၏ သူမအပေါ်ယုံကြည်အားထားမှုနှင့် သူမ၏စည်းရုံးရေး စွမ်းအားကို ထည့်တွက်ကြရမည် ဖြစ်ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲအကြိုကာလနှင့် ရွေး ကောက်ပွဲကျင်းပနေစဉ် ကာလများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ပြည်သူလူထု တရပ်လုံး၏ ယုံကြည်ထောက်ခံမှုနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအပေါ် အပြတ်အသတ် အနိုင်ရ၍ လွှတ်တော်အမတ်နေရာ ၈၂ ရာခိုင်နှုန်းရလိုက်ခြင်းကို ပြန်သုံးသပ်ကြည့်မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးစွမ်းအားမှာ တိုင်းပြည်ကိုပင်လျှင် အပြောင်းအလဲတခုဆီသို့ ဦးတည်နိုင်စွမ်းရှိသည်ကို တွေ့မြင်နိုင်ပါသည်။
နောက်ဥပမာတခုကို ကြည့်မည်ဆိုလျှင် ၂၀၀၂ ခုနှစ်တွင် သူမနေအိမ်အကျယ်ချုပ်မှလ လွတ်လွတ်ချင်း မြန်မာတနိုင်ငံလုံးသို့ စည်းရုံးရေးခရီးများ သွားရောက်ခဲ့ပါသည်။ နအဖ၏ နေ အိမ်အကျယ်ချုပ်မှ သူမလွတ်မြောက်လာခြင်းကို ကြိုဆိုမှုနှင့်အတူ မြန်မာပြည်အနှံ့တွင်ရှိသော ပြည်သူလူထု၏ သူမအပေါ် တခဲနက်ယုံကြည်ထောက်ခံမှုကို စိုးရိမ်ကြောက်လန့်လာသော နအဖ သည် ၂၀၀၃ မေလ ၃၀ ရက်နေ့ည ဒီပဲယင်းမြို့အနီးတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င် အမျိုးးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ ပါဝင်စီးနင်းလာသော ယာဉ်တန်းအား စနစ် တကျ ခြုံခိုတိုက်ခိုက်၍ ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန်အထိပင်ကြိုးစားသည်ကို ကြည့် ခြင်းဖြင့်သူမ၏ စည်းရုံးရေးစွမ်းအားနှင့် ပြည်သူတရပ်လုံး၏ သူအပေါ်ယုံကြည်မှုမှာ မည်မျှအ ထိမြင့်မားသည် ဆိုသည်ကို သိနိုင်ပါသည်။
မြန်မာနိုင်ငံသည်တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသည့် နိုင်ငံဖြစ်ပါသည်။ သို့သော် ဗမာလူမျိုးအများစုပါဝင်သော အစိုးရအဆက်ဆက်မှ တခြားသော တိုင်းရင်းသား လူမျိုး များအပေါ်တွင် ဖိနှိပ်အုပ်ချုပ်လာခဲ့ခြင်းမှာ ၁၉၄၈ အင်္ဂလိပ်လက်အောက်မှ မြန်မာပြည် လွတ်လပ် ရေး ရပြီးချိန်မှစ၍ယနေ့ကာလတိုင်အောင်ပင်ဖြစ်ပါသည်။ ထို့ကြောင့်ပင် အခြားသော တိုင်းရင်း သားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှခွင့်နှင့်အတူ နှစ် ၅၀ ကျော်သက်တမ်း ရှိသော ပြည်တွင်းစစ်မီးသည်လဲ တပြိုင်နက်တောက်လောင်လာခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် မှီတင်းနေနိုင်ကြသည့် တိုင်းရင်းသားလူမျိုးများကြားတွင် အမျိုးသားပြန်လည်ရင် ကြားစေ့ရေးမှာ အနာဂတ်မြန်မာ့နိုင်ငံရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။
၎င်းအပြင် တိုင်းရင်းသားတန်းတူ ညီမျှခွင့်ကို အာမခံသော ပြည်ထောင်စုစစ်စစ် ပြည် ထောင်စုတခု တည်ဆောက်ရေးမှာလဲ လုံးဝပစ်ပယ်၍မရနိုင်သော အခြေခံလိုအပ်ချက်တခု ဖြစ်ပါ သည်။ ထိုသို့သော အခြေအနေများအောက်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်များထဲတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ တခဲနက်ထောက်ခံမှုကို ရရှိသောခေါင်းဆောင်မှာ ဒေါ်အောင်ဆန်း စုကြည်သူလျှင်ဖြစ်ပါသည်။ တိုင်းရင်းသားအင်အားစုများကြားတွင် အမျိုးသားပြန်လည် ရင်ကြားစေ့ ရေးနှင့် တန်းတူညီမျှခွင့်ကို ဖော်ဆောင်နိုင်မည့် သူမှာလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု ဖြင့်သာလျှင် အကောင်အထည်ဖော်ဆောင်နိုင်လိမ့်မည်ဟု ပြည်သူတရပ်လုံးမှ ယုံကြည်မျှော်လင့် ထားကြပါသည်။ မြန်မာ့နိုင်ငံသမိုင်းအရ ပြန်ကြည့်မည်ဆိုလျှင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သော မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည်လည်း တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ ထောက်ခံပူးပေါင်းပါဝင်မှုနှင့်အတူ အင်္ဂလိပ်လက်အောက်မှ မြန်မာ့လွတ်လပ်ရေး ကို အရယူနိုင်ခဲ့သည်ကို ထောက်ရှုခြင်းအားဖြင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ ဒေါ်အောင်ဆန်း စုကြည်အပေါ် ယုံကြည်ထောက်ခံမှုမှာ မည်မျှလေးနက်သည်ဆိုသည်ကို သိနိုင်ပါသည်။ ထိုသို့သော အခြေအနေများအောက်တွင် ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘဲ အခြားခေါင်းဆောင် တဦး တယောက်အနေနှင့် တိုင်းရင်းသား လူမျိုးများအားလုံး၏ ယုံကြည်ထောက်ခံမှုကို အပြည့်အ၀ ရရှိနိုင်ရန်မှာ စဉ်းစားစရာ အချက်တချက်ဖြစ်ပါသည်။
တဖက်မှလဲ နိုင်ငံတကာမျက်နှာစာတွင် ဒေါ်အောင်ဆန်းစုကြည်အား မည်မျှအသိအမှတ် ပြုထောက်ခံမှုရှိသည်ကို ပြန်လည်သုံးသပ်ကြည့်ရန် လိုအပ်ပါသည်။ နိုင်ငံတကာအစိုးရများ၊ အဖွဲ့ အစည်းများကြားတွင် လက်ရှိမြန်မာနိုင်ငံအား အုပ်ချုပ်နေသော အာဏာသိမ်းစစ်အစိုး၏ နာမည် အား မသိလျှင်ပင်ရှိမည်၊ ဒေါ်အောင်ဆန်းစုကြည် ဟုပြောလိုက်ပါက နိုင်ငံတကာအစိုးရများ လူ့ အခွင့် အရေးလှုပ်ရှားသူများအားလုံး ရင်းရင်းနှီးနှီးပင်သိရှိနေကြပါသည်။ တဖက်မှလဲ ဒေါ်အောင် ဆန်းစုကြည်၏ လူအခွင့်အရေးနှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုများကို လေးစားထောက်ခံနေ လျှက်ပင် ရှိပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီပြယုဒ်အဖြစ် သတ်မှတ်မည် ဆိုပါကလည်း လွန်အံ့မထင်ပါ။
ဥပမာတခုကို ကြည့်မည်ဆိုလျှင် နအဖမှ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် သက်တမ်းထပ်မံတိုးမြင့်လိုက်သည့် မေ ၂၅ ရက်မတိုင်မီတွင် ကမ္ဘာအရပ်ရပ်ရှိ တချိန်ကသြဇာ ကြီးမားခဲ့သောသမ္မတနှင့် ၀န်ကြီးချုပ်ဟောင်း ၅၉ ဦးက စုပေါင်းလက်မှတ်ရေးထိုး၍ သူမ လွတ်မြောက်ရေးအတွက် နအဖအားဖိအားပေးတောင်းဆိုသည်ကို ကြည့်၍သိနိုင်ပါသည်။ ၄င်း အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှလဲ သူမအလွတ်မမြောက်ရေးအတွက် နအဖသို့တိုက်ရိုက် ပန်ကြားခဲ့ပါသည်။ မြန်မာပြည်တွင်း အတိုက်အခံအဖွဲ့များ၏ လှုပ်ရှားမှုများကို ပြန်ကြည့် မည်ဆိုပါ ကလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့်ပြည်သူများပါဝင် သော နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဆုတောင်းပွဲများကို နအဖ၏ အမျိုးမျိုးသော ဖိနှိပ်ချုပ်ခြယ် ကန့်သတ်မှုများကြားမှပင် နိုင်ငံအနှံ့ကျင်းပနိုင်ခဲ့ပါသည်။
ထိုကဲ့သို့ နိုင်ငံတကာခေါင်းဆောင်များနှင့် မြန်မာပြည်သူလူထုမှ အဘယ့်ကြောင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကို တောင်းဆိုနေပါသလဲ ဆိုသည်ကို ပြန်လည်ဆန်းစစ် ကြည့်ရန်လိုအပ်ပါသည်။ အကယ်၍ သူမအနေဖြင့်အနာဂတ် မြန်မာ့နိုင်ငံရေးတွင် အရေးပါဝင် သော ခေါင်းဆောင်တဦး မဟုတ်ပါက ယခုကဲ့သို့ပြည်တွင်း၊ ပြည်ပမှ သူမလွတ်မြောက်ရေးအတွက် အစဉ်တစိုက် တောင်းဆိုတိုက်ပွဲဝင်နေမည် မဟုတ်ပါ။ နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် မြန်မာပြည်သူ လူထုမှ သူမ၏ တန်ဘိုးနှင့်နိုင်ငံရေးအရ ဦးဆောင်နိုင်စွမ်းများကို အသိအမှတ်ပြု ထောက်ခံ၍ သာလျှင် သူမအား လွတ်မြောက်စေလိုခြင်းဖြစ်သည်။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ်မြန်မာ့နိုင်ငံရေးတွင် အရေးပါမှုအခြေအနေများ ကို ထည့်သွင်းစဉ်းစားခြင်းမပြုပါက သူမလွတ်မြောက်ရေးအတွက် အစဉ်တစိုက်တောင်းဆို တိုက်ပွဲ ၀င်နေကြသော မြန်မာပြည်သူများ၏ စွန့်လွှတ်ပေးဆပ်နေမှုများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ စာနာထောက်ခံမှုများအား လျှစ်လျှူရှု၊ အလေးမထား၍သာဖြစ်ပါလိမ့်မည်။
အချုပ်အားဖြင့်ဆိုသော် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံ ရေးတွင်ဦးဆောင်ပါဝင်နိုင်မှု အခန်းကဏ္ဍမှာ လက်ရှိကာလမှာပင် အလွန်အရေးကြီးသည့်အပြင် အနာဂတ်မြန်မာ့နိုင်ငံရေးတွင်လည်း မည်သို့မှပစ်ပယ်ထား၍ မရနိုင်သောအချက်ပင်ဖြစ်ပါသည်။
ရဲသွေးသစ်
ခေတ္တ ပရက်မြို့ Labels: ဆောင်းပါး |
posted by thitsarforce @ 8:38 AM  |
|
|
ပြည်သူဆိုတာ ဘယ်သူလဲ |
|
ဗသြ
ကြံ့ဖွတ်တွေက သူတို့ကိုသူတို့ ပြည်သူဆိုပြီး နေရာတကာရမ်းနေကြတယ်။ တန်ရာ တန်ရာမပြောကြဘူး။ သာမာန် အရပ်သားပြောသာ ပြောရရင် ဒီကောင်တွေဘုန်းမရှိ၊ တုန်းပိလို့ သေကုန်ကြမှာ။
ပြည်သူဆိုတာ ကိုယ့်ကိုယ်ကို သတ်မှတ်ချင်တိုင်းသတ်မှတ်လို့မရပါဘူး။ တိုင်းပြည် တ ပြည်မှာနေတဲ့ လူတိုင်းဟာဒီနိုင်ငံသား ဆိုတာတော့မှန်ပါတယ်။ ပြည်သူလို့လဲ အလွယ်ပြောရင် တော့ရပါတယ်။ ဒါပေမဲ့နိုင်ငံရေး ဝေါဟာရနယ်ပယ်မှာ သုံးတဲ့ပြည်သူ ဆိုတာကျတော့သီးသန့် အဓိပ္ပာယ်ဆောင်တာပါ။ နိုင်ငံသားတိုင်းကို ပြည်သူလို့မဆိုပါဘူး။ ပြည်သူဆိုတာက ကာလတ ခုမှာ သမိုင်းအခန်းကဏ္ဍအရရော၊ အရေအတွက်အရပါ အဓိကကျတဲ့၊ ပြဋ္ဌာန်းနိုင်တဲ့ လူထုကြီးကို ပြောတာဖြစ်ပါတယ်။
ရှင်းအောင်ပြောရရင် ဗမာနိုင်ငံရဲ့လက်ရှိသမိုင်းကာလဟာ နိုင်ငံရေးအားဖြင့် ဘာကာ လလဲ။ အဓိကအသွင်အပြင်ဟာ ဘာလဲ။ ဒါကို ပထမရှင်းအောင်လုပ်ရတယ်။ ဗမာပြည်လူ့အ ဖွဲ့အစည်းကို ရှေ့တိုးအောင်လုပ်မယ်ဆိုရင် ဘယ်ပဋိပက္ခကို အရင်ဆုံး ဖြေရှင်းရမလဲဆိုတာ စဉ်းစား ရွေးချယ်တတ်ရတယ်။ ပဋိပက္ခဆိုတာကတော့ နေရာတကာမှာရှိနေတာပဲ။ စီးပွားရေး နယ်ပယ်မှာ ပဋိပက္ခအမျိုးမျိုးရှိသလို၊ လူမှုရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ ကျန်းမာရေးနယ်ပယ်၊ နယ်ပယ် တိုင်းမှာရှိတယ်။ ကုန်ကုန်ပြောရင် အိမ်ထောင်တခုအတွင်းမှာတောင် ရှိတယ်။ ဒါတွေအားလုံးကို တတန်းတည်းထား ဖြေရှင်းလို့ဘယ်ဖြစ်မလဲ။ အကုန်ရှုပ်ထွေး ကုန်မှာပေါ့။ အင်အား တွေ၊ အစွမ်းတွေဖြုန်းတီးရာပဲ ကျမယ်။ ဒီပဋိပက္ခတွေအထဲမှာ အခရာကျတဲ့ အဓိက ပဋိပက္ခဆိုတာ ရှိတယ်။ အဲဒါကိုဖြေရှင်းနိုင်ရင် တခြားနယ်ပယ်က ပဋိပက္ခတော်တော်များများ ကိုလည်း အခြေခံ အားဖြင့် ဖြေရှင်းနိုငတာပဲ။
အလွယ်ဆုံးဥပမာကိုပြရရင် ဗြိတိသျှကိုလိုနီကာလတုန်းက ဗမာပြည်တွင်းမှာ အဓိက ပဋိပက္ခဟာ ကိုလိုနီအုပ်စိုးသူတွေနဲ့ အဲဒီအုပ်စိုးမှုဒဏ်ကိုခံစားနေကြရတဲ့ ပြည်သူတွေပဲ။ အဲဒီ တုန်းက သမိုင်းရဲ့အဓိကဦးတည်ချက်ဟာ ကိုလိုနီနိုင်ငံတွေလွတ်လပ်ရေး ရရှိခြင်းဖြစ်တယ်။ ဒါဟာ ဗမာပြည်ရှိအများတကာ့အများစု ပြည်သူလူထုကြီးရဲ့ဆန္ဒမှန်လည်းဖြစ်တယ်။ အဲဒီကာလ မှာလည်း ပဋိပက္ခပေါင်းစုံရှိနေတာပဲ။ ဗမာနိုင်ငံသားတွေ အချင်းချင်းအကြားမှာကိုပဲ ပဋိပက္ခ အမျိုးမျိုးရှိတယ် မဟုတ်လား။ နိုင်ငံရေးပါတီတွေလည်း ပေါ်နေပြီဆိုတော့ တပါတီနဲ့တပါတီ မတူတာတွေ နည်းတာ မှ မဟုတ်တာ။ ဒါ့အပြင် ကုလား-ဗမာ အဓိကရုဏ်း လိုဟာမျိုးတောင် ပေါ်ခဲ့သေးတယ်။ အဲဒီ ပဋိပက္ခတွေဟာ တခါတရံမှာထိပ်ကို တက်လာသလိုလိုရှိပေမဲ့ အဓိကဖြေ ရှင်းရမယ့် လွတ်လပ်ရေး အတွက်လုံးပမ်းနေကြတဲ့ ဗြိတိသျကိုလိုနီသမားတွေနဲ့ ဗမာပြည်ပြည် သူတွေအကြားကပဋိပက္ခဟာ အဓိကဖြစ်မြဲဖြစ်နေတာပဲ။ တနိုင်ငံလုံးရဲ့အကျိုးကို ဦးထိပ်ထားသူတွေဟာ ဒါကိုမျက်ခြေမပြတ် ဘူး။ အဲဒီလိုအဓိကပဋိပက္ခကိုအခြေခံပြီး ပြည်သူလား၊ ပြည်သူ့ရန်သူလားဆိုတာကို ခွဲခြားတာ ဖြစ်တယ်။ ဘက်နှစ်ဘက်မှာ ဘယ်ဘက်ရပ်သလဲဆိုတာနဲ့ ခွဲခြားတာဖြစ်တယ်။ ဒီနေ့ဗမာပြည်မှာ အဓိကပဋိပက္ခဟာ အင်မတန်ထင်ရှား၊ ရှင်လင်းပါတယ်။ နအဖစစ်အစိုးရနဲ့ စစ်အစိုးရအုပ်စိုးမှု ဒဏ်ကြောင့် အခွင့်အရေးမျိုးစုံဆုံးရှုံးပြီး ကိုယ်စိတ်နှစ်ပါး ဆင်းရဲနေကြသူတွေက တဖက်ဖြစ်ပွား နေတဲ့ ပဋိပက္ခဟာအဓိကပါ။ လူတယောက်ဟာ ဒီပဋိပက္ခမှာ ဘယ်ဘက်က ပါဝင်သလဲဆိုတာ အပေါ်မူတည်ပြီး သူဟာပြည်သူလား၊ စစ်အာဏာရှင် စနစ်ဘက်သားလားဆိုတာကို ခွဲခြားရမှာပါ။ အထက်ကကြံ့ဖွတ်တွေရဲ့အခြေအနေဟာ သိပ် ရှင်းပါတယ်။
ဒီနေရာမှာ တဆက်ထဲပြောသင့်တာက ဒီနိုင်ငံမှာ ဒီလိုဘက်နှစ်ဘက်ပဲရှိတယ်။ တခြား မရှိဘူးလို့ဆိုရင်တော့ မှားပါတယ်။ ဘယ်ဘက်မှမပါတဲ့ ကြားအင်အားစုတွေလည်းရှိတယ်ဆိုတာကို သိဖို့လိုသလို အသိအမှတ်ပြုဖို့လည်းလိုပါတယ်။ နိုင်ငံရေး အတွေ့အကြုံကြွယ်ဝသူဟာ အဲဒီကြား အင်အားစုကို ကိုယ့်ဘက်ပါအောင် ကြိုးးစားပြီး နိုင်ငံရေးအတွေ့အကြုံနုသူကတော့ အဲဒီ အင်အားစု ကို တိုက်ခိုက်ပါတယ်။ တဘက်ကို တွန်းပို့သလိုတောင် ဖြစ်စေတတ်ပါတယ်။
နောက် မပြောမဖြစ်တတ်တာက ပြောင်းလဲတတ်တဲ့သဘောပါ။ ပြောင်းလဲတတ်တယ် ဆိုရာမှာ နှစ်မျိုးရှိပါတယ်။ ပထမတမျိုးက အဓိကပဋိပက္ခကိုယ်တိုင် ပြောင်းသွားတာဖြစ်ပါတယ်။ ဥပမာ ဒုတိယကမ္ဘာစစ်ရဲ့အဆင့်တခုမှာ ဗမာနိုင်ငံရဲ့အဓိကပဋိပက္ခဟာမူလက အင်္ဂလိပ်နဲ့ဗမာနိုင်ငံ သားတွေအကြားက ပဋိပက္ခဖြစ်ပေမဲ့ ဂျပန်ကျူးကျော်ဝင်ရောက်ပြီးလို့ ဂျပန်က ဖက်ဆစ်လက္ခဏာ တွေ ဖော်ပြလာတဲ့အခါမှာတော့ ဂျပန်ဖက်ဆစ်တွေနဲ့ ဗမာပြည်ပြည်သူတွေ အကြားက ပဋိိပက္ခဟာ အဓိကပဋိပက္ခဟာ ဖြစ်သွားပါတော့တယ်။
ဒုတိယတမျိုးကတော့ အဲဒီလိုအဓိကပဋိပက္ခပြောင်းလဲတာနဲ့ ပါဝင်သူတွေဘက်ပြောင်း တတ်တာပါပဲ။ နဂိုက ရန်သူဖြစ်တဲ့ အင်္ဂလိပ်ဟာ မဟာမိတ်ဖြစ်လာပါတယ်။ ဒီလိုသာဓကတွေ အများကြီးပြလို့ရပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ထူးခြားချက်တခုဟာလည်း အဲဒီလိုပဲ တချိန်ကရန်ဘက်တွေ မိတ်ဆွေဖြစ်လာတာပါ။
ပြည်သူဆိုတာ အဓိကပဋိပက္ခအပေါ်မှာမူတည်ပြီး ခွဲခြားသတ်မှတ်တယ်လို့ ပြောခဲ့ပေမဲ့ အချက်တချက်ကို ထပ်ပြီးအလေးအနက်ပြုဖို့လိုတယ်။ အဲဒါကတော့ နိုင်ငံတနိုင်ငံမှာ အလုပ်သမား လယ်သမားတွေဟာ အမြဲပဲအခြေခံပြည်သူဖြစ်တယ်ဆိုတဲ့ အချက်ပဲ။ ဒီစာရင်းထဲမှာ မြို့နေဆင်းရဲ တွေကို ထည့်သွင်းရင်လည်းရတယ်။ အကြောင်းက အဓိကပဋိပက္ခဘယ်လိုပဲ ပြောင်းပြောင်း သူတို့ ဟာအမြဲပဲဓားမနောက်ပိတ် အဖိနှိပ်ခံရဆုံးသူတွေ ဖြစ်နေလို့ပါပဲ။ နောက်ပြီး နိုင်ငံတိုင်းမှာလည်း အရေအတွက်အားဖြင့် သူတို့ဟာ အများဆုံးဖြစ်တယ်ဆိုတာကိုလည်း မမေ့ဖို့လိုတယ်။
ဒီအခြေခံလူတန်းစားရဲ့သားသမီးတွေဖြစ်နေလို့လည်း အခုနအဖစစ်တပ်ထဲကအောက် ခြေတပ်သားတွေကို ကြားနေအောင်၊ ကိုယ့်မိဘဘက်ပြန်ရပ်အောင်စည်းရုံး နေကြရတာပါ။ အလား တူပဲ အခုအခါမှာ အခွင့်အရေးအကြောင်းပြုပြီး တက်ကြွနေတဲ့ ကြံ့ဖွတ်တွေထဲမှာလည်း အခြေခံ လူတန်းစားတွေရဲ့သားသမီးတွေလည်း ပါနေတယ်။ သူတို့ကိုလည်း ရနိုင်သလောက် အစွဲချွတ်ကြရ လိမ့်မယ်။
ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ ဒီပြည်သူကိုဗဟိုပြုထားတဲ့တပ်ဖွဲ့ကြီးတခု ပြန်ဖွဲ့ဖို့အခြေအနေ က တောင်းဆိုနေတယ်။ ဒီတပ်ဖွဲ့ကြီး ပေါ်ပေါက်ရေးအတွက် အနှောင့်အယှက်အတား အဆီးတွေ ဟာ နအဖဆီကသာ လာတာမဟုတ်ပဲ ပြည်တွင်းပြည်ပကသဘော တရားအမျိုးမျိုး ထုတ်နေကြတဲ့ ဗမာနိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေဆီကလည်း ပေါ်ထွက်လာနေတယ်။ ပြည်သူချင်း အိုးမည်း သုတ်ပေးတာကို သတိထားရမယ်။ တချို့က ဒီလိုခြေထိုးရာမှာ အင်မတန်ကျွမ်းကျင်တယ်။ အင်မ တန် သိမ်မွေ့တယ်။ အတွေ့အကြုံလည်း ရှိလှပြီကိုး။
ဗမာပြည်သားတွေဟာ ဗမာပြည်အနေအထားနဲ့ကိုက်ညီတဲ့ လှုပ်ရှားမှုတွေဖော်ထုတ် ရမယ်။ ဗမာပြည် သမိုင်းထဲက အောင်ပွဲရအတွေ့အကြုံတွေကို ပြန်သုံးသပ်ရမယ်။
တကယ်က ချီလီ၊ ဖိလိပိုင်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ စစ်အာဏာရှင်တွေကို ဖြုတ်ချတဲ့နိုင်ငံတိုင်းမှာ ကိုယ့်ပြည်သူတွေပဲ အသေခံ၊ အနာခံပြီး စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်၊ ဖြုတ်ချခဲ့ကြတာဖြစ်တယ်။ ပြည်ပက နှမ်းဖြူးတာလောက်တောင် အနိုင်နိုင်ပါ။ ဗမာပြည်လွတ်လပ် ရေးရခဲ့တာလည်း ဒီလိုပဲ မဟုတ်လား။ Labels: ဆောင်းပါး |
posted by thitsarforce @ 8:36 AM  |
|
|
ခေတ်ကာလ ပြုပြင်ပြောင်းလဲရေး |
|
သခင်ကိုယ်တော်မှိုင်း
“သတိမမူ ဂူမမြင်”ဟူသော စကားကဲ့သို့ လောကလူတို့သည် အခြားအခြားသော ကိစ္စကြီးငယ်တို့ကို၊ ဂရုတစိုက်လုံ့လပြု လျက် ရှိကြသော်လည်းထိုထိုသို့သော် ကိစ္စအပေါင်းတို့ထက် အရေးကြီး၍ ယခုလည်းမိမိတို့အားပြုပြင်လျက် နောင်လာ နောင်သား အဓွန့်ရှည်စွာသော သားမြေးမြစ် အစဉ်အဆက် တို့၏ ကောင်းကျိုးမကောင်းကျိုးတို့ကို ပြုပြင်တတ်သည့်အပြင် “ ကမ္ဘာကျေ သော်လည်း ဥဒါန်းမကျေ” ဟူသော စကားကဲ့သို့ နောင်သောရာဇ၀င်မှတ်တမ်း အရပ်ရပ်တို့တွင် ယခုကာလ လူ ဖြစ်ရသော ကျွန်ုပ်တို့ဓာတ်ပုံကြီးသဖွယ် အထိမ်းအမှတ်တခု အဖြစ် ကမ္ဘာအရှည် တွေ့ မြင်နိုင်ကြရန်၊ ကျန်ရစ်မည်ဖြစ်သော
တွေ့ မြင်နိုင်ကြရန်၊ ကျန်ရစ်မည်ဖြစ်သော ခေတ်ကြီး၏အကြောင်းကိုမူကား ကောင်းစွာဂရုမစိုက်နိုင် အမှုမဲ့အမှတ်ဖြင့် နေကြလေသည်၊ သို့သော် ထိုထိုသောကိစ္စကြီးငယ်တို့က ကျွန်ုပ်တို့အား ကြီးမား ခိုင်ခန့်သော အကျိုးကိုပေးနိုင်စွမ်းမည်မဟုတ်။ ခဏခေတ္တတဒင်္ဂမျှသော မျက်မှောက်အကျိုး ကလေးကို ပေးတပ်ချေသည်။ “ခေတ်ကြီး”က မှသာလျှင် ကမ္ဘာအရှည်တည်တံ့ ခိုင်မြဲသော အကျိုးထူး အကျိုးမြတ်တို့ကို ပေးစွမ်းနိုင်သဖြင့် ကျွန်ုပ်တို့သည် ခေတ်ကာလကြီးကို အထိမ်းအမှတ် မရှိ အမှုမဲ့ အမှတ်မဲ့ တက်မကိုင်ကင်းသောလှေ သင်္ဘောကဲ့သို့ ရောက်လိုရာရောက် မျောလိုရာမျော မထားပဲ အရပ်ရပ်သောကိစ္စတို့ထက် အလေးပေးဂရုမူထိုက်ပေသည်။
“ခေတ်” ဟူသော စကားသည် ပညက်သမုတ်အပ်သော အခေါ် ဝေါဟာရအတိုင်းပင် ကမ္ဘာအရှည်တည်တံ့သောအရာမျိုးမဟုတ်၊ ချောင်းမမြစ်ရေသည် တနေရာတွင်ရပ်တန့်မနေပဲအစဉ် သဖြင့် စီးလျှောရွေ့ရှားနေဘိသကဲ့သို့၎င်း၊ အချိန်နာရီသည် အစဉ်ပြောင်းလဲနေဘိသကဲ့သို့၎င်း၊ နှစ် သည် နှစ်သို့ကူးပြောင်းသကဲ့သို့၎င်း၊ အစဉ်သဖြင့် ရွေ့ရှားပြောင်းကြွနေသော အရာဖြစ်ပေသည်၊ လွန်ခဲ့ပြီးသော အတိတ်ကခေတ်များသည် လွန်ခဲ့ပေပြီး။ ယခုလည်း ပစ္စုပ္ပန်ခေတ်ကြီး ကျရောက် လျက်ရှိသည်။ နောင်အခါလည်း အနာဂတ်ခေတ်များလာရောက်ဦး မည်ဖြစ်၍ ကမ္ဘာတည်သမျှ ကာလပတ်လုံး တခေတ်မှတခေတ်သည် ပြောင်းလဲလျက်ရှိချေ မည်။
သို့သော် ကိုယ့်ခေတ်ကိုယ်သာဆိုင်သည်ဟု မှတ်ရသည်။ အချို့တို့မှာ မိမိတို့ခေတ်ကြီး တခုလုံးကို မကောင်းချလျက်ရှေးလွန်လေပြီးသော ခေတ်ဟူသမျှတို့ကို အကောင်းချည်းသာ ထား လျက် ယခုကာလရှေးကလို နေရာမကျပေါင်ကွယ်။ ရှေးကခေတ်များသာ အောက်မေ့ တမ်းတ ညည်းတွားကာ နေတတ်ကြပေသည်။ ထိုသူတို့မှာ ယခုခေတ်ကာလကြီး၏ ကောင်းသောအချက် အလက်တို့ကို သတိမူကြသောသူများ မဟုတ်ကြပေ။ တောင်းတိုင်းကောင်းသည်ဟု ထင်မှတ်ကြ သူများဖြစ်ကြပေသည်။
အချို့တို့မှာကား မိမိတို့ခေတ်ကာလ မော်တော်ကားကလေး စီးရသည်ကိုပင်၊ ရှေးက ထက် အလွန်အကျူးကောင်းလှပေသည် ထင်မှတ်လျက်၊ မိမိတို့ဆင်းသက်ခဲ့ကြသော ဘိုးဘွား မိဘ လက်ထက်ကို အထင်အမြင်သေးသိမ်လျက်ရှိတတ်ကြလေသည်။ ထိုသူတို့ကား မမြင်ဘူး မူးမြစ် ထင် ဆိုသကဲ့သို့သာ ဖြစ်ချေသည်။ မိမိတို့မော်တော်ကားစီးရသော ခေတ်မှသာလျှင် လူဖြစ်ကျိုးနပ် သည်ဟု ထင်နေကြသောသူများအား အမောင်တို့ရှေးခေတ်များမှာ အမောင်တို့လို မော်တော်ကား စီးရခြင်း၊ မီးရထားစီးရခြင်းများကားမရှိ ဟုတ်မှာပါ၏။ သို့သော်အမောင်တို့ ခေတ်တွင် အနော်ရထာ မင်းစော၊ ဟံသာဝတီဆင်ဖြူရှင်များရှင်၊ အလောင်းမင်းတရား၊ ဗန္ဓုလတို့ကဲ့သို့ တိုင်းပြုပြည်ပြု ဘုန်းအားရုန်းအားနှလုံးအားဖြင့် သုံးပါးဗလပြည့်စုံလင်သော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များ ရှိပါ၏လော၊ အစွမ်းအစမျှ ထင်ပါ၏လောဟု မေးမြန်းပါကမရှိကြောင်း ၀န်ခံလျက်ငါတို့ခေတ်မှသာ ခေတ်မဟုတ် ပါတကားဟု တွေးတောမိကြပေလိမ့်မည်။
သို့သော်ဤအရာများကား အကြောင်းအားလျော်ပြဆိုလိုက်ခြင်း ဖြစ်ပေသည်။ စင်စစ် သူ့ခေတ်ကောင်းသည်၊ ငါ့ခေတ်ကောင်းသည်ဟု ငြင်းခုန်မာန်တက်၍ နေရန်မလို။ အထက်က ပြဆို ခဲ့သည့်အတိုင်း ကိုယ့်ခေတ်ကိုယ်နှင့်သာ ဆိုင်သည်ဟု အမှတ်ထားကာ မိမိတို့ခေတ်ကို မိမိတို့ လုံခြုံအောင် စောင့်ရှောက်ကြရန် ဖြစ်ပေသည်။ ရှေးခေတ်များကို အပြစ်အနာရှာ၍ ကဲ့ရဲ့ရှုတ်ချ ပြောရန်မလို၊ ထိုခေတ်များမှာ ကောင်းလျှင်ကောင်းသည့်အလျောက် ဆိုးလျင်ဆိုးသည့်အလျောက်၊ ဤသို့သော အကြောင်းရှိသဖြင့် ဤခေတ်တွင်ဆိုးရလေသည်။ ဤသို့သော အကြောင်းရှိသဖြင့် ဤ ခေတ်တွင်ကောင်းရပေသည်ဟု အကျိုးနှင့်အကြောင်း တိုင်းထွာဆင်ခြင်၍ ရှေးခေတ်များကို အတု ယူနည်းခိုးလျက် မိမိတို့ဆရာအဖြစ်ထားသင့်ပေသည်။
ခေတ်ကာလ၏ အကောင်းအဆိုးမှာ လူတို့၏လက်တွင်းတွင်ဖြစ်ပေသည်။ အိုးထိန်သည် ၏လက်တွင်း ရှိရွံ့စေးကဲ့သို့ ခေတ်ကာလမှာမူ၊ လူတို့၏ပြုပြင်ရာဖြစ်ပေသည်။ လူအပေါင်းတို့ လုံ့လ၊ ၀ိရိယ၊ ဉာဏ်ပညာ အမျှော်အမြင်ဉာဏ်နှင့် သေးကွေးသောအခါများ၌ ခေတ်ညံ့ခေတ်ဆိုးများ ဖြစ် တတ်ပေသည်။ လူတို့ လုံ့လ၊ ၀ိရိယ၊ ဉာဏ်ပညာ ကြီးမားခိုင်ခံသောအခါများတွင် ရွှေမိုးငွေမိုး စွေ ဖြိုးရွာသွန်း အတိုင်းထက်အလွန် ကောင်းမြတ်သော ခေတ်ကြီးများ ဖြစ်လာရကြောင်းကို ရှေး ဟောင်းရာဇ၀င် အစဉ်အလာများ၌ ထင်ရှားတွေ့မြင်ကြရပေသည်။ ယခုခေတ်တွင်ပင်လည်း၊ တိုင်း ကြီးပြည်ကြီး အသီးသီးတို့တွင် မျက်မြင်ဒိဠဖြစ်ပေသည်။ ထို့ကြောင့် ခေတ်ဆိုးနှင့်ခေတ်ကို အပြစ် မဆိုသာ၊ ထိုခေတ်တွင်ရှိသော လူတို့ကိုသာ အပြစ်ဆိုစရာ ဖြစ်သောကြောင့် ငါတို့ခေတ်အတွက် ငါတို့တာဝန်ကြီးပေတကားဟု များများကြီး နှလုံးသွင်း အပ်ပေသည်။
ကျွန်ုပ်တို့မြန်မာပြည် လက်ရှိခေတ်ကာလကြီးကို တွေးတောကြံဆ ရှေ့နောက်တိုင်းထွာ လိုက်သော် များစွာအရေးကြီးနေသော အခါကာလကြီးနှင့် ကြုံကြိုက်လျက် သတိမူမိသူတို့ စိုးရိမ် ကြောင့်ကျဘွယ်ရာဖြစ်၍ နေပေသည်။ ယခုအခါ မြန်မာလူမျိုးတို့မှာ လွန်ခဲ့သောခေတ်ကကဲ့သို့ ဖြစ်သမျှနှင့် တင်းတိမ်ရောင့်ရဲခြင်းမရှိ၊ ရှေ့သို့တိုးတက်လိုသောစိတ်၊ ကောင်းနိုးရာရာတို့ကို တက် လှမ်းဆွတ်ခူး အသုံးပြုလိုသောဆန္ဒဖြင့် ကာယစိတ္တနှစ်ဠနလုံး၌၊ မငြိမ်သက်ပဲ၊ လှုပ်လှုပ်ရွရွပြောင်း ရွေ့နေသော ကြားခေတ်ကြီးနှင့် ကြုံကြိုက်လျက် ရှိရပေသည်။ ယခုအခြေအနေကိုထောက်ဆ သော် အိုးထိန်းစက်ပေါ်တွင် တင်ထားသော ရွံ့စေးကဲ့သို့ဖြစ်နေပေသည်။ ပုံပန်းသဏ္ဌာန် ကျကျနန မရှိသေး၊ အိုးထိန်းဆရာကြီးလက်က ညံ့လျင်ညံ့သည့်အလျောက်၊ ကောင်းလျင်ကောင်းသည့် အ လျောက် ဖြစ်ရချေသည်။ သို့အတွက် အိုးထိန်းနှင့်တူသော ယခုခေတ်ရှိလူများက ချို့ယွင်းပျက်ပြယ် ခြင်းမရှိပဲ၊ ခိုင်ခန့်လှပသော အိုးသစ်အိုးကောင်းများ ဖြစ်လာရန် အထူးသဖြင့် ညွှန်ပြအားစိုက် သတိဝိရိယကြီးရမည့် အခါကြီး ဖြစ်ပေသည်။
လူကို အစိုးရသည်မှာ စိတ်ပင်ဖြစ်၏။ စိတ်ကို အစိုးရသည်မှာ ပညာပင်ဖြစ်သည်။ ပညာကို အစိုးရသည်မှာ ဗဟုသုတအတတ်ပင် ဖြစ်သည်။ ဗဟုသုတ အကြားအမြင် အတတ်ပညာကိုမူကား ကျမ်းဂန်စာပေက အချုပ်ဖြစ်၏။ ကျမ်းဂန်စာပေသည် အချုပ်ဖြစ်၍ ခေတ်ကိုသော်၎င်း၊ လူကိုသော် ၎င်း၊ ချုပ်ခြယ်လျက် ကောင်းကျိုးမကောင်းကျိုးကို ပေးနိုင်သည်မှာ ရာဇ၀င်တွင် သက်သေသာဓက အထင်အရှားဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် အင်းဝအဆက် နောက်ဆုံး၌ နိမိတ်မင်္ဂလာမရှိသော စာနုစာညံ့များ ထွန်းကားလွန်းသဖြင့် အင်းဝဘုရင် တလိုင်းတို့လက်သို့ပါကာ၊ မြန်မာတပြည်လုံး ထုံးထုံးညက်ညက် ကြေကြရခြင်း။ ပြင်သစ်ပြည်တွင် “ရူစူးဗော်လထိုင်ယာ” တို့၏စာပေများ လှုံ့ ဆော်ချက်ဖြင့် ပြင်သစ်ပြည်အရေးတော်ပုံကြီးဖြစ်၍ ပြင်သစ်နန်းဆက် ပြတ်ဆဲရခြင်း။ ယခုခေတ် ကာလ “ကားလ်မာစ်” ခေါ်ပုဂ္ဂိုလ်ကြီး၏ ရေးသားချက်တို့ဖြင့် ရုရှားပြည်ကြီး ဂျွမ်းထိုးမှောက်ခံရခြင်း။ ဤသို့စသဖြင့် စာပေ၏အင်အားသည် မည် မျှကြီးမားကြောင်းကို တွေ့ရပေသည်။
သို့အတွက် ခေတ်ကာလပြောင်းလဲရေးများတွင် စာပေများကို အထူးစောင့်ရှောက်သင့် ပေသည်။ တည်ငြိမ်သောအခါများ၌ အရေးမကြီးလှုန့်လှုန့်ဝါ၀ါ မငြိမ်မသက်နှင့်လူတို့သည် ဤအရာ ကောင်းနိုးနိုး၊ ထိုအရာကောင်းနိုးနိုးဖြင့် တွေ့သမျှမြင်သမျှတို့ကို လက်လှမ်းဘမ်းဆုတ်နေသည့် အခါကြီးတွင် မသင့်မလျော်သောစာပေများကို ကိုင်တွယ်မိမည်ကို စိုးရိမ်ရပေသည်၊ သို့အတွက် ထိုသို့သောစာပေများကို အုပ်စိုးပပျောက် မပြူမထွက်ဝံ့အောင် လူကိုအကျိုးဖြစ် ထွန်းစေမည့် စာ ကြီးပေကြီးကောင်းမွန်သန့်ပျံ့သော အတတ်ပညာများကို အထူးဂရုပြု၍ စာပေ၀န်ထမ်းကြီးအဖြစ် ဆောင်ရွက်ကြပါမှ သင့်လျော်လျှောက်ပတ်မည်ဖြစ်ကြောင်း။ ။
စာရေးသူ - သခင်ကိုယ်တော်မှိုင်း
ရည်ညွှန်း။ ။ မာ့က်စ်ဝါဒနှင့် တို့ဗမာ (စာမျက်နှာ ၂၄ မှ ၂၉ အထိ)
မှတ်ချက်။ ။ ဤဆောင်းပါးပါအချက်များ၊ စာလုံးပေါင်းများမှာ စာရေးသူ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ မူရင်း အချက်အလက်နှင့် စာလုံးပေါင်းများအတိုင်း ဖော်ပြခြင်းဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ Labels: ဆောင်းပါး |
posted by thitsarforce @ 8:35 AM  |
|
|
အချိန်မီ ဆောင်ရွက်ရန် လိုအပ်နေသည့် ဒီမိုကရေစီအင်အားစုများ၏ အရေးကြီးတာဝန် |
|
မြတ်နိုး
၁၉၆၂ ခုနှစ်မှတွက်လျှင် ကျနော်တို့တိုင်းပြည်အား စစ်အာဏာရှင်စနစ် ကြီးစိုးမင်းမူလာခဲ့ သည်မှာ ၄၅ နှစ်ပင် ရှိလာခဲ့ပါပြီ၊ ရာစုနှစ်တ၀က် မကြာမီ ပြည့်ပါတော့မည်၊၊
သန်း ၅၀ ကျော်ပြည်သူလူထုကြီးအား လက်တဆုပ်စာစစ်အုပ်စုက ဤမျှကာလရှည်ကြာ ဖိနှိပ်အုပ်စိုးထားနိုင်သည်မှာ ဘာကြောင့်ပါလဲ၊ ပြည်သူလူထုကြီးကိုယ်တိုင်က သူတို့ဘ၀အတွက် အပြောင်းအလဲတခုကို မလိုလားကြ၍လား။ မဟုတ်ပါ။ ပြည်သူလူထုကြီးသည် သူတို့ရင်ဆိုင် နေရသော စစ်အာဏာရှင်စနစ်အောက်မှ အခြေအနေဆိုးများကို ပြောင်းလဲပစ်လိုကြသည်သာ ဖြစ သည်။ သို့ဆိုလျှင် နိုင်ငံရေးသမားအချို့ပြောသလို ပြည်သူတရပ်လုံး စစ်အာဏာရှင်စနစ်အောက် တွင် ခေါက်ရိုးကျိုး ကြောက်ရွံ့နေကြ၍လား။ မဟုတ်ပါ၊ ပြည်သူလူထုကြီးသည် စစ်အာဏာရှင် စနစ်အား စိန်ခေါ်တိုက်ပွဲဝင်ရဲသူများသာ ဖြစ်ပါသည်။ ဤသည်ကို ၈ လေးလုံး လူထုအရေးတော်ပုံ ကြီးက သက်သေပြပြီး ဖြစ်ပါသည်။ သို့မဟုတ်ပါက စစ်အာဏာရှင်စနစ်သည် ကျောက်တောင်ကြီး ပမာသိပ်သည်းကြံ့ခိုင်နေ၍လား။ မဟုတ်ပါ။ စစ်အာဏာရှင်စနစ်သည် ပြည်သူလူထုကြီးအတွင် စုစည်းညီညွှတ်မှု အားနည်းနေချိန်တွင် သံမဏိကျားဖြစ်နေတတ်ပြီး ပြည်သူလူထုကြီး စုစည်း ညီညွှတ်မှု အားကောင်းနေချိန်မျိုးတွင် စက္ကူကျားဖြစ်သွားလေ့ရှိပါသည်၊ ဤသည်ကိုလည်း မဆလ စစ်အစိုးရအား ဖြုတ်ချခဲ့သည့် ၈ လေးလုံးလူထုအရေး တော်ပုံကြီးက သက်သေပြခဲ့ပြီးဖြစ်ပါသည်။
သို့ဆိုလျှင် ဘာကြောင့် စစ်အာဏာရှင်စနစ်ကြီးစိုးမှု ဤမျှသက်ဆိုးရှည်နေရသနည်း။ ကျနော့်အမြင်ကို ပွင့်လင်းစွာပြောရလျှင် လူမျိုး။ လူတန်းစား။ လူ့အလွှာအသီးသီးအား ကိုယ်စားပြု နေကြသည့် ကျနော်အပါအ၀င် နိုင်ငံ ရေးသမားများ၊ နိုင်ငံရေးအင်အားစုများ၏ အားနည်းချက်အချို့ (အရေးကြီးသော အားနည်းချက်အချို့)ကြောင့်ဟု ယူဆပါသည်။
နိုင်ငံရေးသမားများ၊ နိုင်ငံရေးအင်အားစုများ၏ အဓိကတာဝန်မှာ လူမျိုး လူတန်းစား လူ့ အလွှာ စသဖြင့် ထူးခြားချက် အကျိုးစီးပွား ကိုယ်စီဖြင့်ပြန့်ကျဲနေသော ပြည်သူလူထုကြီးအား အဖိ နှိပ်ခံဟူသော ယေဘုယျတူညီမှု အောက်တွင် ညီညွှတ်လာအောင် စည်းရုံးရေး၊ ညီညွှတ်သော ပြည်သူလူထုအင်အားဖြင့် ဘုံရန်သူကို ဦးတည်ဆန့်ကျင်ပြီး မိမိ(ပြည်သူလူထု)၏ နိုင်ငံရေး ရည်မှန်း ချက်ကို အကောင်အထည်ဖော်ရေး ဖြစ်ပါသည်၊ ဤသည်မှာ မိမိကိုယ်စားပြုရာ လူမျိုး၊ လူတန်းစား လူ့အလွှာများ လွတ်မြောက်ရေးအတွက် အဖိနှိပ်ခံ ပြည်သူတရပ်လုံး လွတ်မြောက်ရေးနှင့် ပေါင်းစပ် ဆောင်ရွက်ရသည့် နိုင်ငံရေးဝိဇ္ဇာပညာနှင့် အမြော်အမြင်လည်း ဖြစ်ပါသည်။
သို့ရာတွင် ပြည်သူတရပ်လုံး ညီညွှတ်စွာ တိုက်ပွဲဝင်လာအောင် ရှေ့ဆောင်လမ်းပြ တာဝန် ယူထားကြသော နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများကိုယ်တိုင် မတည်ဆောက်နိုင်ခဲ့ကြပါ၊ လက်ဝဲ၊ လက်ယာ၊ လူမျိုးရေး စသည့် ဂိုဏ်း အာဃာတများဖြင့် ကျဲကွဲနေခဲ့ပါသည်။ ကျဲကွဲသော ခေါင်းဆောင်မှုက ပြည်သူလုထုကြီးအား တစည်းတလုံးတည်းဖြစ်အောင် မစုစည်းနိုင်သည်မှာ လည်း မဆန်းပါ၊ ပြည်သူလူထုကြီး ကိုယ်တိုင်ကလည်း သူတို့၏ ဘ၀နှင့်အသက်ကို ပုံအပ်ကာ တယောက်တပေါက် ခေါင်းဆောင်မှုနောက်သို့ ယုံကြည်စိတ်ချစွာ မလိုက်လိုကြသည်မှာလည်း သဘာဝကျပါသည်။
ခေါင်းဆောင်မှု (နိုင်ငံရေးပါတီများ)ကသာ စုစည်းညီညွှတ်လျှင် လူထုကြီးသည် ထို ခေါင်း ဆောင်မှုမျိုးနောက်သို့ ယုံကြည်စိတ်ချစွာ လိုက်ပါစမြဲဖြစ်ပါသည်။ နယ်ချဲ့၊ ဖက်ဆစ်ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲကာလများအတွင်း ပေါ်ထွန်းခဲ့သော‘ဗမာ့ထွက်ရပ်ဂိုဏ်း’နှင့် ‘ဖဆပလ’ အမျိုးသားညီညွှတ်ရေး တပ်ပေါင်းစုတို့သည် ထင်ရှားသော သာဓကဖြစ်ပါသည်။ နိုင်ငံ ရေးပါတီများ၏ စုစည်းညီညွှတ်သောဦးဆောင်မှုအောက်တွင် ပြည်သူတရပ်လုံးတညီတညွှတ်တည်း လိုက်ပါခဲ့ကြသောကြောင့်လည်း အမျိုးသားလွတ်လပ်ရေးတိုက်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါတပ်ပေါင်းစုကြီး နှစ်ခုမှာပင် ကိုယ်စီထူးခြားချက်များ ရှိနေသည်။ ‘ဗမာ့ထွက်ရပ် ဂိုဏ်း’က လက်ဝဲ၊ လက်ယာ ညီညွှတ်ရေးဖြစ်ပြီး ‘ဖဆပလ’က လက်ဝဲအခြေခံ ညီညွှတ်ရေး ဖြစ်သည်၊ အခြေအနေအရ မည်သည့်သဏ္ဌာန်ဆောင်သော ညီညွှတ်ရေးမျိုးကို ပြောင်းလဲတည် ဆောက် ရသည်ဖြစ်စေ၊ အကြီးမားဆုံးသော ပြည်သူလူထုကြီး၏ အကျယ်ပြန့်ဆုံးသော အကျိုး စီးပွားပေါ်မှာသာ အခြေခံနိုင်မည်ဆိုလျှင် ပြည်သူတရပ်လုံး၏ တညီတညွှတ်တည်း ထောက်ခံ ပါဝင်မှုကို ရမည်သာဖြစ်ပါသည်။
သို့ရာတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပေါ်ထွန်းခဲ့သော လူမျိုး လူတန်းစား ကိုယ်စားပြု နိုင်ငံရေးအင်အားစုများအကြား ညီညွှတ်ရေးမတည်ဆောက်နိုင်ခဲ့ကြ။ ထို့ကြောင့် သဘာဝကျစွာပင် အဖိနှိပ်ခံပြည်သူတရပ်လုံးကိုလည်း တစည်းတလုံးတည်းဖြစ်အောင် စုစည်းနိုင် စွမ်း မရှိခဲ့ကြပေ။ လူမျိုးလက္ခဏာဆောင်သော တပ်ပေါင်းစု၊ လူတန်းစားလက္ခဏာဆောင်သော တပ်ပေါင်းစု၊ လက်ယာ၊ လက်ဝဲစသဖြင့်သာ ကျဲကွဲနေခဲ့ကြသည်။ အကျိုးဆက်အားဖြင့် ‘ဘုံရန်သူ’ အခိုင်အမာရှိနေပါလျက်နှင့် ‘ဘုံလုပ်ငန်းစဉ်’ကို မချမှတ် မကျင့်သုံးနိုင်ခဲ့ကြပေ။ တူတာတွဲလုပ်၊ မတူ တာ ခွဲလုပ် အဆင့်က မတက်နိုင်ခဲ့ကြပေ။
စစ်အေးခေတ်ဖြစ်နေ၍လည်း နိုင်ငံရေးအင်အားစုများအတွင်း လက်ဝဲ လက်ယာကွဲပြားမှု သည် နက်ရှိုင်းစွာ သဲသန်ပြင်းထန်ခဲ့သည်။ ထို့ကြောင့် အားလုံး (လက်ဝဲ လက်ယာ) လက်ခံနိုင် သော ဘုံလုပ်ငန်းစဉ် ချမှတ်ဆောင်ရွက် ရေးကို နိုင်ငံရေးအင်အားစုများ မကျော်နင်းနိုင်ခဲ့ကြ။
ဤနည်းဖြင့် ပြည်တွင်းအကြောင်းအချက် (နိုင်ငံရေးပါတီများ၏ ကိုယ်ပိုင်အတွင်းကြောင်း) နှင့် ပြည်ပ အကြောင်းအချက် (စစ်အေးခေတ်ကုန်ဆုံးခြင်း)တို့ပေါင်းဆုံကာ တော်လှန်ရေး ဒီရေ လည်း အနိမ့်ဆုံးအဆင့်သို့ ထိုးကျ သွားခဲ့ရသည်။
ပြည်တွင်းစစ်ကို အကြောင်းပြု၍ မွေးဖွားကြီးပြင်းလာသော စစ်အာဏာရှင်စနစ်ကို မလိုလား ကြောင်း ထုတ်ဖော်ပြသကာ မဆလတပါတီအစိုးရအား ဖြုတ်ချလိုက်ကြသည်၊ ပါတီစုံဒီမိုကရေစီ စနစ်ဖြင့် အစားထိုးတည်ဆောက်ရန် ကြိုးပမ်းခဲ့ကြသည်။ ထိုလူထုတိုက်ပွဲကြီးအတွင်းမှ နိုင်ငံရေး ပါတီများ အများအပြား ပေါ်ထွက်လာခဲ့ကြသည်၊ သို့သော် ယနေ့တိုင် ဒီမိုကရေစီနိုင်ငံရေးအင်အားစု (လက်ဝဲ လက်ယာ လူမျိုးကိုယ်စားပြု၊ လူထုလူတန်းစားကိုယ်စားပြု)များအကြား တစည်းတလုံး တည်း ညီညွှတ်မှုကို မတည်ဆောက်နိုင်ကြသေါ်။ နိုင်ငံရေး အင်အားစုများအတွင်းရှိ ထိုအားနည်း ချက်သည် နိုင်ငံရေးအင်အားစုများအပေါ် ပြည်သူလူထု၏ယုံကြည်မှု လျော့ပါးစေရုံမျှမက စစ်အုပ်စု ၏ အလိုကျလည်း ဖြစ်စေပေသည်။
နိုင်ငံရေးပါတီများအကြား (လူမျိုး၊ လူတန်းစား၊ လူ့အလွှာ ကိုယ်စားပြုမှု) ကွဲပြားမှု၊ လက်ဝဲ လက်ယာ ကွဲပြားမှုများ ရှိနေသည့်တိုင် စစ်အာဏာရှင်စနစ်ဖယ်ရှားရေး၊ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်း ပြည်ပနိုင်ငံရေးအခြေအနေမျိုးရှိနေချိန်တွင် စစ် အာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုမှန်သမျှ အခွင့်အခါကောင်းကို အမိအရ ဆုပ်ကိုင်ကာ ‘ဘုံ လုပ်ငန်းစဉ်’ တရပ် ညှိနှိုင်းတိုင်းပင်ချမှတ်ကြရန် အရေးကြီးပါသည်။
စစ်အုပ်စု အလိုတော်ရိများမှလွှဲ၍ အားလုံးလက်ခံနိုင်သော ‘ဘုံလုပ်ငန်းစဉ်’ တရပ်ကသာ ပြည်သူတရပ်လုံး နိုင်ငံရေးအင်အားစုများအပေါ် ယုံကြည်စိတ်ချမှု အားကောင်းလာစေနိုင်ပါသည်။ ပြည်သူလူထုကြီး (လူမျိုး၊ လူတန်း စား၊ လူ့အလွှာမှန်သမျှ)အား စုစည်းညီညွှတ်လာစေမည် ဖြစ်ပါ သည်။ ပြည်သူတရပ်လုံး၏ ဆန္ဒအကျိုးစီးပွားကို အမှန်တကယ် ကိုယ်စားပြုရာကျပါမည်။ စစ် အာဏာရှင်စနစ်ကို ဖယ်ရှားပြီး ပါတီစုံဒီမိုကရေစီနှင့် အစားထိုးတည်ဆောက်ရေးစသည့် နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။
လက်ဝဲ လက်ယာ စုစည်းညီညွှတ်သော ဘုံလုပ်ငန်းစဉ်ချမှတ်နိုင်ရေးအတွက် အဓိက အကျ ဆုံး လိုအပ်ချက်မှာ နိုင်ငံရေးပါတီများ (၀ဲ ယာ) အတွင်းရှိ အယူဝါဒရေး လူမျိုးရေး ဂိုဏ်းဂဏများ ကို ဖယ်ရှားကျော်နင်းရန်ဖြစ်သည်။ အတိတ်၏ ကိုယ်စီခံစားချက်များထက် ပစ္စုပ္ပန်ပြည်သူ လူထု ဘ၀ လွတ်မြောက်ရေးကို အလေးထားရန် ဖြစ်ပါသည်။ ပြည်တွင်း ပြည်သူလူထုကြီး၏ အစွမ်းအစ ကို အဓိကထား ယုံကြည်အားကိုးရေး ဖြစ်ပါသည်။
ယနေ့ဆင်နွှဲနေရသော ဘုံရန်သူ စစ်အစိုးရဆန့်ကျင်ရေးတိုက်ပွဲတွင် လက်ဝဲ လက်ယာ စုစည်းညီညွှတ်သော ‘ဘုံလုပ်ငန်းစဉ်’ ချမှတ်နိုင်ရေးသည် နိုင်ငံရေးအင်အားစုအသီးသီး၏ ဉာဏ် အမြော်အမြင်နှင့် တိုင်းချစ်ပြည်ချစ် စိတ်ဓာတ် အတိမ်အနက်ကို တိုင်းထွာသော ကိုက်တံ တချောင်း လည်းဖြစ်သည်ဟု ထင်မြင်ယူဆမိပါသည်။ ။ Labels: ဆောင်းပါး |
posted by thitsarforce @ 8:34 AM  |
|
|
သူပုန်ဗိုလ် ငချစ်ညိုနှင့်...ဘုရင်မင်းခွေးချေး... |
|
မြတ်နိုး
အနောက်တောင် ကောင်းကင်ယံတွင် မိုးသားတိမ်ညိုရိပ်တို့ တလိပ်လိပ် တက်လာနေ သည်။ နန်းမြို့ရိုး အပြင်ဘက်ရှိ အရေးပေါ်စီမံထားသော လူသတ်ကွင်းကြီးထက်တွင်မူ မိုးသား တိမ်ရိပ် ကင်းစင်ကာ ကြည်လင်နေဆဲပင်။
လူသတ်ကွင်းကြီးအတွင်းနှင့် ပတ်ပတ်လည်တွင် မောက်တို၊ မောက်ရှည်ဆောင်း ဓား၊ လှံ၊ မီးပေါက် သေနတ်ကိုင် စစ်သည်ရဲမက်အများအပြားစောင့်ကြပ်လျက်ရှိသည်။ လူသတ်ကွင်းကြီး အတွင်းတွင်လည်း လူသူပရိသတ်များဖြင့်ပြည့်နေ၏။
ယနေ့သည် စစ်မြေပြင်မှ အရှင်ဖမ်းမိခဲ့သော လယ်သမားသူပုန်ဗိုလ်‘ငချစ်ညို’အား ကွပ်မျက်စီရင်မည့် နေ့ဖြစ်သည်။ မြို့သူမြိုသားများအပါအ၀င် သုံးတိုင်ခရီးဝန်းကျင်ရှိ ရွာငယ်ဇနပုဒ် များမှ အရွယ်ရောက်သူ ယောင်္ကျား မိန်းမမှန်သမျ လာရောက်ကြည့်ရှုရန် ယမန်နေ့ကပင် မောင်းကြေးနှင်းခတ်ထားသည်။ ပျက်ကွက်ပါက ကျောတရာ၊ ရင်တရာ၊ ဒဏ်ခတ်၍ မြိုင်ရပ်သို့ အနှင်ခံရမည်ဟုလည်း အမိန့်တော်မှတ်ထားသည်။
လူသတ်ကွင်းအတွင်းရှိ များပြားလှသော ဇနပုဒ်သားတို့မှာ တူညီသော ခံစားချက်ဝေဒနာ ဖြင့် တိတ်ဆိတ် ငြိမ်သက်လျက် နှုတ်ခမ်းများကိုတင်းတင်းစေ့ကာ အံကိုကျိတ်လျက်၊ သက်ပြင်း ရှည်ကြီးများကို အကြိမ်ကြိမ်ချလျက်။ နင့်နေသောရင်ထဲမှ ကြေကွဲဝမ်းနည်းမှုကြောင့် မျက်ရည်စို နေသော မျက်လုံးပေါင်းများစွာကမူ လူသတ်ကွင်းတဘက်ထိပ် ကုန်းမြင့်လေးပေါ်မှ သံပြားခင်းပြီး သံတိုင်များ ကာရံအုပ်ဆိုင်းထားသော သံကျပ်စင်ဆီသို့ ငေးကြည့်နေကြသည်။ သံကျပ်စင်အောက် ရှိ လိမ္မော်ရောင်မီးတောက်များက အခင်းသံပြားထူထူကြီးကို မထိတထိ လှမ်းလျက်နေသည်။
မင်းခွေးချေးသည် သံကျပ်စင်ရှေ့ အလံနှစ်ဆယ်ခန့်အကွာရှိ ရွှေပိန်းချ ထိုင်ခုံပေါ်တွင် ထိုင်လျက် သေမင်းတမန် သံကျပ်စင်ကို စိုက်ကြည့်နေ၏။ သူနှင့်မလှမ်းမကမ်းတွင် ဓားလွတ်ကိုင် စစ်သည် ရဲမက်အချို့ စောင့်ကြပ်လျက်ရှိသည်။
“ငါလို သက်ဦးဆံပိုင်ဘုရင်ကို ဒင်းလို မစ္ဆဂီိသား သက်လူမျိုး အညတြ ကျေးတောသားက ပုန်ကန်ခြားနား ခြင်းကား ရယ်ဖွယ်ကောင်းလေစွ။
‘အုပ်စိုးသောငါ မင်းကျင့်တရား ဆယ်ပါးနှင့်မညီ၍၊ မိုးလေ၀ဿခေါင်သည်။ ထိုကြောင့် သီးထွက်များ ဆုတ်ယုတ်ကာ အငတ်ဘေးကြီးဆိုက်ရသည်။ ဆင်းရဲသားပြည်သူတို့၏ မျက်နှာကို မထောက်ဘဲ ကြီးလေးသော အခွန်အတုတ်များကိုလည်း ထမ်းစေသည်’ဟု စွပ်စွဲလှုံ့ဆော်ကာ သင်သူပုန်ထသည်။ ငါ၏ မြို့စား၊ ရွာစားများကို သင်အာခံသည်။ ဤပုဂံပြည်တွင် ငါဘုရင်၊ ငါသခင်ဖြစ်သည်။ ဤတိုင်းပြည်တွင်းရှိ ပုပုရွရွလူမှန်သမျ ငါ၏ကျေးကျွန်များသာဖြစ်သည်။ ရေမြေ့ အရှင် သက်ဦးဆံပိုင် ငါဘုရင် ငါထင်တာ ငါလုပ်မည်။ ငါ့ဓား၊ ငါ့နုတ်ထွက်စကား တရားဖြစ်သည်။ သင် ပုန်ကန်ခြားနားမှုကြောင့် ငါကြီးစွာ စိတ်လက်မချမ်းမသာ ဖြစ်ခဲ့ရသည်။ သို့တစေ ယခုအခါ သင့်ကံကြမ္မာသည် ငါ့လက်တွင်း၌တည်ခဲ့ပြီ။ ငါခြေဖ၀ါးတော်အောက် သင်ဒူးထောက် အရှုံးပေး ရတော့မည်။ ဖားတုလို့ ခရုခုံ အိုင်ပျက်ရုံသာ ရှိတော့သည်ကို မကြာမီ သင့်ကိုယ်တွေ့ကြုံရတော့ မည်။
ပြုရိုးပြုစဉ် တောင်စွယ်နေကွယ်လျင် သုဿန်ထုတ် ဓားခုတ်သတ်ခြင်းကား သင့်အတွက် စာနာရာရောက် လွန်း၏။ မီးကျီးမီးလျံဖြင့် ခြစ်ခြစ်တောက် ပူလောင်နေသော သံကျပ်စင်ပေါ်တွင် ဟိုပြေးသည်လွှား၊ အော်ဟစ် ညည်းတွားရင်း တဖြည်းဖြည်းသေရခြင်းသည်သာ သင်နှင့်အထိုက် တန်ဆုံး အပြစ်ဒဏ်ဖြစ်၏။
ဤနှယ် အသေဆိုးနှင့် သေရသည့် သင်အဖြစ်ကို မြင်တွေ့သူတိုင်း၊ ကြားသိသူတိုင်း နောင်ကြဉ်ကြလိမ့်မည်။ ငါ့အားပုန်ကန်ခြင်း အမှုပြုရန် အိပ်မက်သော်မျ မက်ရဲကြတော့မည် မဟုတ်။
မိမိကိုယ်ကို သူရဲကောင်းကြီးအထင်ဖြင့် ငါ့ကိုပုန်ကန်ခဲ့သောသင့်အား မီးလောင်တိုက် သံကျပ်စင်အတွင်း အမိတ အော်ဟစ်ငိုကြွေးစေခြင်းဖြင့် လူပုံအလယ်၌ အရှက်ရစေအံ့။”
မင်းခွေးချေးကား ထိုသို့အတွေးဇာချဲ့လျက်ရှိ၏။ သူ၏တမူထူးသော အစီအမံအတွက်လည်း အားရကျေနပ် လျက်ရှိသည်။ မီးကျီး၊ မီးလျံထက်မှ သံကျပ်စင်ပေါ်၌ ဆောက်တည်ရာမရ ပြေးလွှား အော်ဟစ်ရင်း ဖြည်းဖြည်းချင်း လောင်ကျွမ်း သေဆုံးရမည့် ငချစ်ညို၏ အဖြစ်ကိုရှုစားရန်လည်း စိတ်အားထက်သန်လျက်ရှိသည်။•••
ဗလလည်းကောင်း၊ အရပ်လည်းထောင်မောင်းသည့် ရောင်တစောင်းနှင့် ငချစ်ညို၏ တုတ်ခိုင် သော လည်ပင်းကို ကြိုးကွင်းတည်းထားသည်။ အကြောအခြင်၊ ကြွက်သားမျှင် အမြောင်းမြောင်း ထနေသော လက်ရုံး၊ လက်ဖျံ နှစ်ဖက်ကိုလည်း လက်ပြန်နှောင်ကြိုးတည်းထား၏။ ခြေနှစ်ဘက်ကို လည်း တတောင်ခန့်အကွာ လှမ်းနိုင်ရုံမျှသာ လွန်ကြိုးဖြင့် ထူးခတ်ထားသည်။
ငချစ်ညို၏ ခါးပေါ်တွင် ပိတ်ဖြူနံငယ် တပိုင်းသာစီးထားသဖြင့် အထက်ပိုင်းဗလာကျင်း နေသောကြောင့် ညိုမောင်းသောအသားအရေ၊ တုတ်ခိုင်သန်မာသော ကိုယ်ကာယကို အတိုင်းသား မြင်နေရသည်။ ခြေလှမ်း လှမ်းလိုက်တိုင်း ထိုးကွင်းမင်ကြောင်တို့ဖြင့် ခန့်ညားပြာလဲ့နေသော ပေါင်လုံးနှစ်လုံးပေါ်မှ ကြွက်သားဆိုင် အဖု၊ အထစ် များမှာ လှုပ်ရှားရုန်းကြွနေသည်။ သူ့ဟန်ပန်မှာ လူးအိုင်မှတက်စ ကျွဲပေါက်တကောင်နှင့်တူလှ၏ သူ့မျက်လုံး အစုံကမူ မဟုတ်မခံ၊ မှန်ရာကိုသာ လိုလားသော ရိုးသားသည့် စိတ်ဓာတ်နက်ရှိုင်းမှုဖြင့် ကြည်လင်တောက်ပနေသည်။
အာဏာပါးကွက်သားများ ရှေ့နောက်ဝဲယာ ၀န်းရံခေါ်ဆောင်ရာသို့ ရဲဝံစွာရင်ကော့၊ ခေါင်းမော့လိုက်ပါသွားသော ငချစ်ညိုကိုမြင်လိုက်ရသောအခါ လူအုပ်ကြီးမှာ လှုပ်လှုပ်ရွရွဖြစ်လာ ကြသည်။
ငချစ်ညိုအားကြည့်ရန် တိုးဝှေ့ကြ၏။ ကြင်နာစိတ်ဖြင့် စုပ်သတ်ကြ၏။ မျက်ရည်ကျကြ၏။ ‘ဒါမှသူရဲကောင်း အစစ်’ဟူ၍ ချီးမွမ်းရေရွတ်ကြ၏။ အစောင့်အကြပ်စစ်သည်ရဲမက်များက လူအုပ် ကြီးအား ကြိမ်၊ ဓားအိမ်၊ လှံရိုး တို့ဖြင့် ထိုးပုတ် ရိုက်မောင်းကာ ငြိမ်ဝပ်စွာနေရန် ထိန်းလျက် ရှိသည်။
အာဏာပါးကွက်သားများသည် ငချစ်ညိုအား သံကျပ်စင်ရှိရာသို့ ခေါ်ဆောင်လာခဲ့ကြ သည်။ ငချစ်ညိုသည် မီးလျံထက်မှ သံကျပ်စင်ကို မြင်လိုက်ရသော အခါစိုးစဉ်းမျ တုန့်ဆိုင်းသွား၏။ ‘ဒါကို ငါခံနိုင်ပါ့မလား’ ဟူသော အတွေးက ဖျတ်ကနဲ အလိုလျောက်ဝင်လာသည်။ အကြောင်းမှာ စိတ်ကူးအတွေးထဲမှသေမင်းနှင့် တကယ့်မျက်စိဖြင့် မြင်ရသောသေမင်း၏ ရက်စက်ပုံမှာ ကွာခြား လွန်းလှသောကြောင့်ဖြစ်သည်။
သို့ရာတွင် မင်းခွေးချေး သူ့အား ခနဲ့ပြုံး ပြုံးကြည့်နေမည်ကို အာရုံတင်လိုက်မိသောအခါ တဒင်္ဂတုန်လှုပ် စိတ်လည်း ပျောက်သွားတော့သည်။ သူ့ကိုယ်သည် ပို၍မတ်ကာ ရှေ့သို့ရဲရဲ ဆက်လျှောက်သွားသည်။ ဘ၀တူ ဆင်းရဲသား နင်းပြားများရှေ့မှောက်တွင် အမှန်တရားအတွက် အသက်စွန့်ရမည်ကို တွန့်ဆုတ်၍ မပြကောင်းဟု တွေးလိုက်မိသောအခါ နှလုံးသားမှ ပွက်ထ လာသော သတ္တိအဟုန်က အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။ သံကျပ်စင်ပေါ်တက်ရမည့် အပေါက်မှာ မင်းခွေးချေးထိုင်နေရာဘက်မှာရှိ၍ ထိုဘက်မှ လှည့်သွားရမည်ဖြစ်သည်။ မင်းခွေးချေး နှင့် နီးလာလေလေ ငချစ်ညို၏ မျက်လုံးအစုံမှာလည်း ပိုမိုတောက်ပလာလေဖြစ်သည်။ လှမ်းနေ သော ခြေလှမ်းသည်လည်း ပိုမိုကြံ့ခိုင်ရဲတင်းလာသည်။
မင်းခွေးချေးသည် ငချစ်ညို၏ ရဲရင့်တည်ငြိမ်မှုကို မြင်ရသောအခါ မခံမရပ်နိုင်အောင် ဖြစ်လာ၏။ မရိုးမရွ ဂဏာမငြိမ်ဖြစ်လာ၏။ ရာဇဣနြေ္ဒပျက်လာသည်။ ‘ငါဘုရင်ကိုပင် အလေးမထား ဂရုမစိုက်၊ သေမင်းရှိရာ သွားနေရပါလျှက် မျက်နှာမပျက်ရကောင်းလော’ဟု တွေးကာ ရာဇမာန် အဆိပ် ငယ်ထိပ်သို့ တက်လာ၏။ ငချစ်ညိုအား စိတ်နှလုံးညှိုးချုံး အားငယ်အောင် လုပ်လိုစိတ် များ ပိုမိုပြင်းပြလာ၏။
“ဟေး သူဖုန်းစား၊ အညတြ ငချစ်ညို။ မင်းကိုယ်မင်း ဘာထင်နေလဲ။ အခု မင်းဟာ သေမင်းရဲ့ခံတွင်း မီးတောက်ထဲကို သွားနေတာဟ။ မကြာခင် အဲဒီမီးတောက်တွင်းမှာ မင်း လောင်ကျွမ်းပြာကျရတော့မှာဟ၊ သိရဲ့ လား”
မင်းခွေးချေးက ခံပြင်းစိတ်နှင့် ဒေါသတကြီး အော်ဟစ်ရင်းမှ...
“ဒါပေမဲ့... ခုပဲ မင်းကို ငါသနားစိတ်ဝင်လာတယ်။ မင်းအဖြစ်အတွက် ငါရှေ့တော်မှောက် ဒူးထောက် ခစားပြီး တောင်းပန်လိုက်စမ်း...။ အဲဒီလို တောင်းပန်ရင် နင့်အပြစ်ကို ငါလျော့ပေါ့ စဉ်းစားတော် မူမယ်...” ဟုလည်း မိန့်ကြားလိုက်ပြန်၏။
ငချစ်ညိုသည် လှမ်းနေသော ခြေလှမ်းကိုတုန့်ကနဲရပ်လိုက်၏။ မင်းခွေးချေးက သည်တခါ သူ့စိတ်အာသာ ပြေတော့မည်၊ သူ့ခြေတော်ရင်း ငချစ်ညိုဝပ်စင်းခစားတော့မည်အထင်နှင့် သူ့ကိုယ် သူ နေရာပြင်ထိုင်လိုက်သည်။ သို့ရာတွင် ငချစ်ညိုကား ဦးလည်းမညွှတ်၊ ဒူးလည်းမထောက်၊ တောင်းပန်စကားလည်းမဆို၊ မင်းခွေးချေးကိုသာ စက်ဆုပ်ရွံရှာစွာစိုက်ကြည့်နေသည်။ ငချစ်ညို၏ အပြုအမူကြောင့် မင်းခွေးချေးအနေကြပ်ကာ တုန်လှုပ်စွာ မျက်ခုံးပင့်လိုက်သည်။ ငချစ်ညိုနှင့် မျက်လုံးချင်းမဆုံမိအောင်လည်း ကြိုးစားလိုက်သည်။
ငချစ်ညိုသည် စက်ဆုပ်ရွံရှာစွာ စူးစူးရဲရဲကြည့်နေရင်းမှ မင်းခွေးချေး၏ မျက်နှာအား ထွီကနဲ တံထွေးဖြင့် လှမ်းထွေးလိုက်သည်။ မင်းခွေးချေး၏ဦးခေါင်း နောက်ဘက်သို့ ဆတ်ကနဲ လန်သွားသည်။ မျော်လင့်မထားသောအဖြစ်ကြောင့် ဒေါသအမျက်ချောင်းချောင်းထွက်ကာ မင်း ခွေးချေးတကိုယ်လုံး ဆတ်ဆတ်တုန်လာသည်။
‘ဒီဇနပုဒ်သား သူဖုန်းစားကို ခုချက်ချင်း သံကျပ်စင်ပေါ်တင်လိုက်ကြစမ်း ဟေ့’
ပါးကွက်သားများသည် သံလှောင်အိမ်တံခါးကို သံချိတ်ဖြင့် ဆွဲဖွင့်လိုက်ကြသည်။ ထိုနောက် ငချစ်ညိုကို ဖမ်းချုပ်ကာ သံကျပ်လှောင်အိမ်အတွင်း သွင်းလိုက်ပြီး သံတံခါးကို အသေပိတ်လိုက် ကြတော့သည်။
မင်းခွေးချေးသည် ကိုယ်ကိုရှေ့သို့ကိုင်းကာ မျက်လုံးအ၀ိုင်းသားနှင့်ကြည့်နေ၏။ သူ စောင့်စားနေသည့် အချိန်ကိုရောက်လာခဲ့ပြီ။ ငချစ်ညိုသည် မီးကျီးမီးတောက်ပေါ်မှ သံလှောင် ချိုင့်ထဲတွင် ဟိုပြေးသည်လွှား၊ ကယ်ပါ ယူပါ ဟစ်အော်ငိုကြွေးနေမည်ဟု သူယူဆထားသည်။ ဤလိုအချိန်မျိုးတွင် ‘ဘယ်လိုလဲ... သူရဲကောင်းကြီးရဲ့’ ဟု သရော်လှောင်ပြောင်ကာ အားပါးတရ ဟားတိုက်ရယ်မောလိုက်မည်ဟုလည်းကြံရွယ်ထား၏။ သို့သော် သူထင်သလို ကားဖြစ်မလာချေ။ ငချစ်ညိုသည် သူရောက်ရာနေရာတွင် မတ်မတ်ရပ်လျက် မင်းခွေးချေးဘက်သို့တည့်တည့်မူကာ စိမ်းစိမ်းကြည့်လျက်ရှိသည်။ ထိုနောက် ကျားပျိုတကောင်ဟိန်းသလို ကျယ်လောင်စွာ အော်ဟစ် ပြောဆို လိုက်လေသည်။
“ဟယ်... မင်းခွေးချေး... မင်းကျင့်တရား... တပါးမှ မတည်တဲ့ မင်းဆိုးမင်းညစ်၊ ဒင်း... အကုသိုလ်အမှုကြောင့်... ငါတို့ပြည်သူတွေ ဒုက္ခပင်လယ်ဝေခဲ့ပြီ... ထိုအမှုကို မရှုနိုင်၍ ငါသူပုန်ထ သည်။
အကြောင်းမလှ၍ အရေးနိမ့်ရသော်လည်း သေရမည်ကို ငါမကြောက်၊ နောက်ဘ၀ ဆုံခွင့်ရလျင် သင့်ဦး ခေါင်းကိုဖြတ်၍ အရပ်တကာလှည့်ကာ ငါပြမည်။
ယခုဘ၀ ငါ့ခန္ဓာကိုယ်ကို သင်သတ်လိုက်နိုင်သော်လည်း ဆင်းရဲသားနင်းပြားတို့ အပေါ်ထားရှိသော ငါ့ ‘ချစ်စိတ်’ကို သင်ဘယ်တော့မှမသတ်နိုင်။
ငါ့အား အရှက်ခွဲလိုသော်လည်း တကယ်အရှက်ကွဲသူမှာ သင်သာဖြစ်၏။
ငါ့အား ဟားတိုက်လှောင်ပြောင်လိုသော်လည်း တကယ်အလှောင်ပြောင်ခံရသူမှာ သင်သာ ဖြစ်၏။
ငါ့အပေါ် အနိုင်ယူလိုသော်လည်း ရှုံးနိမ့်သူမှာ သင်သာဖြစ်၏။
ဟေး ... မင်းခွေးချေး... သံသရာမှာ ကျင်လည်ရသရွေ့ သင်အားဘက်ပြိုင်ရန် ငါ ... ဒီနေရာက စိန်ခေါ်လိုက်ပြီ၊ ငါ စိန်ခေါ်လိုက်ပြီဟေ့”
ထိုနောက်ငချစ်ညိုသည် မင်းခွေးချေး၏ တုန်ရင်ခြောက်ခြားနေသော မျက်နှာကို လှမ်းကြည့်ကာ ကြောက်ခ မန်းလိလိ ကျယ်လောင်စွာ ဟားတိုက်ရယ်မော လိုက်လေသည်။
သံကျပ်စင်အောက်မှ မီးတောက်သည် အရှိန်မပြင်းလှသေး။ ငချစ်ညိုအား တဖြည်းဖြည်း တငွေ့ငွေ့ လောင်ကျွမ်းသွားစေလို၍ မီးကိုယ်သင့်ရုံမျ ထည့်ထားစေခဲ့ခြင်းဖြစ်သည်။ စောစောကမူ ဆင်းရဲသားလယ်သမား အပေါင်းက လူစွမ်းကောင်းကြီးဟု အထင်ရှိနေသော ငချစ်ညိုအား သံကျယ်စင်ပေါ်တွင် ဟိုပြေးသည်လွှား ကယ်ပါ၊ ယူပါ တစာစာဟစ်အော်ငိုကြွေးစေခြင်းဖြင့် အရှက်တကွဲအကျိုးနဲဖြစ်စေအံ့ဟု သူမျော်လင့်ထားသည်။ ယခုမူ အရှက်ခွဲရန်ကြံစည်သူ၊ သူ ကိုယ်တိုင် အရှက်ကွဲရပြီ။ ငချစ်ညို၏ ဒုက္ခကို ဟားတိုက်ရယ်မောလှောင်ပြောင်မည်ဟု သူကြံရွယ် ထားသော်လည်း ငချစ်ညို၏ ဟားတိုက်ရယ်မောစိန်ခေါ်မှုကိုသာ သူခံလိုက်ရသည်။ ငချစ်ညိုသည် သူ့ရှေ့မှောက်တွင် ဒူးလည်းမထောက်ခဲ့၊ ဦးလည်းမညွတ်ခဲ့။ တောင်းပန်စကားဆိုရန်ကားဝေးစွ။ သူ့မျက်နှာကိုပင် တံတွေးနှင့်ထွေးခဲ့သေးသည်။ သံကျပ်စင်ပေါ်ရောက်တော့လည်း ခြောက်ခြားဖွယ် စကားများဖြင့် သူအား တိုက်ခိုက်ပြန်သည်။ မင်းခွေးချေးသည် ငချစ်ညိုထံမှ ပြင်းထန်သော စကားလုံးများ၊ စိန်ခေါ်မှုများ ထပ်မံထွက်ပေါ်လာမည်ကို အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ကာ...
“ထင်းတွေ၊ မီးကျီးပြာပူတွေ များများထည့်ပြီး၊ ခွေးမျိုးသူဖုန်းစား ငချစ်ညိုကို မြန်မြန် မီးကျမ်းအောင် လုပ်လိုက်ကြစမ်းဟေ့” ဟု အရူးတယောက်လို ဒေါသတကြီး အော်ဟစ်အမိန့်ပေး လိုက်လေသည်။
အာဏာသားတို့သည် အမိန့်အတိုင်း ထင်းများ ပြာပူ၊ မီးကျီးမီးခဲများကို ငချစ်ညိုကိုယ်ပေါ် သို့ အထပ်ထပ် ပစ်တင်ပို့လိုက်ကြသဖြင့် ငချစ်ညိုလည်း မီးကျီးမီးလျံရဲရဲအောက်တွင် ပျောက်ကွယ် သွားရလေတော့သည်။
စောစောက အနောက်တောင်ဆီတွင်ညို့နေသော မိုးသားတိမ်တိုက်တို့သည် လူသတ်ကွင်း ကြီးပေါ်သို့ ရောက်လာကာ သဲကြီးမဲကြီးထစ်ချုန်းရွာချလာလေ၏။ လူသူပရိသတ်အပေါင်းလည်း မိုးရေတို့ဖြင့် ရွှဲရွှဲစို နစ်ကုန် သည်။ သူတို့မျက်လုံးအိမ်များဆီမှ အဆက်မပြတ်စီးကျလာသော မျက်ရည်များသည်လည်း မိုးရေများဖြင့် ရောနှော သွားကြလေသည်။
“ငချစ်ညိုဟာ ငါတို့ရဲ့သူရဲကောင်းပဲ” ထိုနှုတ်မြွတ်စကားကို ရေရွတ်မြည်တမ်းရင်း လူသတ် ကွင်းအတွင်းမှ တရွေ့ရွေ့ထွက်ခွာလာကြသော လူထုပရိသတ်အပေါင်းသည် ငချစ်ညို၏၀ိဉာဉ်ကို သူတို့၏နှလုံးအိမ်တွင်း ကြင်နာစွာ ထွေးပွေ့ သယ်ဆောင်လာခဲ့ကြလေသည်။ ။
မြတ်နိုး
(၀န်ခံချက်) အမျိုးသားဦးလှဒင် ဘာသာပြန်သော မောရစ်ကောလစ်ရေး She was a Queen ထဲမှ ဇာတ်ကွက် တခုကို မှီငြမ်းရေးဖွဲ့ပါသည်။ Labels: အက်ဆေး/၀တ္ထုတို |
posted by thitsarforce @ 8:30 AM  |
|
|
ည၏ မီးပွင့်များ |
|
အေးမြနှင်းရည်
(၁)
သေမင်း၏တံခါးဝသို့ ဆိုက်ရောက်လာခဲ့သကဲ့သို့ စိတ်လှုပ်ရှား ခံစားကြရသည်။ စိတ်မ သက်သာမှု၊ ဒေါသနှင့် ခံပြင်းမှုတို့က လူတိုင်း၏ရင်ကို လောင်မြိုက်ခဲ့လေသည်။ သေမင်းတံခါး ပေါက်ဖြစ်နေသည့် ခြံစည်းရိုးအ၀င်ဝသို့ ရောက်လာသည်နှင့် အချို့လယ်သမားတို့မှာ တက် ခေါက်လိုက်ကြသည်။
“ငါတို့အပေါ် ထားတဲ့ သဘောထားက ဒါပဲလားကွ”
တက်ခေါက်အံကြိတ်လိုက်ကြသည်။ ငါတို့ဟာ တရားခံတွေမဟုတ်ဘူး။ တရားခံကို ဖေါ်ထုတ်ရမယ် ... ဟူ၍ တချို့လယ်သမားတွေက ဟစ်ကြွေးစိန်ခေါ်လိုက်ကြသည်။ တံခါးဝ အစောင့်ပုလိပ်တွေရှေ့မှာပဲ ဘာကိုမှဂရုမစိုက်တော့ပဲ စိန်ခေါ်လိုက်ကြသည်။ မျက်လုံးတွေ ပြာ သွားပြီ။ ဒေါသသွေးက ဆူပွက်လျံထလာခဲ့သည်။
သံဆူးကြိုးတွေကာရံပိတ်ဆီးထားသည့် ဘောလုံးကွင်းကို ခေတ္တစစ်ဆေးရေးစခန်းအ ဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ ဤဂျိုးဖြူရွာဘောလုံးကွင်းက အဝေးပြေးကားလမ်းမဘေး တွင် ရှိနေသည့်အတွက် လူမြင်ကွင်းဖြစ်နေသည်။ ခရီးသည်ဘတ်စ်ကားများပေါ်မှ ခရီးသည် များ တဖွဲဖွဲဆင်းလာခဲ့ကာ ထိုဘောလုံးကွင်းအ၀င်ဝသို့ ဆိုက်ရောက်လာခဲ့ကြသည်။ သူတို့၏ ဇနီးများ သမီးများမှာထိုဂိတ် အ၀င်ပေါက်တွင် ငိုယိုကြသည်။
အဘကမူ ပုံမှန်လမ်းလျောက်ဝင်လာခဲ့သကဲ့သို့ သေမင်းတံခါးဝသို့ ၀င်လာခဲ့သည်။ အေးလေ။ ဒီလိုပဲဖြစ်ရတော့မှာပေါ့ဟု စိတ်တွင်ရေရွတ်သည်။ သူ့မှာ ကြိုတင်မှန်းဆထားမှုတွေ ရှိခဲ့ပြီးသား။ အရေးတော်ပုံမှာ ငါတို့တွေကျဆုံးသွားခဲ့တဲ့အတွက် ဒီလိုပဲဖြစ်ရတော့မှာပဲဟု ကြို တင်မှန်းဆထားခဲ့ပြီးသား။ ထို့ကြောင့် ရင့်ကျက်စွာပြုံးရင်း ကျားပါးစပ်ပေါက် သေမင်းတံခါးဝ သို့ ၀င်လာနိုင်ခဲ့ခြင်းဖြစ် သည်။
အဘ၏ မြေးမကလေး သင်းမြက ဟစ်ငိုလိုက်စဉ် တည်ငြိမ်သော အဘခြေလှမ်းမှာ တ ချက်တုန့်ဆိုင်းသွားသည်။
“မြေးမလေးရေ သင်းမြရေ အဘအတွက်မငိုပါနဲ့ကွယ် ... ဒီအချိန်ကာလမှာပဲ ဖြစ်လာရပဲကွဲ့” ဟူ၍ စိတ်ဖြင့် တီးတိုးပြောမိသည်။ မြေးမလေးက ဘယ်လာကြားနိုင်ပါ့မည်နည်း။
“အဘရေ ... အဘ သမီးတို့ရွာမပြန်သေးဘူး ... အပြင်ဘက်မှာ သမီးတို့မြေးအဖွား စောင့်နေမယ်နော် ... သမီးတို့ ဒီမှာရှိ နေမယ်နော် အဘ”
သင်းမြအသံက ဆို့နင့်နေသည်။ အဘရင်တွင် နင့်သွားသည်။ လယ်သမားတဦးချင်းအ စစ်ဆေးခံနေရသော နေရာသို့အဘက ဦးတည်ပြီးသွားသည်။ သူ့အလှည့်ရောက်လာမည့် အ ချိန်ကို စောင့်နေရမှာဖြစ်သဖြင့် မြေပေါ်တွင်ထိုင်ချလိုက်သည်။ မြက်ရိုင်းအညွန့် ထွက်စမြေ ကွက်။ နယုန်မိုးပြေးမြက်သားမွေးခဲ့ပြီ။ မြက်ခင်းစိမ်းနုစ မြေကွက်ပေါ်တွင်ထိုင်ချလိုက်သည်နှင့် အဘ၏ မိတ်ဆွေ လယ်သမားတချို့ အဘထဲသို့ အလျိုလျိုရောက်လာကြသည်။
“အဘရယ် ... ဖြစ်မှဖြစ်ရလေ ... အဘလဲ ဒီဘေးဒုက္ခက မလွတ်သေးပါလားဗျာ”
“ ... ... ... ... ”
“အဘကိုတွေ့ရတော့ ကျနော်တို့အားရှိတယ်ဗျာ စုစုစည်းစည်းနဲ့ဘာတွေပြောကြမယ် ... တောင်းဆိုကြမယ်ဆိုတာ အဘနဲ့ တိုင်ပင်လို့ရတာပေါ့”
တချို့က အားတက်။ တချို့ကအဘထံသို့ မျက်နှာငယ်ငယ်နှင့်ရောက်လာခဲ့ကြသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ လမ်းပျောက်နေသည်။ ဘာလုပ်လို့ဘာကိုက်ရမှန်းမသိ။ လမ်း ပျောက်နေသည်။ တကယ်က မိန်းမရွှေနားကပ်ရှိပါက ရွှေနားကပ်ကိုချွတ်ပေါင်၊ အိမ်ရှိသူက အိမ်ရောင်းပြီး တာဝန်ကျေစပါးကိုဆပ်ကြရသည်။ ဘာမှရောင်းချစရာမရှိ၊ လက်မဲ့အရင်းမဲ့ သောအခါ ဖမ်းချင်လည်း ဖမ်းကြဟေ့ဟုဆိုကာ လယ်သမားများဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ အဘထံပါးသို့ရောက်လာသော ဦးဘိုးစောက သူခံစားရသည့် အတိုင်း ရင်ဖွင့်သော အခါ ဆန်းစစ်မှုတွေပါလာသည်။
“ပူပူနွေးနွေးပဲရှိပါသေးတယ် ... အာဏာသိမ်းပြီးခဲ့တာ ရှစ်လပဲရှိပါသေးတယ် ... ငါတို့ မင်းတို့တောင်းဆိုခဲ့တဲ့အထဲမှာ လယ်ခွန်တွေကိုငွေနဲ့ပဲပေးမယ် စပါးကတင်းနှုန်းကို ပယ်ဖျက် ပေးဖို့ငါတို့တောင်းခဲ့ကြတာပဲ ... ငွေနဲ့ပေးရတုန်းက လယ်တဧကကသုံးကျပ် စပါးနဲ့ပေးရတော့ လယ်တဧကကိုစပါးတတင်းပေးရတယ် စပါးတတင်းကိုးကျပ်နှုန်းနဲ့ပဲထား ကိုးကျပ်ပေးရတယ် ...ဒီလယ်ခွန်ပေးရတာတောင် အနဲဆုံးအဆင့်မှာ ပြင်မပေးနိုင်တော့ဘူးဆိုရင် အထွက်တိုးစပါး၊ တာဝန်ကျေစပါး ပေးရမှာကိုဘယ်လာပယ်ဖျက်ပေးပါ့မလဲကွာ ... အခုအာဏာသိမ်းတဲ့ကောင် တွေက သူတို့ဆရာကြီးနေ၀င်းလုပ်ခဲ့တဲ့အတိုင်း လယ်သမားတွေရဲ့စပါးကို သေနတ်နဲ့ဓါးပြ တိုက်ယူမှာပဲ အရေးတော်ပုံကြီးထဲမှာ လယ်သမားတွေပါဝင်တော်လှန်ခဲ့တဲ့အတွက် လယ်သ မားတွေကိုပိုပြီးဖိရမယ် ... နှိပ်ရမယ် ... ချရမယ်ဆိုပြီး ... ငါတို့ကိုအညှိုးနဲ့ချနေတာလို့ငါတော့ သိနေပြီကွ ...”
အဘအသိမိတ်ဆွေဦးဖိုးစောက တရွာထဲသားတော့မဟုတ်။ ဗမာဒိုက်အင်းရွာကဖြစ် သည်။ ကရင်ဒိုက်အင်းရွာသားစောဖိုးနီက ဦးဖိုးစောပြောသည်ကိုသဘောကျသွားပြီး ကရင်သံ ၀ဲဝဲဖြင့်
“ ဟုတ်တယ်ဗျာ မှန်လိုက်လေ” ဟု ထောက်ခံသည်။ အဘဦးစိန်က စေ့စေ့ကြည့်ကာ ပြုံးရင်း ထိုသို့ထောက်ခံတက်ကြွ နေခြင်းဖြစ်သည်။ အဘဦးစိန်က သူတို့နယ်တွင်လူသိများသည်။ ဂျပန်တော်လှန်ရေးတွင် ကွန်မြူနစ်ပါတီမြေအောက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ။ လယ်သမား ပြောက်ကျားစစ် ခေါင်းဆောင်။ နောင်သောအခါ ပြည်သူ့ရဲဘော်ဖြစ်လာသည်။ ကရင်အမျိုးသား ကြီး စောဖိုးနီက အဘဦးစန်နှင့် အတူ ကွန်မြူနစ်မြေ အောက်လှုပ်ရှားမှုတွင်ပါဝင်ခဲ့သူ။ ဂျပန် ဖက်ဆစ်ကို အတူတကွတော်လှန် မောင်းထုတ်ခဲ့သူ။
“ပြောဗျာကိုစိန် ... ခင်ဗျားသဘောထားတွေ ဘယ်လိုရှိလဲ နားထောင်ချင်တယ် အသက် ကြီးကာမှ ထောင်ကျရင်လဲကျပေါ့ ဒါပေမဲ့ ငါတို့တစ်ခုခုလုပ်ရလိမ့်မယ်”
အနိုင်ကျင့်ခံထားရသည့် မွှဲတေမဲမှောင်သောလူ့ဘ၀ကို သူတို့မလိုချင်တော့။ ထိုဘ၀မှ သူတို့ရုန်းထွက် လွတ်မြောက်လိုကြပြီ။
“ဘန့်ပွေးကုန်းရွာက ဦးစိန်ရောက်ပြီလား ဒီမှာရှိလား ... ဦးစိန်ရှိလား ဦးစိန်အလှည့် ရောက်နေပြီ ... ရုံးခန်းထဲဝင်ပါ”
မြို့နယ်စစ်ဆေးရေးအဖွဲ့၏ အစောင့်ပုလိပ်က အဘကိုလှမ်းခေါ်သည်။ ရုံးခန်းသို့အဘ ၀င်ခဲ့ရလေသည်။ ပြောလက်စ စကားကိုဖြတ်ကာ အဘထွက်လာခဲ့စဉ် အဘဘေးတွင် လယ် သမားလူငယ်နှစ်ယောက်ကပါလာခဲ့သည်။ အဘကိုတွဲခေါ်လာခဲ့ကြခြင်းဖြစ်သည်။ ခြံစည်းရိုး အပြင်ဘက်ဆီမှ မြေးမကလေးသင်းမြ၏ ရဲတင်းအားပေးအသံက အဘထံရောက်လာသည်။ သမီးတို့အားလုံးရှိနေတယ် ဘာမှ အားမငယ်နဲ့ အဘရေ ... ဆိုသော အားတင်းသံက ပဲ့တင် ထပ်သွားသည်။
ရုံးခန်းရောက်လာစဉ် ငြိမ်ပိအဖွဲ့က အဘကိုစိုက်ကြည့်သည်။ အဘိုးအိုကိုတရားခံအဖြစ် သတ်မှတ်ထားခဲ့ပြီးဖြစ်သည့်အတွက် တရားခံအဖြစ်စစ်ဆေးသည်။ လယ်သမားဆိုတာ အမိန့် နာခံ တတ်သူ။ ကြောက်တတ်သူ။ ကြောက်တတ်ရင် ၀န်ကင်းသူဆိုပြီး ခံယူထားတတ်သူတွေ။ ဘယ် အုပ်ချုပ်သူကိုမဆို ဘုရင်အဖြစ်တင်မြှောက်ထားတတ်သူတွေ။ အုပ်စိုးသူ ရေမြေ့ရှင်က အမိန့်ပေး ရင် ဦးဆွေဆံမြေ့ တာဝန်ထမ်းရွက်သူတွေ။ ကျွန်တွေ။ ဤသို့လယ်သမားကို လူ့နလဘိန်းတုံး များအဖြစ် အမြဲတမ်းသဘောထားခဲ့ကြသည်။ စစ်အုပ်ချုပ်ရေး မြို့နယ်ငြိမ်ပိ အဖွဲ့က အဘဦးစိန်ကို ထိုကဲ့သို့သဘောထားကြောင့် သူတို့အကြည့်၊ သူတို့အပြောများတွင် တွေ့ရှိနေခဲ့လေသည်။
“ဘာ့ကြောင့် တာဝန်ကျေစပါးမဆပ်တာလဲ ... နိုင်ငံတော်အစိုးရကို အကဲစမ်းတာလား ... စိန်ခေါ်တာလား ... လမ်းမတွေ ပေါ်မှာထွက်လာပြီး မင်းမဲ့စရိုက်တွေနဲ့ ပုန်ကန်ကြတာ မအောင်မြင်လို့ အစိုးရချမှတ်ထားတဲ့အမိန့်ကို ဆက်ပြီးဆန့်ကျင်တာလား ... ဟုတ်လား ဦးစိန်”
“ဆန့်ကျင်တာမဆန့်ကျင်တာက တပိုင်းဖြစ်လိမ့်မယ် ... တကယ်ပြောရမဲ့အပိုင်းက ခင် ဗျားတို့ ပိုင်ဆိုင်ထားတဲ့ လယ်ယာမြေပေါ်မှာ ဒီကနေ့ခေတ်လယ်လုပ်နေကြတဲ့ သီးစားလယ်သမား တွေဟာ နယ်ချဲ့အင်္ဂလိပ်ခေတ်က မြေပိုင်ရှင်ချစ်တီးကုလားတွေ လက်ထက်ကသီးစား လယ် သမားတွေ ကြွေးထူလို့ကြွေးမဆပ်နိုင်တဲ့ပြဿနာမျိုး၊ အဲဒီပြဿနာကိုဒီခေတ်မှာထပ်တွေ့ နေရ တယ်။ ဒီတော့တာဝန်ကျေစပါး အထွက်တိုးစပါး ဘာစပါးညာစပါးတာဝန်မကျေရင် ဘယ် ပုဒ်မ အရ ဘယ်အပြစ်ကို ကျူးလွန်တာဖြစ်တယ်ဆိုတဲ့အမိန့်ရှိရင် ခင်ဗျားတို့ဥပဒေအတိုင်း ကျနော်တို့ လယ်သမားတွေ ခံဘို့အသင့်ပဲ ... ”
အဘသည်သူ၏ ကုန်းနေသောခါးကို ရုတ်တရက်ဆန့်လိုက်သည်။ ခေါင်းကိုမော့ မေးကို မြှင့်ထားလိုက်သည်။ ရင်ကိုကော့ထားလိုက်သည်။ သူ့ကြားလက်ခ စကားကိုအသက်ပြန်သွင်း လိုက်လေသည်။
“ကျနော်တို့လယ်သမားတွေ မှတ်သားထားတာကခင်ဗျားတို့ အာဏာသိမ်းစစ်ကောင်စီ ကရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုပြီးသေနတ်ကိုင် စစ်ဘောင်းဘီဝတ်ယောကျာ်းပီပီ ကတိပေးခဲ့ တာပဲ။ ရွေးကောက်ပွဲမှာပေါ်လာမဲ့လူထုအစိုးရက လူထုဆန္ဒလူထုဘ၀နဲ့အညီ အခြေခံဥပဒေ တွေရေးဆွဲမယ်။ အဲဒီနောက်မှာ လူထူအစိုးရကတိုင်းပြည် စီမံခန့်ခွဲသွားမယ်။ ဖိနှိပ်မှု အောက်က ကျနော်တို့ဘ၀တွေဟာ သက်သာချောင်ချိ လွတ်လပ်သွားပြီ။ ဒါပဲဖြစ်ရမယ်။ အခုဟာက လူထူ အစိုးရလဲမရှိသေးဘူး။ ပြည်သူ့အာဏာလည်း မရှိသေးဘူးမဟုတ်လား။ ဒီတော့ လယ်ရှင်နဲ့ လယ် သမားတွေကြားမှာ ညှိနှိုင်းရင်ပိုကောင်းပါလိမ့်မယ် ...။ ဘာကြောင့်ကြွေး မဆပ်နိုင်တာလည်း၊ တာဝန်ကျေစပါး မဆပ်နိုင်တာလဲဆိုတာ ကျနော်တို့လယ်သမားတွေမှာ အကြောင်းတွေ ရှိပြီး သားပဲ၊စပါးဆိုလို့အိမ်မှာနို့ဆီဘူးတစ်ဘူးတောင်မရှိဘူး။ ချစ်တီးခေတ်နယ်ချဲ့ ခေတ်ကို ပြန်မသွား စေချင်ဘူး... ကျနော်တို့လယ်သမားတွေဟာ ခေတ်အဆက်ဆက်က မြေရှင် စနစ်ကို ဆန့်ကျင် ခဲ့တာ ... မလိုလားခဲ့တာ ... လယ်သမားတွေအသိဆုံးပဲ”
“ခင်ဗျားတစ်ယောက်ထဲ ကိစ္စကိုပြောတဲ့အခါ လယ်သမားအားလုံးကို ဆွဲမထည့်ပါနဲ့ ... ခင်ဗျားကိစ္စကိုပဲ ခင်ဗျားပြော”
ထိုအခြေအနေတွင် တင်းမာလာလေသည်။ မြို့နယ်စစ်အုပ်ချုပ်ရေးအဖွဲ့ထဲက တာဝန် ရှိသူက သူ့ရှေ့ကစားပွဲခုံကို လက်သီးဖြင့်ထုကာ အဘဦးစိန်ကို ပုန်ကန်ခြားနားသူဖြစ်အောင် ခြောက်ထဲတွန်းချသည်။ အမှန်တရားကို လက်မခံနိုင်သည့်အခါ အမှန်တရားပြောသူကိုရန်သူ၊ ပုန်ကန်သူအဖြစ်သတ်မှတ်ပစ်လိုက်သည်။ စစ်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်က အဘကိုခြိမ်း ခြောက်လေသည်။ မီးဟုန်းဟုန်းတောက်သော ကျားမျက်လုံးဖြင့် စိုက်ကြည့်သည်။ တည်ငြိမ် ရင့်ကျက်သော အပြုံးမျက်နှာဖြင့် အဘကပြုံးလျက်တုန့်ပြန်သည်။
“ဖက်ဆစ်ဂျပန်ခေတ်တုန်းက လယ်သမားတွေရဲ့ စပါးပုတ်ထဲကစပါးကို ဖက်ဆစ်က အဓမ္မယူသွားကြတယ်။ သေနတ်ဘက်နက်အောက်မှာ အဲဒီလိုဓါးမြတိုက်ယူသွားပေမဲ့ ဆန်မရှိ စပါးမရှိတဲ့ လယ်သမားတွေ လယ်ကူလီတွေကို ထောင်ထဲထဲ့ မထားခဲ့တာတော့အမှန်ပဲ ... စစ် ဒဏ်သင့်နေတဲ့ကြားထဲက စပါးစိုက်တဲ့လယ်သမားကို ဖက်ဆစ်ဂျပန်က ကျေးဇူးတောင်တင် မယ်ထင်ပါရဲ့”
“ခင်ဗျားသွားတော့၊ ထွက်သွား ... တာဝန်ကျေစပါးပေးမလား မပေးဘူးလား ဒါပဲသိ ချင်တယ်။ ဒီညမြို့နယ်အချုပ်ခန်းကို ပို့မှာဖြစ်တယ်။ သွားတော့”
အဘသည် ကြက်မွှေးလေးတချောင်းလို ပေါ့ပါးစွာထရပ်လိုက်သည်။ ဘ၀တူလယ် သမားတွေရဲ့ကိုယ်စား ပြောခဲ့ရသည်ကို ကျေးဇူးတင်ပါတယ်ဟုဆိုကာ ပြုံးရယ်မောရင်း အဘ ထွက်လာခဲ့သည်။
ရုံးခန်းထဲမှထွက်လာသော လယ်သမားအဖိုးအိုကို လယ်သမားများနှင့် ခြံစည်းရိုးအ ပြင်မှ လူထုကစောင့်ကြိုငေးမောနေကြသည်။ ဘာတွေပြောခဲ့သလဲ။ သေနတ်ကိုင်အုပ်ချုပ်ရေး ဓားပြ အဖွဲ့က ဘာတွေမေးမြန်း ချည်တုတ်ခဲ့လေမလဲ။
“အဘရေ ရုံးခန်းထဲက ဘာပြောလိုက်သလဲ ... အိမ်ပြန်ရတော့မလား အိမ်ကိုပြန် လွှတ်လိုက်ပြီလား ... ဘာပြောလိုက်သလဲ တဲ့ အဖွားက သိပ်သိချင်နေပြီ ...”
သင်းမြက ဟစ်၍ပြောသည်။ အဘကမြေးအဖွားကိုလှမ်းငေးကြည့်ပြီးနောက် သူတို့ထံ သို့လှမ်းသွားသည်။ ခြံစည်းရိုးအပြင်ဘက်ရှိမြေးအဖွားထံတိုးကပ်သွားသည်။ အဘကရယ်မော ထေ့ငေါ့ကာ ဟာသလုပ်လိုက်သည်။
“တာဝန်ကျေစပါးမပေးနိုင်တဲ့ဆင်းရဲတဲ့ သီးစားလယ်သမားတွေအတွက် မြို့နယ်အချုပ် ခန်းထဲမှာ ညီလာခံတခုကျင်းပပေးမယ်တဲ့ဟေ့ ... အဲဒီညီလာခံက ဘယ်နှစ်ရက် ဘယ်နှစ်လ ကြာမယ်မသိဘူးတဲ့ ...”
အဖွားခြုံနှင့်မြေးမကလေးသင်းမြမှာ ဘာပြောရမှန်းပင်မသိတော့။ နှုတ်ဖျားမှာ “ဟယ်” ဟူ၍ နှုတ်ဆိတ်ငြိမ်သက်သွားကြ သည်။
(၂)
မြို့နယ်စုပေါင်းရုံးစိုက်ရာ အချုပ်ခန်းတွင် အကျဉ်းခံလယ်သမားတွေဖြစ်လာခဲ့ကြသည်။
နံနက်ဆယ်နာရီခွဲဆိုလျင် ထမင်းချိုင့်နှင့်ထမင်းထုတ်များရောက်လာကြသည်။ အချုပ်ခန်းထဲ ရောက်နေခဲ့ကြသည့် လယ်သမားတွေကို အိမ်မှထမင်းထုတ်လာပို့ကြခြင်းဖြစ်သည်။ လှည်းကြုံ နှင့်တမျိုး၊ ခြေလျင်တသွယ်၊ ကားနှင့်ရထားနှင့်တဖုံလာပို့ကြရသည်။
တိုင်းပြည်အတွက် ဆန်စပါးရိက္ခာသီးနှံထုတ်လုပ်ပေးသည့် ကျေးဇူးရှင်လယ်သမားကို ထမင်းတနပ်ပြန်ကျွေးဖို့ပင် စိတ်ကူးမရှိတော့။ အဖွားခြုံနှင့်သင်းမြတို့မှာ အခြားလယ်သမား မိသားစုများနည်းတူ မနက်ဆယ်နာရီခွဲပြီဆိုလျင် အချုပ်ခန်းသို့ရောက်လာခဲ့ကြ သည်။
အချုပ်ခန်းမဆံ့သဖြင့် လယ်သမားအကျဉ်းသားများမှာ အချုပ်ခန်းအပြင်ဘက်ကုက္ကိုပင် စိမ်းညို့ညို့အောက် မြေပြင်ပေါ်တွင် ဖြစ်သလိုနေကြရသည်။ ထမင်းထုတ်များကိုဖြေပြီး ဒီ မြေပြင်ပေါ်မှာပဲစားကြ၊ အိပ်ကြရသည်။ ထမင်းထုတ်ပို့မည့်သူကို နံနက်စာစားချိန်ရောက်သည် နှင့် မျှော်ကြရသည်။ ထောင်ဝင်စာထမင်းထုတ်၊ ထမင်းဟင်းမှာလည်း အိမ်ကထမင်းဟင်းအ တိုင်းပင်ဖြစ်သည်။ ပို၍ထူးခြား ကောင်းမွန်သည်မဟုတ်ပေ။ အင်ဖက်သို့မဟုတ် ငှက်ပြောဖက် ထမင်းထုတ်ကို ဖြေလိုက်သည့်အခါတွင် ထမင်းနှင့်ငပိထောင်း၊ ထမင်းနှင့် ငပိချက်။ အ ကောင်းဆုံးအစားအစာအဖြစ် ဘဲဥကြော်ကိုတွေ့ရတတ်သည်။
တောထဲသို့ဝါးခုတ်၊ ထင်းခုတ်သွားသည့်အခါ မြေကြီးပေါ်တွင် အိပ်ရစားရသည်။ လယ် ထွန် ထယ်ထိုးတော့လည်း လယ်ကွက်ကန်သင်းပေါ်တွင် အဆာခံစားရ၊ ရေနွေးကြမ်း ၀ိုင်းဖွဲ့ သောက်ရ။ မြေနှင့်မကင်းတော့။ မြေပေါ်မှာမွေး မြေနှင့်တသားတည်းတလွှာတည်း။ မြေပေါ်မှာ မြေသခင်နှင့်ဖက်ပွေ့ရသည်မှာ ပျော်မွေ့စရာ။ မြေပေါ်မှာစား၊ မြေပေါ်မှာအိပ်။ ဘာမှမဆန်းပြားခဲ့။ သို့သော် ... သီးစားခမပေး နိုင်သည့်သီးစားလယ်သမားတို့ အကျဉ်းတိုက်ထဲကျရောက်ခဲ့စဉ် မြေပေါ်မှာအိပ်၊ မြေပေါ်မှာစားရသောအခါ မြေ၏သားများနှင့်အတူ မြေသခင်သည် နာကျည်း နာကျင်ရလေသည်။
နောက်ထပ်ဘယ်နှစ်ည ဘယ်နှစ်ရက်မျသည်အချုပ်ခန်းနှင့်မြေပေါ်တွင် လယ်သမား အကျဉ်းသားတို့နေကြရဦးမည်နည်း။
“အဘရဲ့ဒါဟာဘ၀တက္ကသိုလ်တခုပဲဗျို့ ... ဒီတက္ကသိုလ်မှာ ကျုပ်တို့ထောင်နေသမျ အတွေ့အကြုံတွေ အများကြီး ရလိုက်မှာပဲ”
လယ်သမားလူငယ်တဦးဖြစ်သည့် သရက်တောရွာသားဖိုးအောင်က အဘဦးစိန်ကို လှမ်းပြီးအားညှိလိုက်သည်။ ဖိုးအောင်ကို အဘတုန့်ပြန်ပုံမှာ လယ်သမားတွေကို အရွဲ့တိုက်သံ ပါနေခဲ့သည်။
“ဆင်းရဲသားလယ်သမားတွေ စုရုံးကြပါရင်ဖွင့်ညီလာခံလုပ်ကြပါ ... ရှေ့ရေးအတွက် ဘာလုပ်ကြမလဲဆိုတာ တိုင်ပင်ကြပါဆိုရင် စုစည်းဖြစ်ချင်မှစုစည်းဖြစ်မယ် ... ခေါင်းထိလို့ အသဲ မခံနိုင်တော့မှ ငါတို့လယ်သမားအတော်များများဟာ စုစည်းဖြစ်ကြတယ် ... အခုကွာ မြို့နယ်ရဲ့ အနောက်ဘက်ခြမ်းတခုလုံးက လယ်သမားတွေကိုယ်စားလှယ်ငါးဆယ်ကျော်လာပြီး စုစည်းမိကြ တယ် ... အဲဒါ အမြတ်ပဲကွ ဖိုးအောင်ရဲ့ ... အာဏာရှင်ကိုတောင် အရွဲ့တိုက်ပြီး ကျေးဇူးတင်ရ တော့ မလိုပဲကွ ...”
ကရင်ဒိုက်အင်းနှင့် ဗမာဒိုက်အင်းရွာက လယ်သမားတချို့က အဘပြောသည်ကိုပြုံး လိုက်မိကြသော်လည်း ဘ၀င်မချိခဲ့။ တချို့လယ်သမားတွေက တာဝန်ကျေစပါးမဆပ်နိုင်၍ နေ ပူအလှမ်းခံခဲ့ရကြရသည်။ ဘယ်လိုမှစပါးကိုညှစ်ထုတ်ယူလို့မရတော့မှ လယ်သမားကိုအချုပ် ခန်းထဲ၊ ထောင်အကျဉ်းတိုက်ထဲ ပို့လိုက်ခြင်းဖြစ်သည်။ မြို့နယ်စစ်အုပ်ချုပ်ရေးအဖွဲ့က အစည်း အဝေးတက်ဖို့ အသံချဲ့စက်နှင့် အော်ဟစ်အကြောင်းကြားသော်လည်း အခြားကျေးရွာမှ လယ် သမားတွေမှာ မကြားလိုက်ကြ။ ပျက်ကွက်ခဲ့ကြသည့် လယ်သမားကို စစ်တပ်နှင့်စစ်အုပ်ချုပ် ရေးက ဂျီသရီးပြောင်းဝကိုငုံခိုင်းသည်။ တချို့လယ်သမားများစစ်ဖိနပ်ဖြင့်ဆောင့် အကန်ခံရသည်။ လယ်သမားကကြွေး၍ လယ်သမားဝယ်ပေးသော သေနတ်ဒင်နဲ့ လယ်သမားများ အထုခံရလေ သည်။ တချို့လယ်သမားများ မျက်နှာကိုလက်သီးဖြင့်အထိုးခံရသဖြင့် အာလူးကဲ့သို့ ဖူးရောင် ညိုမဲကုန်သည်။ တချို့လယ်သမားကို အစည်းအဝေးပျက်ကွက်သည်ဟုဆိုကာ ငွေဒဏ်ဆောင် ခိုင်းသည်။ စစ်တပ်သည်ဘုရင်ပဲ။ သေနတ်နှင့်စစ်တပ်သည် စစ်တရားရုံးပဲ။ စိတ်တိုင်းကျတရားမဲ့ အနိုင်ကျင့်ခွင့်ရထား လေသည်။
အိမ်ကမိသားစုလာပို့သည့် ထမင်းထုတ်ကို ဆာလောင်မွတ်သိတ်မျော်စောင့်ရင်း မြေ ပြင်အခင်းပေါ်တွင် ၀ိုင်းဖွဲ့ညီလာခံကြခြင်းဖြစ်သည်။ အတွင်းအချုပ်ခန်းထဲမှာလည်း အခြားရာ ဇ၀တ် အကျဉ်းသားများနှင့်အတူ လယ်သမားအကျဉ်းသားတွေ အပြည့်အသိတ်။ အချုပ်ခန်း ထဲမှ လယ်သမားတွေအားလုံးမှာ သည်ညီလာခံသို့တက်ရောက်ခွင့်မရကြ။
“အာဏာသိမ်းပြီး ရှစ်လအကြာမှာ လယ်သမားတွေကို ပွဲဦးထွက်ဦးချိုးနာမ်နှိမ်တာပဲ ဦး ဖိုးစောရဲ့ ... ပဲခူးအရှေ့ခြမ်းတို့ ဧရာ ၀တီတိုင်းတို့က လယ်သမားတွေလဲ ကျုပ်တို့လိုပါပဲဗျာ ... အဲဒီက လယ်ာသမားတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လူ့ဘောင်သစ်ပါတီကိုအကူအညီ သွားတောင်းကြသတဲ့ အခုလိုဖိနှိပ်ရမ်းကားမှုတွေကို ကာကွယ်ပေးဖို့ လယ်သမားတွေ ကိုယ် တိုင်သတင်းပို့ကြ တိုင်ကြတောကြသတဲ့ ... အဲဒီပါတီတွေကလဲ စစ်ခေါင်းဆောင်စောမောင် တို့ကို ထုတ်ပြန်ချက်တွေနဲ့တားဆီးတယ်ဗျ ... ထုတ်ပြန်ချက်တွေ ထုတ်ပြန်လို့ဆိုပြီး မြို့နယ် စစ်အုပ်ချုပ်ရေးရုံးတွေက လူ့ဘောင်သစ်ပါတီဝင်အချို့ကို ထောင်ထဲထဲ့ထားတဲ့အထိ စစ် ကောင်စီအာဏာရှင် တွေက လက်သံပြောင်နေကြပြီ ကိုယ့်လူတို့”
အဘစိန်က သူ့မိတ်ဆွေချစ်ရဲဘော်ကရင်အမျိုးသားကြီး စောဖိုးနီကိုပြုံးကြည့်ရင်းအသိ ပေးလေသည်။ စောဖိုးနီမှာ အံ့သြသွားဟန်ဖြင့် တံတွေးတချက်ထွေးထုတ်လိုက်သည်။ ဆေး ရွက်ကြီးကိုအံသွားဖြင့် တချက်ဖိကိုက်ရင်း ခေါင်းကိုတွင်တွင်ခါလိုက်သည်။
အဘတို့မြို့နယ်မြောက်ပိုင်းက လယ်သမားများသာမက အခြားမြို့နယ်အရှေ့ခြမ်း၊ အ နောက်ခြမ်းက လယ်သမားများပါ အချုပ်ခန်းထဲမှာလာရောက်ဆုံစည်းကြသည်။ နံနက်ခင်း ကုက္ကိုပင်ရိပ် လယ်သမားညီလာခံက အရှိန်ရစ။ လယ်သမားတွေကို ဖမ်းဆီးထောင်ထဲထည့်ထား သည့် သတင်းက တောမီးပမာပျံ့နှံ့ခဲ့ပြီဖြစ်သဖြင့် စာနာခံစားသည့်လူထုများမှာ တဖွဲဖွဲရောက် လာခဲ့ကြသည်။ ဘာကူညီရမလဲ၊ ရေတို့ရိက္ခာတို့လုံလောက်ရဲ့လား။ စသည့်ပူပန်မှုဖြင့်ထောက် ပံ့ကူညီလိုသည့် လူထုတွေလည်းတဖြည်းဖြည်းများပြားလာ။ သံဆူးကြိုးစည်းရိုးသို့ ချဉ်းကပ် လာခဲ့ကြသည်။
မြို့နယ်ထောင်အချုပ်ခန်းနှင့် လူနေရပ်ကွက်က တသီးတခြားစီမဟုတ်။ ထောင်နံရံနှင့် သံဆူးကြိုးပတ်ပတ်လည်မှာက လူနေရပ်ကွက်နှင့် လူထုတွေ။ မြို့ကလေးနှင့် ကူးလူးဆက် သွယ်ထားသည့် မြေဖို့လမ်းမနှင့် အချုပ်ခန်းကလည်းကပ်လျက်သား။
“အဘရေ ... အဘ ... သမီးတို့ရောက်လာကြပြီ အဖွားလဲပါတယ် ... အဘကိုပြော ပြပေးပါ ... အဘဦးစိန်ကိုပြောပြပေးကြပါ ... သမီးပြောတာကို အဘမကြားရင် ဘေးနားက ဦးကြီးတို့ကတဆင့် ပြောပြပေးပါရှင့် ...”
မြေးမလေးသင်းမြက အသံကုန်ဟစ်အော်ပြောသည်။ အဘက မတ်တတ်ရပ်ကာ နောက်ကျော ဘက်က အသံလာရာသို့ လှည့်ကြည့်သည်။ လက်ပြနှုတ်ဆက်သည်။ ထို့နောက် ခြံစည်းရိုး တွင်ရပ်နေသော မြေးအဖွားရှိရာသို့ တလှမ်းခြင်းလှမ်းသွားသည်။ လမ်းတ၀က်တွင် အကျဉ်း ထောင်အစောင့်ပုလိပ်က အဘကိုလှမ်းပြီး အမိန့်ပေးတားမြစ်သည်။
“တားလို့ မရရင် ပစ်ရလိမ့်မယ် ... ရှေ့မတိုးပါနဲ့”
ပုလိပ်၏အမိန့်ကို ကြားရသည့်နောက်တွင် လယ်သမားအတော်များများသည် အဘစိန် ၏ နောက်မှတလှမ်းခြင်းလှမ်းကာ လိုက်လာခဲ့ကြသည်။ အဘက မြေးအဖွားထံဆက်လျောက် ရင်း ရောက်လာခဲ့သည်။ ခြေတလှမ်းမဆုတ်ခဲ့။
“အဖိုးကြီးကျုပ်ဟောဒီခြံစည်းရိုးမှာ အစာငတ်ခံပြီးနေသွားမယ် ... အဖိုးကြီးမလွှတ် မခြင်း ... လယ်သမားတွေကို မလွှတ်မခြင်း ကျုပ်ဟောဒီမှာနေသွားမယ် ... အိမ်မပြန်ဘူး ... သေရင်သေပေ့စေ ...”
အဖွားက ဒေါသအက်ကွဲဖြင့် သူ့အဖိုးကြီးအဘဦးစိန်ကို လှမ်းပြောသည်။ အဖွားလက် မောင်းကိုဖက်ကိုင်ထားသည့် သင်းမြလက်ချောင်းတွေမှာလည်းလှုပ်ခါလာလေသည်။ လယ်သ မားမိသားစုနှင့် လူထုပရိတ်သတ်မှာ အချုပ်အနှောင်ခံသံဆူးကြိုးဝံ့ရဲ တိုးကပ်လာခဲ့ကြသည်။ တခုခုဖြစ်လာလေမလား တခုခုဖြစ်လာတော့မည့် အရိပ်အရောင်အတိတ်နမိတ်များလေလား။ မြေး အဖွားကို တဖြည်းဖြည်းဝိုင်းအုံထားကြ။ မေးကြ မြန်းကြ၊ အားပေးကြ။ အဖွားပြောကို ဂရုတစိုက် နားထောင်ကြ။ အဘဘာများပြောမလဲ ဆိုင်းငံနားစွင့်နေခဲ့ ကြသည်။
“အမေကြီးရယ် ရွာကိုပြန်ပါကွာ ... ကျန်းမာရေးကိုဂရုစိုက်စေ့ချင်တယ် ... ငါတို့အ သက်ရှင်နေရအုံးမှာ ... သေလို့မဖြစ်သေးဘူး ...ဒီမှာက လုပ်စရာတွေရှိသေးတယ် ...မြေးတွေ သားတွေ သမီးတွေကို ပြုစုစောင့်ရှောက်ရအုံးမှာမဟုတ်လား ... အိမ်မှာအမေကြီးမရှိ လို့မဖြစ်ဘူး ... မလစ်ဟာစေ့ချင်ဘူး ... အိမ်ကိုပဲပြန်ပါ”
စကားဆုံးအောင်ပင် မပြောလိုက်ရ။ ပြောခွင့်မရလိုက်တော့။ ပုလိပ်တွေက အဘကို ဆွဲခေါ်လာခဲ့သည်။
“အဲဒီအဘ တခုခုဖြစ်သွားတယ်ဆိုရင်ောတ့ မင်းတို့ပုလိပ်ကော ပုလိပ်ရုံးခန်းပါ ပြာဖြစ် ပြီသာမှတ်ပေတော့။ လယ်သမားကျောပေါ် စစ်ဖိနပ်နဲ့တချက်ကန်တိုင်း မင်းတို့အာဏာရှင်တွေ မသာတွင်းထဲခြေတလှမ်းကျွံဝင်သွားပြီသာမှတ်ပေတော့”
“ဟုတ်တယ် ... ဟုတ်တယ်”
“အဖိုးကြီး ... ကျုပ်ဒီကနေ တဖ၀ါးမှမခွာဘူး ... အဖိုးကြီးနဲ့အတူ ကျုပ်ရှိနေမယ် ... လယ်သမားတွေနဲ့အတူရှိနေမယ် ... ဟောဒီခြံစည်းရိုးမှာ ရှိနေမယ် ... ”
အဖွားက ကြိတ်၍ရှိုက်ကာငိုသည်။ အဘက အသက်ခြောက်ဆယ့်ငါးနှစ်။ ပုလိပ်တွေ လက်ထဲမှာ အဘကတနဲ့နဲ့ပါသွားသည်ကို အဖွားကကြည့်ကာသနား ကြေကွဲစွာငိုချခြင်းဖြစ်သည်။ ကျုပ်အဖိုးကြီးမှာ ဘာမှအပြစ်မရှိပါဘူးတော်။ ရွှေမရှိငွေမရှိဆင်းရဲမွဲတေလို့တာဝန်ကျေ စပါး မပေးသွင်းနိုင်လို့ပါတော်။ အသက်ကြီးကာမှ ဒုတိယအကြိမ်ထောင်ထဲ ထပ်ရောက်ရတယ် တော့်။ အဖိုးကြီးရယ် သနားလိုက်ပါဘိကွယ်။ နေ၀င်းစစ်ခွေးဖက်ဆစ်လက်ထက်မှာလဲခံရ။ ထောင်ထဲ ရောက်ခဲ့။ ကျုပ်အဖိုးကြီးကိုချက်ခြင်းလွှတ်ပေးပါ။ လယ်သမားတွေကို လွှတ်ပေးပါဆိုပြီး အဖွားက တလုံးချင်းရေရွတ်ပြောခဲ့သည်။
“အဘကိုချက်ခြင်းလွှတ်ပါ၊ လွှတ်ပေးရမယ် ... အဘမှာသွေးတိုးရောဂါရှိတယ် ... နှလုံး ရောဂါလဲရှိတယ် ... အဘသေသွားရင် ကျမတို့ဘ၀တွေ ထပ်ပြီးပျက်ဆီးသွားတော့မယ် ... အဘကိုလွှတ်ပေးကြပါ”
အပျိုပေါက်မသင်းမြကအဖွားကိုဖက်ပွေ့ထားလျက်ကငိုကြွေးအော်ဟစ်သည်။ တောင်း ဆိုသည်။ သင်းမြမျက်နှာပေါ်တွင် သွေးရောင်တွေချက်ခြင်းလွှမ်းသွားသည်။ မြေးအဖွား၏ ငို ကြွေးရှိုက်ငိုသံတွေက ပရိတ်သတ်လူထုရင်ကို ဆို့နင့်စေခဲ့သည်။ လှုပ်နှိုးလေသည်။ ပင်လယ် လှိုင်းကဲ့သို့ ကြွတက်မြင့်မောက်လာစေခဲ့သည်။
“လယ်သမားတွေကို လွှတ်ပေးပါ ... လယ်သမားအခွင့်အရေးချက်ခြင်းပေး ... စစ် အာဏာရှင်စနစ်ဖျက်သိမ်းပစ်”
တယောက်ကညာသံပေးကာ စလိုက်သည်အခါ လူထုကညာသံဖြင့်ဟစ်ကြွေးလိုက် သည်။ ရုတ်တရက်ပေါက်ကွဲသွားကြခြင်းဖြစ်သည်။ တချိန်တည်းတွင် အဘဦးစိန်ကို ပုလိပ်က ဆွဲလွဲခေါ်လာပြီး အချုပ်ခန်းထဲပြန်ထည့်သည်။ ရောက်လာခဲ့သည့် ညကကဲ့သို့အဘကို အချုပ် ခန်းထဲ ပြန်ထည့်ခြင်းဖြစ်သည်။
လွန်ခဲ့သည့်ညက အချုပ်သားတွေကို အဘကနိုင်ငံရေးတရားဟောသည်။ စစ်အာဏာ ရှင်စနစ်အောက်က အဖိနှိပ်ခံလူထုဘ၀ကို မီးမောင်းထိုးပြသည်။ ပြီးတော့ငါတို့တတိုင်းတပြည် လုံး စည်းလုံးညီညွတ်မှုကိုတည်ဆောက်ပြီး ၁၃၀၀ ပြည့်နှင့် ၈၈ ကဲ့သို့အရေးတော်ပုံကြီး တခု လုပ်ရမည်။ ဒီတခါ လူထုအစိုးရကို မဖြစ်မနေထူထောင်ရမည်ဟုဆိုသည်။ အချုပ်သားများမှာ ကြပ်ညှပ်အသက်ရှူမ၀သည့် အကျဉ်းသားဘ၀ကို မေ့ထားပစ်ကြ။ နိုးကြားတက်ကြွနေခဲ့ကြ သည်။ သေနတ်စစ်တပ်နဲ့ အာဏာသိမ်းတော့ အစိုးရတော့ဖြစ် လာမှာမဟုတ်ဘူး၊ ဓါးမြပဲဖြစ် မယ်ဟု အဘကပြောသောအခါ “ဟုတ်တယ် ... အဘပြောတာ ဟုတ်တယ်” ဟု ဟစ်ကြွေး လိုက်ကြသည်။
ဘောလယ်ကျွန်းဘက်မှ ဓါးပြခေါင်းဆောင် သာခင်က အဘကိုလေးစားကြည်ညိုကာ အဘကိုပုဆိုးဖြင့် ယက်ခပ်ပေးသည်။ တညလုံးအဘကိုပြုစုသည်။ အဘက ဓါးမြခေါင်းဆောင် ကို လူမှုစနစ်ဆိုးကြောင့် မင်းတို့ဟာသားကောင်ဖြစ်ရတာ။ မင်းကဟောဒီစနစ်က တွန်းပို့လို့ ဓါး ပြဖြစ်လာခဲ့ရတာဟု တရားပြသည်။ လူ့သွေးထဲမှာဓားမြဖြစ်စေတဲ့ သွေးတစက်မှမပါလာခဲ့ဘူး။ မွေးရာပါဓါးမြသွေးဆိုတာ လူ့လောကမှာမရှိဘူးကွဲ့ဟု အဘကပြောသည်။ ထိုပထမညက အဘကိုသာခင်ထိုင်၍ ဦးညွှတ်ကန်တော့်ခဲ့လေသည်။
အဘမှာ အချုပ်ခန်းထဲတွင် လှောင်ပိတ်မောကြပ်အသက်ရှူမ၀ဖြစ်လာသဖြင့် ကုက္ကိုအောက်သို့ ထိုစဉ်က ပို့ခဲ့ခြင်းဖြစ်သည်။ ယခုအချုပ်ခန်းထဲသို့ အဘပြန်ရောက်လာသော အခါ ဓါးပြခေါင်းဆောင်သာခင်သည် တက်တခေါက်ခေါက်ဖြင့် အဘကို ဖေးမပြုစုသည်။ ခဏကြာ သည့်အခါအကျဉ်းထောင်သံတိုင်ကြားမှ ကုန်း၍ဟစ်လေတော့သည်။
“ငါဓါးပြဗိုလ်ပဲ ... ငါ့မှာထောင်အပြင်တန်းမရှိဘူးဟေ့ ကျေးဇူးရှင်လယ်သမားတွေနဲ့ ငါ့ အဘကို စော်ကားတဲ့ကောင်တွေ ငါနဲ့တွေ့မယ်...မင်းတို့ပုလိပ်တွေကော အာဏာလုယူထားတဲ့ ကောင်တွေကော သတိသာထားပေတော့ ...”
ဒေါသမီးတောက်ဖြင့် ကျိန်းဝါးနေစဉ် အချုပ်ခန်း၏အပြင်ဘက်တွင် သေနတ်သံတချက် ထွက်ပေါ်လာသည်။ အချုပ်ထောင်ကို ပဲ့တင်ထပ်သွားစေသည့် ပုလိပ်၏သေနတ်သံ။ အတွဲ လိုက်စိပ်၍ ထွက်လာသည်။
“လယ်သမားတွေကို ချက်ခြင်းလွှတ်ပေး၊ စစ်အာဏာသိမ်းဓါးမြတွေ ကျဆုံးပါစေ ... ကျဆုံးပါစေ”
တောင်းဆိုဟစ်ကြွေးသံက သေနတ်သံကို ဆက်လက်လွှမ်းမိုးနေခဲ့သည်။ တချို့လူထု မှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ တိုးတိုက်မိသဖြင့် ယိမ်းယိုင်ပြိုလဲမတတ်ဖြစ်သွားသည်။ မြေးမကလေးသင်းမြက ငိုရင်းဟစ်ကြွေးရင်း မောဆို့နေသောအဖွားကို ဖက်ပွေ့ထား လေ သည်။ အဖွားက လဲပြိုမကျရန်၊ မတ်မတ်ရပ်နိုင်ရန် ကြိုးစားရင်း လယ်သမားတွေကို ချက်ခြင်း လွှတ်ပေး ဆိုကာ ဟစ်ကြွေးနေလျက်။ ။
အေးမြနှင်းရည်
ဇွန်၊ ၁၄၊ ၂၀၀၇ Labels: အက်ဆေး/၀တ္ထုတို |
posted by thitsarforce @ 8:27 AM  |
|
|
|
|